စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများ ယခု လဆန်းပိုင်းအတွင်း အစုလိုက်အပြုံလိုက် နုတ်ထွက်မှုများ ပြုလုပ်လာကြောင်း သိရသည်။
စစ်ကိုင်းမြို့နယ်ရှိ အာဏာသိမ်း စစ်ကောင်စီခန့် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ ဇန်နဝါရီ ၃၀ ရက် နောက်ဆုံးထား ပြီး နုတ်ထွက်ကြရန်နှင့် နုတ်ထွက်ခြင်း မရှိသော အုပ်ချုပ်ရေးမှူးများနှင့် မိသားစုများ၏ အသက်အိုးအိမ်၊ စည်းစိမ်များ ထိ ခိုက်ပျက်စီးနိုင်ကြောင်း ဇေယျာညီနောင် အထူးပြောက်ကျားအဖွဲ့က ဇန်နဝါရီ ၂ ရက်တွင် သတိပေးစာ ထုတ်ပြန်ခဲ့ ပြီးနောက် ထိုသို့ နုတ်ထွက်လာကြခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။
ဇေယျာညီနောင် အထူးပြောက်ကျားအဖွဲ့၏ ထုတ်ပြန်ချက်တွင် သတ်မှတ်ရက် ကျော်လွန်သည်အထိ ဆက်လက် တာဝန် ထမ်းဆောင်နေမည့် အုပ်ချုပ်ရေးမှူးများအား စာရင်းပြုစု၍ တဦးမကျန် သုတ်သင်ရှင်းလင်းသွားမည် ဖြစ်ကြောင်း၊ သတိပေးချက်အပေါ် အထူးအလေးဂရုပြုကြရန်နှင့် သတ်မှတ်ရက်အတွင်း ရာထူးမှ နုတ်ထွက်ခြင်း မပြုပါက မည်သည့်နေ ရာအထိ တိမ်းရှောင်ပုန်းအောင်းသည်ဖြစ်စေ လိုက်လံ သုတ်သင်ရှင်းလင်းခံရမည် ဖြစ်ကြောင်း သတိပေးထားသည်။
စစ်ကိုင်းမြို့နယ် အုပ်ချုပ်ရေးပိုင်းမှ အမည်မဖော်လိုသူ တဦးက “လဆန်းပိုင်းက စပြီးတော့ အုပ်ချုပ်ရေးမှူးကနေ အနားယူပါရစေလို့ ထွက်စာတင်လာတာ ၂၀ လောက်ထိ ရှိတယ်။ မြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌကို တိုက်ရိုက် အသိပေးစာ ပို့တာတွေပေါ့။ သူတို့ ထွက်စာတင်တဲ့ အပေါ်မှာတော့ ခွင့်ပြု တယ်၊ မပြုဘူး ဆိုတာတော့ မသိရသေးပါဘူး။ အများစုကတော့ အသက်အန္တရာယ်ကို ထိခိုက်လာမှာ ကြောက်တဲ့စိတ်ကြောင့် အခုလို နုတ်ထွက်စာတွေ တင်လာကြတာ” ဟု ပြောသည်။
စစ်ကိုင်းမြို့နယ်အတွင်းရှိ ဆင်တပ်ကျေးရွာ၊ ရွှေလှေကျေးရွာများမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများနှင့် ပြည်တော်သာ ကျေးရွာအုပ်ချုပ်ရေးမှူး၏ ဇနီးနှင့်သမီး၊ ပါယ်ငါးဆယ်ရွာမှ စစ်ကောင်စီသတင်းပေး အုပ်ချုပ်ရေးမှူးဟောင်း၊ သ လွန်ဖြူရွာမှ ပျူစောထီး ၂ ဦး၊ ဆင်မြေရွာမှ စစ်ကောင်စီသတင်းပေးတို့ သတ်ဖြတ်ခံရပြီးနောက် ယခုကဲ့သို့ အစုလိုက် အပြုံလိုက် နုတ်ထွက် လာကြခြင်း ဖြစ်သည်ဟုလည်း ဒေသခံများက ဆိုသည်။
ဆင်မြေကျေးရွာ ဒေသခံတဦးက “ဆင်မြေရွာက ဒလန်စိန်တုံး ဆိုင်းတောင်ထိ လိုက်ပြီး အသတ်ခံရပြီးတဲ့နောက် သူ့တပည့် ဒလန်မြင့်အောင်လည်း ၇ ရက်နေ့ ညပိုင်းက မိသားစု ၃ ယောက် အတူအိပ်နေတဲ့အချိန် သူ့တယောက်ထဲကို ခေါ်ထုတ်ပြီး အသတ်ခံလိုက်ရတယ်။ ဇေယျာညီနောင်အဖွဲ့က လုပ်တာလို့ သိရတယ်။ အဲဒီလို ဖြစ်စဉ်တွေကြောင့် ပါယ်ငါးဆယ်ကျေးရွာက ဒလန်လို့ နာမည် ထွက်နေတဲ့ ကျော်ကိုကိုထိုက်ဆိုတဲ့သူက အုပ်ချုပ်ရေးမှူး ခန့်တာ မဟုတ်ပါဘူး။ သူက အေးအေးဆေးဆေး နေတဲ့သူပါ ဆိုပြီး လော်ကြီးနဲ့ ရွာထဲပတ်ပြီး ကြေညာခဲ့တာမျိုးတွေ ရှိတယ်” ဟု ပြောသည်။
အုပ်ချုပ်ရေးမှူးအဖြစ်မှ နုတ်ထွက်ကြောင်း တရားဝင် စာတင်လာသူများအနက် လူမှုကွန်ရက်စာမျက်နှာထက် ပြန့်လာ သော စာရင်းအရ တဲကြီးလက်ပံသာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်နိုင်၊ ရာအိမ်မှူး ဦးအောင်ထွန်း၊ သဖန်း သာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသက်ခိုင်စိုး၊ နောက်ကြည့်ကျွန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမြင့်အေး၊ ဝါးချက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုးလွင်၊ ရွာသစ်ကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမြစိန်၊ မအူပင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအေးလွင်၊ မြင်းဆည်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်အုံးတို့ ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ကိုင်းပြင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်၊ ဆင်မြေကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးညွန့်သင်း၊ မောင်းထောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခင်ဇော်၊ တဲကြီးအရှေ့တာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသိန်းဌေး၊ မူးသာကျေးရွာအုပ်စု၊ ဒေါင်းမကျေးရွာအုပ်စုနှင့် ညောင်ပင်ဝန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ မင်းလမ်း ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ပြုံး၊ ပါယ်ငါးဆယ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့လည်း ပါဝင်ကြောင်း သိရသည်။

အဆိုပါ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများ အနေဖြင့် နုတ်ထွက်စာ တင်ကြရာတွင် ကျန်းမာရေး ကောင်းမွန်မှု မရှိခြင်း ကြောင့် တာဝန်မှ နုတ်ထွက်ခွင့်ပြုရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ တင်ပြထားသည်ကို တွေ့ရသည်။
ညောင်ပင်ဝန်းကျေးရွာ ဒေသခံတဦးက “အခုလို နုတ်ထွက်ကြတာ သူတို့အတွက် ကောင်းတာပေါ့။ ကိုယ့်အသက်အန္တရာယ်ထက် ကျန်တာက ဘာမှ အရေးမကြီး ဘူးလေ။ အခုက ကိုယ်ဖြစ်ကိုယ်ခံပဲ။ စကစတပ်တွေတောင် အလူးအလဲ ခံနေရတာဆိုတော့ ကာကွယ်ပေးနိုင်ဖို့ဆိုတာ အဝေးကြီး။ လက်ရှိ ဖြစ်နေတဲ့ အခြေအနေတွေကြောင့် အကြောက်တရားလည်း ပါသလို ဆက်မလုပ်သင့်ဘူးလို့ မိသားစု ဝင်တွေရဲ့ ဖိအားတွေလည်း ပါနိုင်တယ်” ဟု ပြောသည်။
စစ်ကိုင်းမြို့နယ်တွင် မြို့ပေါ်ရပ်ကွက် ၃၄ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၇၆ အုပ်စုထိရှိရာ ၂၀၂၂ ဇန်နဝါရီ ၁၁ ရက်ထိ နုတ်ထွက်စာ တင်ထားသည့် အုပ်ချုပ်ရေးမှူးပေါင်း ၅၀ ကျော် ရှိလာပြီ ဖြစ်ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းအတွင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များက စစ်ကောင်စီ၏ အုပ်ချုပ်ရေး ယန္တရား၊ ဒေါက်တိုင်များကို ဖြိုဖျက် သည့် အနေဖြင့် သတင်းပေး (ဒလန်) များ၊ စစ်ကောင်စီခန့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် ပျူစောထီးများကို ပစ်ခတ်လုပ်ကြံမှုများ၊ စစ်ကောင်စီ စစ်ကြောင်းများအား မိုင်းဆွဲခြင်းနှင့် ပြောက်ကျားတိုက်ခိုက်မှုများကို အရှိန်မြင့် လုပ်ဆောင်လျက် ရှိသည်။
ထို့အတူ စစ်ကောင်စီဘက်ကလည်း ကျေးရွာများ၊ လမ်းများအား ပိတ်ဆို့၍ ရှာဖွေစစ်ဆေးခြင်း၊ ပစ်ခတ်ခြင်း၊ ရပ်ရွာများ အား ဝင်ရောက်စီးနင်း ပစ်ခတ်ခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ရဟတ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ အရပ်သား ပြည် သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခြင်း၊ ကျေးရွာများအတွင်း တပ်စွဲထားခြင်းများ ပြု လုပ်လျက် ရှိသည်။
You may also like these stories:
မိုးလုံးပြည့် မုသာဝါဒ သို့မဟုတ် စစ်ကောင်စီ၏ မသေသပ်သော ဝါဒဖြန့်ချိရေး ဓာတ်ပြားဟောင်း
အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင် စိတ်လွတ်ကိုယ်လွတ် ဖြစ်နေပြီ
မြန်မာစစ်တပ်၏ လုပ်ဇာတ်များအား လျှော့ချခြင်း