ရခိုင်ပြည်နယ်၊ အနောက်ဘက်ခြမ်း၊ မောင်တောမြို့နယ်အတွင်း ရိုဟင်ဂျာကယ်တင်ရေးတပ်မတော်(ARSA)အဖွဲ့ ဝင် ရောက်လှုပ်ရှားမှုကြောင့် ဒေသခံများ စိုးရိမ်မှုမြင့်တက်လျက် ရှိကြောင်း သိရသည်။
၂၀၁၇ခုနှစ် မောင်တောအရေး နောက်ပိုင်း ဘင်္ဂလားနယ်စပ်၌ ခြေကုပ်ယူထားသည့် ARSA သည် မြန်မာဘက်သို့ မကြာ ခဏစိမ့်ဝင် လှုပ်ရှားလာနေရာ ဒီဇင်ဘာ ၇ရက်က ခုန်တိုင်ရွာမှ မြိုတိုင်ရင်းသား ၂၀ကျော် ဝါးခုတ်သွားစဉ် သေနတ်နှင့် ပစ် ခံခဲ့ရပြီးနောက် ယခုနှစ်ဆန်းပိုင်း မောင်တောနယ်မြေအတွင်းဟု ယူဆရသည့် နေရာတွင် အာဆာလက်နက်ကိုင်များ စစ်ရေးလှုပ်ရှားနေသည့် ရုပ်သံဖိုင်အွန်လိုင်းပေါ်တွင် ပေါ်လာရာ ဒေသခံများ စိုးရိမ်မှု ပိုမိုလာခြင်းဖြစ်သည်။
ယင်းရုပ်သံဖိုင်တွင် ယူနီဖောင်းအပြည့်အစုံနှင့် ခေါင်းဆောင်အာတာအူလာအား တပ်ဖွဲ့ဝင်များနှင့်အတူ စစ်ရေးပြကွင်းတွင် လေ့ကျင့်နေသည့် မြင်ကွင်းလည်းပါသလို တခြားထိပ်ပိုင်းခေါင်းဆောင်များဖြစ်သည့် ဘာသာရေးဆရာ မော်လနာမုစ် တော့နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ခံယူထားပြီး မွတ်စလင်နိုင်ငံများသို့ မကြာခဏသွားတတ်သူ ဖော်ဇော်ကော်ဘီရ်တို့ ၃ ဦး ကိုလည်း ဗွီဒီယိုထဲတွင် တွေ့မြင်ရသည်။
အဆိုပါ ARSA အဖွဲ့ ခိုအောင်း စစ်ရေးပြသည့် နေရာကို အတိအကျ ပြောရန်ခက်သော်လည်း ၎င်းတို့ စစ်ရေးပြကွင်း အပြင်အဆင်နှင့် အသုံးအဆောင် ပစ္စည်းတချို့ကို ကြည့်၍ မောင်တောနယ်စပ် တနေရာဖြစ်ကြောင်း ဧရာဝတီ သတင်း ရင်းမြစ်တချို့က သုံးသပ်သည်။
ဒီဇင်ဘာ ၇ ရက်က တောတွင်းဝါးခုတ်သွားသည့် ရွာသားများ ပစ်ခတ်ခံရဖြစ်စဉ်နှင့် ပတ်သက်၍ ခုန်တိုင်ကျေးရွာ အုပ်ချုပ် ရေးမှူး ဦးမောင်လှက “ကျနော်တို့ ရွာသား ၂၃ ယောက် ဝါးသွားခုတ်တဲ့အချိန် သူတို့အဖွဲ့လာတာနဲ့ တည့်တည့်တိုးသွား တာ။ ပထမဆုံး ရှေ့ဆုံးကမြင်တဲ့လူက ကုလားဆိုးတွေ လာတယ်ဆိုပြီး အော်ပြီး ထွက်ပြေးတယ်။ အဲဒီမှာ တခါတည်း သေနတ်နဲ့ လိုက်ပစ်တာလို့ ပြောတယ်။ ကျနော်တို့ ရွာသားတယောက်တော့ သေနတ်ဒဏ်ရာ ရလာတာ ရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ပစ်ခတ်ခံရသည့်နေရာမှာ ခုန်တိုင်ရွာနှင့် ၂မိုင်ခန့်ဝေးသည့် “လဘော်ချောင်း” တောင်ခြေတွင် ဖြစ်ပြီး၊ ဒဏ်ရာရသူမှာ မောင်တောပြည်သူ့ဆေးရုံတွင် တက်ရောက် ဆေးကုသမှုခံယူနေရကာ ရွာသားများ အနေဖြင့် ဝမ်းရေးအတွက် အနီး ဝန်းကျင်သို့ မသွားရဲကြတော့ကြောင်း ဒေသခံများက ပြောသည်။
