ပြည်တွင်းဈေးကွက်တွင် ရွှေနှင့် အမေရိကန်ဒေါ်လာဈေးများ ယခုရက်ပိုင်း အတက်အကျကြမ်းနေသကဲ့သို့ လောင်စာဆီမှာ လည်း ပြတ်လပ်သွားသဖြင့် စက်သုံးဆီဈေးနှုန်းများပါ မြင့်လာနေကြောင်း စုံစမ်းသိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၁ ရက်က အခေါက်ရွှေ ၁ ကျပ်သားလျှင် ကျပ် ၁၈သိန်း ၂ သောင်းကျော် ရှိရာမှ ယနေ့တွင် ကျပ် ၁၈ သိန်း ၅ သောင်းကျော်အထိ မြင့်တက်ခဲ့သလို ပြည်တွင်းငွေကြေးဈေးကွက်တွင်လည်း အမေရိကန်ဒေါ်လာမှာ ၁ ဒေါ်လာ လျှင် ၁၈၀၀ကျပ် ဝန်းကျင်မှ ယနေ့ ကျပ် ၂၀၃၀ အထိ မြင့်လာခဲ့သည်။
ထို့ပြင် လောင်စာဆီဈေးကွက်တွင်လည်း စက်သုံးဆီ ပြတ်လပ်သွားခြင်းနှင့်အတူ အမေရိကန်ဒေါ်လာဈေးပါ မြင့်တက် သဖြင့် ဇန်နဝါရီ ၁ ရက်မှ စကာ ဈေးနှုန်းများ မြင့်တက်လာရာ ဇန်နဝါရီ ၁၂ ရက်တွင် အောက်တိန်း (၉၂) ၁ လီတာ ၁၄၀၀ ကျော်၊ အောက်တိန်း (၉၅) ၁ လီတာ ကျပ် ၁၅၀၀ ကျော်နှင့် ဒီဇယ် ၁ လီတာ ကျပ် ၁၄၀၀ ကျော်အထိ ရှိလာကြောင်း စက်သုံးဆီ အရောင်းဆိုင်များမှ သိရသည်။
“အခု တပတ်အတွင်းမှာ တရက်ကို ကျပ် ၂၀၊ ၃၀ နဲ့ တက်လာတာ စက်သုံးဆီ ၁ လီတာကို ကျပ် ၁၀၀ ကျော်လောက် တက်လာတယ်။ ပြည်တွင်းမှာက အခု စက်သုံးဆီပြတ်နေသလို ဒေါ်လာဈေးကလည်း ဒီနေ့ဆိုရင် ၂၀၂၅ ကျပ်လောက် ဖြစ်သွားတော့ ဈေးတက်လာတာ။ သင်္ဘောလိုင်းတွေက ဝင်မလာသေးတော့ လောလောဆယ် ဆီက ပြတ်နေအုံးမယ် ထင်တယ်” ဟု စက်သုံးဆီ ရောင်းဝယ်ရေး လုပ်ငန်းရှင်တဦးက ဧရာဝတီသို့ ပြောသည်။
စစ်အာဏာသိမ်းပြီးနောက် မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းပြီး အမေရိကန်ဒေါ်လာဈေး မြင့်လာရာ ဗဟိုဘဏ်က ၁ ဒေါ်လာ လျှင် ၁၇၇၈ ကျပ်နှင့် ရောင်းပေးသော်လည်း အလုပ်မဖြစ်ဘဲ ပြင်ပဈေးကွက် တခုတည်းကိုသာ မူတည်၍ သွားနေရသဖြင့် ဒေါ်လာဈေးတက်လျှင် ရွှေနှင့် စက်သုံးဆီ ဈေးနှုန်းများပါ အားလုံးပါလိုက်၍ မြင့်တက်လာသဖြင့် ဈေးအတက်အကျ ကြမ်း နေခြင်း ဖြစ်ကြောင်း သိရသည်။
ယနေ့တွင်လည်း စစ်ကောင်စီ၏ ဗဟိုဘဏ်က ဒေါ်လာဈေး တက်နေခြင်းကို ထိန်းရန်အတွက် ရည်ရွယ်ပြီး နိုင်ငံခြားငွေ ဈေးပြိုင်လေလံဖြင့် အမေရိကန်ဒေါ်လာ ၁၅ သန်းကို ငွေလဲလှယ်နှုန်း ၁ ဒေါ်လာလျှင် ၁၇၇၈ ကျပ်ဖြင့် ပြည်တွင်းဘဏ်များသို့ ရောင်းချခဲ့ကြောင်း ထုတ်ပြန် ကြေညာသည်။
သို့သော် အဆိုပါ ဒေါ်လာများသည် ဈေးကွက်သို့ ရောက်ရှိလာခြင်း မရှိဘဲ ၎င်းတို့နှင့် နီးစပ်ရာ အသိုင်းအဝိုင်းအတွင်း၌သာ လက်သိပ်ထိုး ရရှိကြလေ့ရှိကြောင်း ဒေါ်လာ ဝယ်ရောင်းသမားများက ပြောဆိုသည်။
ထို့ပြင် လက်ရှိ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများသည် အရောင်းအဝယ်ပေါ် မူတည်ပြီး အတက်၊ အကျ ကြမ်းသလို နေ့စဉ် ပြောင်း လဲ ဖြစ်ပေါ်နေသော နိုင်ငံရေး အခြေအနေများပေါ်တွင်လည်း မူတည်နေသည်ဟု ပြင်ပဒေါ်လာ ဝယ်ရောင်းသမားတဦးက ပြောသည်။
၎င်းက “ဒေါ်လာဈေးက ၂၀၃၀ ပေါက်ပြီး အခု ပြန်ဆင်းနေပြီ။ ကျပ် ၂၀၁၀ အထိ ပြန်ဆင်းပြီးတော့ ရပ်သွားတယ်။ မနေ့က စပြီး အလွန့်အကျွံ ပြန်တက်တာ။ မနေ့နဲ့ ဒီနေ့ပေါင်းရင် စုစုပေါင်း ကျပ် ၅၀၊ ၆၀ လောက် တက်သွားတာ ရှိတယ်။ ဘဏ် အလိုက်တော့ ကွာတာပေါ့နော်။ မနက်က ၁ ဒေါ်လာ ၂၀၃၀ ကျပ်နဲ့ ဖွင့်ပြီးတော့ ၂၀၂၈ ကျပ်လောက်နဲ့ အရောင်းအဝယ် လုပ်တယ်။ ညနေမှာတော့ ၂၀၁၀ ကျပ်လောက်အထိတော့ ပြန်ကျတယ်ဆိုပေမယ့် ဈေးက ကျတယ်၊ တက်တယ် မဟုတ် ဘဲနဲ့ အဝယ်အရောင်းတွေ တက်သွားတာ။ မနက်ဖြန် ဘယ်ဈေးဖွင့်မယ်လို့တော့ ပြောလို့မရဘူး” ဟု ဆိုသည်။
ထိုကဲ့သို့ အမေရိကန်ဒေါ်လာဈေးနှုန်းများ ရုတ်တရက် မြင့်တက်လာခြင်းမှာ ဈေးကွက်အတွင်း ပို့ကုန်တင်ပို့မှု ရငွေ ရှားပါး ခြင်း၊ နိုင်ငံရေးမတည်ငြိမ်ခြင်းနှင့် အဝယ်လိုက်ခြင်းတို့ကြောင့် မြင့်တက်လာခြင်းဖြစ်ပြီး ယနေ့ ညနေပိုင်း အရောင်းအဝယ် ရပ်တန့်သွားခြင်းမှာ နိုင်ငံခြားဘဏ်များနှင့် ပြည်တွင်း၌ ငွေကြေးထိန်းချုပ်မှုများ ရှိလာသဖြင့် ရပ်သွားခြင်း ဖြစ်သည်ဟု လည်း ၎င်းက ရှင်းပြသည်။
လက်ရှိ အခြေအနေအရ အတက်ဘက်တွင်သာ ရှိနေနိုင်ကြောင်း ဒေါ်လာရောင်းဝယ်ရေး လုပ်ငန်းရှင်များက သုံးသပ်ထား ပြီး ယခုဖြစ်ပေါ်နေသော မြန်မာ့စီးပွားရေး ပြဿနာများသည် စီးပွားရေးမူဝါဒများအရ ဖြေရှင်းနိုင်ရန် လုံးဝ မဖြစ်နိုင်သည့် အခြေအနေတွင် ရှိနေပြီး နိုင်ငံရေးအပြောင်းအလဲ တခုခုဖြစ်မှသာ ပြန်လည်တည်ငြိမ်စရာ ရှိကြောင်း စီးပွားရေးလုပ်ငန်း ရှင်များက သုံးသပ်ပြောဆိုထားသည်။