ဒေသခံတဦးက “အခုဖြစ်တာက တယောက်စ၊ နှစ်ယောက်စ တောထဲသွားလို့ ဖြစ်တာ မဟုတ်ဘူး။ ရွာသား ၂၀ ကျော် လောက် စုဝေးပြီး သွားတာတောင်မှ သေနတ်နဲ့ အပစ်ခံရတာဆိုတော့ ကျနော်တို့ ရွာသားတွေ စိုးရိမ်တာကတော့ မပြော နဲ့တော့။ ဟင်းခူးငါးရှာ ဘယ်မှမသွားရဲကြတော့ဘူး။ အားလုံးသတိထားပြီးတော့ နေကြရတယ်” ဟုဆိုသည်။
ယင်းဖြစ်ပွားမှုကို နယ်မြေခံ နယ်ခြားစောင့်ရဲစခန်းများနှင့် ကြိမ်ချောင်းနယ်ခြားစောင့်ရဲတပ်ဖွဲ့ဌာနချုပ်ထံ သွားရောက် တိုင်တန်းထားသကဲ့သို့ ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်များကလည်း ကျေးရွာသို့ လာရောက်ပြီး စစ်ဆေးချက်များ ရယူသွားကြောင်း ဒေသခံများက ပြောသည်။
ထိုသို့ ARSA လှုပ်ရှားမှုများ ရှိလာသည့်အတွက် မောင်တောမြို့နယ်၊ ခမောင်းဆိပ်ကျေးရွာအနီး ဒေသတဝိုက်တွင် လမ်းပြင် နေသော ဆောက်လုပ်ရေး လုပ်ငန်းရှင်တဦးကလည်း ပြီးခဲ့သည့် ရက်ပိုင်းက လုပ်ငန်းများယာယီနားထားပြီး ဝန်ထမ်း များ ကိုလည်း ပြန်လည်ခေါ်ယူထားကြောင်း ၎င်း၏ ပြောပြချက်အရ သိရသည်။
မောင်တောဒေသခံ ဦးကိုလတ်ကလည်း နယ်မြေတည်ငြိမ်နေချိန်တွင် ယခုလို ARSA အဖွဲ့ လှုပ်ရှားမှု ရှိလာသည့်အပေါ် ဒေသခံ ရခိုင်တိုင်းရင်းသားများနည်းတူ မွတ်စလင်ရွာသားများလည်း စိုးရိမ်မှု ရှိနေသည်ဟု ဆိုသည်။
“အာဆာအဖွဲ့ ပျောက်သွားကတည်းက ကျနော်တို့နယ်မြေမှာ အေးချမ်းတယ်လို့ ပြောလို့ရတယ်။ ရခိုင်နဲ့ မွတ်စလင်ကြား မှာလည်း အားလုံး အေးအေးဆေးဆေးပဲ။ အခုလှုပ်ရှားမှုတွေ ရှိလာတော့ ဒေသခံရခိုုင်တွေ ကြားမှာလည်း အရင်လိုဖြစ် မှာကို စိုးရိမ်တယ်။ ပွင်းလင်းရာသီဆိုပေမယ့် အခု စိုက်ပျိုးရေးလုပ်တဲ့လူတွေ၊ စပါးသိမ်းတဲ့လူတွေက လူပြတ်တဲ့ နေရာ တွေကို ဖြတ်ပြီးတော့၊ တရွာနဲ့တရွာ သွားပြီးတော့ အလုပ် မလုပ်ရဲကြတော့ဘူး” ဟု ၎င်းက ပြောသည်။
အလားတူ မောင်တောဒေသခံ မွတ်စလင်ကျေးရွာလူကြီး တဦးကလည်း “ကျနော်တို့ စိုးရိမ်တာက အရင်လို ဖြစ်မှာကိုပဲ။ အာဆာအဖွဲ့ တခုခုလုပ်တာနဲ့ ကျနော်တို့ပါ ရောပြီးခံရမှာကို စိုးရိမ်တယ်။ ကျနော်တို့က အခုအချိန်မှာ အေးအေးချမ်းချမ်းနဲ့ နေချင်တယ်။ ကျနော်တို့ ဘယ်အဖွဲ့နဲ့မှလည်း ပတ်သက်မှုမရှိဘူး” ဟု ပြောဆိုသည်။
သို့သော် မောင်တောမြို့ခံ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းလှစိန်ကမူ ARSA အဖွဲ့ လှုပ်ရှားမှုကြောင့် ဒေသခံများ သတိဖြင့် နေထိုင်နေရသော်လည်း ယခင်ကဲ့သို့သော ကြီးမားသည့် တိုက်ခိုက်မှုများ ရှိလာနိုင်မည့် အခြေအနေ မရှိကြောင်း သုံးသပ်သည်။
၎င်းက “ဒေသခံတွေ အနေနဲ့ အသွားအလား သတိတော့ထားရတာပေါ့။ ဒါပေမဲ့လည်း အခုအခြေအနေမှာ အရင်လို ပုံစံ မျိုး အလစ်အငိုက် ဝင်တိုက်ပြီး ကြီးကြီးမားမား တိုက်ခ်ိုက်မှုမျိုးတော့ မလုပ်နိုင်တော့ဘူး။ ဒီဘက်မှာလည်း လုံခြုံရေးတွေ အင်အားဖြည့်တင်းပြီးတော့ အားလုံးချထားတာ ရှိတယ်လို့ သိရတယ်” ဟု ပြောသည်။
မောင်တောမြို့နယ်အတွင်း ARSA အပါအဝင် နယ်မြေလုံခြုံရေး အခြေအနေနှင့်ပတ်သက်ပြီး မေးမြန်းရန် စစ်ကောင်စီ၏ ပြည်နယ်ကောင်စီဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရနှင့် ဒေသအာဏာပိုင်များထံ ဧရာဝတီက အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။
ပြီးခဲ့သည့် ၂၀၂၁ မတ်လ ၅ ရက်တွင် မောင်တောနယ်စပ် မိုင်တိုင်အမှတ် (၄၅) အနီးဝန်းကျင်၌ ခြံစည်းရိုးကာရန် ပစ္စည်း များ တင်ဆောင်နေသည့် မော်တော်ယာဉ် ၁ စီးအား ARSA အဖွဲ့က တိုက်ခိုက်ရာ အမှတ် (၉၄၂) ဆောက်လုပ်ရေး အင် ဂျင်နီယာတပ်ရင်းမှ ဒုအရာခံဗိုလ် သက်ထွန်းအောင်နှင့် အရပ်သားအလုပ်သမားများ ဖြစ်ကြသည့် ကိုဌေးဝင်း၊ ကိုစံရန်း တို့ ၃ ဦး သေဆုံးခဲ့သည်။
ရိုဟင်ဂျာကယ်တင်ရေးတပ်မတော်ဟု အမည်ပေးထားသည့် ARSA အဖွဲ့ဝင်များသည် တဖက်နိုင်ငံဘက်ခြမ်းမှ မောင်တော မြို့ နယ်အတွင်းရှိ ခမောင်းဆ်ိပ်၊ ဝေလာတောင်နှင့် တမန်းသား အထက်တို့တွင် ဝင်ရောက်လှုပ်ရှားပြီး မေယုတောင်ကြော ၌လည်း သင်တန်းများဖွင့်ကာ တပ်ဖွဲ့ဝင်များအား စုဆောင်းခြင်း၊ မွတ်စလင်ကျေးရွာ တချို့သို့ ဝင်ရောက်ပြီး အဓမ္မ ဆက် ကြေးများ ကောက်ခံမှုများ ရှိကြောင်းလည်း ဒေသတွင်း မကြာခဏဆိုသလို သတင်းများ ထွက်ပေါ်လျက် ရှိသည်။
၂၀၂၀ ဒီဇင်ဘာ ၉ ရက်ကလည်း မောင်တောမြို့နယ်၊ မင်္ဂလာညွန့် ကျေးရွာသား ၁ ဦးသည် ယင်းကျေးရွာအနီး ဝေလာ တောင်ကျေးရွာသို့ ဆိုင်ကယ်ဖြင့် သွားရောက်စဉ် ARSA အဖွဲ့နှင့်တွေ့၍ ထွက်ပြေးလာခဲ့ရပြီး ၎င်း၏ ဆိုင်ကယ်မှာ မီးရှို့ခံခဲ့ရကြောင်း ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက ပြောသည်။
အလားတူ ၂၀၂၀ နိုဝင်ဘာ ၁၇ ရက်ကလည်း မောင်တောမြို့နယ်၊ ခရေမြိုင်ရွာမှ ရွာသားများသည် မြို့နယ်အတွင်းရှိ သာယာကုန်းရွာတွင် ပြုလုပ်သည့် ဘုံကထိန်ပွဲသို့ ကားဖြင့် သွားရောက်ခဲ့စဉ် ARSA အဖွဲ့၏ မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် ၃ ဦး သေဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။
ARSA အဖွဲ့သည် ၂၀၁၆ခုနှစ် အောက်တိုဘာ ၉ ရက်တွင် အမှတ် (၁) နယ်ခြားစောင့်ဌာနချုပ် (ကျီးကန်းပြင်)နှင့် ကိုးတန် ကောက်ရဲစခန်း၊ ငါးခူရ ရဲစခန်းတို့ကို ဝင်ရောက် တိုက်ခိုက်ခဲ့သည့်အတွက် ရဲတပ်ဖွဲ့ဝင် ၉ ဦး သေဆုံးခဲ့ပြီး လက်နက်မျိုးစုံ ၄၈ လက်နှင့် ကျည်မျိုးစုံ ၆၆၂၄ တောင့် ဆုံးရှုံးခဲ့ကြောင်း အစိုးရက အကြမ်းဖက်မှုဖြစ်စဉ် နောက်ပိုင်းတွင် သတင်း ထုတ်ပြန်ထားသည်။
၂၀၁၇ခုနှစ် သြဂုတ် ၂၅ ရက်ကလည်း ARSA အဖွဲ့သည် ကိုဖီအာနန် အကြံပေးကော်မရှင်၏ နောက်ဆုံးအစီရင်ခံစာ ထွက်ပေါ် လာချိန်တွင် နယ်ခြားစောင့်တပ်စခန်း ၃၀ ကို တပြိုင်တည်း တိုက်ခိုက်ခဲ့ပြီး နိုင်ငံတကာ၏ အာရုံစူးစိုက်မှုကို အချိန်ကိုက် ရယူခဲ့သည်။
အဆိုပါ ၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့သော မောင်တောအရေးအခင်း ကာလအတွင်း စစ်တပ်၏ နယ်မြေရှင်းလင်းမှုကြောင့် မွတ်စလင်ကျေးရွာ အမြောက်အမြား မီးလောင်ကျွမ်းခဲ့ပြီး သိန်းချီသော မွတ်ဆလင် ကျေးရွာသားများမှာလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံခဲ့ရာ လက်ရှိအချိန်အထိ ပြန်လည်နေရာချထားနိုင်ခြင်း မရှိသေးပေ။