သတင်း

မန္တလေးတိုင်း ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ တိုင်းအဆင့်အယူခံ ထပ်တက်မည်

အာဏာသိမ်း စစ်ကောင်စီ၏ တရားစီရင်ရေးဖြင့် ထောင်ဒဏ် အသီးသီး ချမှတ်ခံထားရသော မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် တိုင်းအစိုးရအဖွဲ့ ဝန်ကြီးများအတွက် တိုင်းအဆင့်သို့ ထပ်မံ၍ အယူခံ တင် သွင်းသွားမည် ဖြစ်ကြောင်း သိရသည်။

ဝန်ကြီးချုပ်နှင့် ဝန်ကြီးများအား မြို့နယ်အဆင့်က ချမှတ်ထားသည့် အမိန့်များအပေါ် ခရိုင်အဆင့် အယူခံ ဝင်ခဲ့သော်လည်း ပယ်ချခံရသဖြင့် တိုင်းအဆင့်ထိ ထပ်မံတက်ရခြင်း ဖြစ်ကြောင်း အကျိုးဆောင်အဖြစ် လိုက်ပါ ဆောင်ရွက်ပေးနေသည့် ရှေ့နေအဖွဲ့က ဆိုသည်။

ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် အစိုးရအဖွဲ့ ဝန်ကြီးများကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅(ခ)၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မများဖြင့် မန္တလေးခရိုင်အတွင်းရှိ မြို့နယ်အဆင့် တရားရုံးများက အမိန့်ချမှတ်ခဲ့ သည့်အပေါ် ဒီဇင်ဘာ ၂၇ ရက်က မန္တလေးခရိုင်တရားရုံးသို့ အယူခံတင်သွင်းခဲ့ရာ နေ့ချင်း ပယ်ချခံခဲ့ရသည်။

“ခရိုင်က ပယ်ချလိုက်လို့ တိုင်းအဆင့်တက်ဖို့ စီစဉ်နေတယ်။ တိုင်းအဆင့်ကို တက်ဖို့အတွက် အဆင်သင့် ဖြစ်နေပါပြီ။ လကုန်ပိုင်းလောက် တင်ဖြစ်မယ်။ ဘာကြောင့် တိုင်းအဆင့်ကို တက်ရတာလဲဆိုတော့ အထက်ရုံး အဆင့်ဆင့်ကနေ ဘယ် လို ဆုံးဖြတ်မလဲဆိုတာ သိချင်တာက အဓိက ရည်ရွယ်ချက်ပဲ” ဟု လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေအဖွဲ့က ပြော သည်။

ဒေါက်တာဇော်မြင့်မောင်နှင့် ဝန်ကြီးများအား ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅(ခ)၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှု ဥပဒေပုဒ်မများဖြင့် ဒီဇင်ဘာ ၈ ရက်တွင် မန္တလေးဗဟိုအကျဉ်းထောင် (အိုးဘို) အထူးတရားရုံးက အမိန့်ချမှတ်ခဲ့ခြင်း ဖြစ် သည်။

ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အား ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(ခ)နှင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅/၃၀(က) တို့ဖြင့် တရားစွဲထားမှုကို စုစုပေါင်း ထောင်ဒဏ် ၄ နှစ် ကျခံစေရန်နှင့် ပုဒ်မ ၅၀၅(ခ) အတွက် ချုပ်ရက်ခံစားခွင့် မရှိကြောင်း အမိန့်ချထားသည်။

ဒေါက်တာဇော်မြင့်မောင် အနေဖြင့် မန္တလေးတိုင်းတရားလွှတ်တော်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မများ ဖြင့် အမှု ၅ မှု၊ အမရပူရမြို့နယ်တရားရုံးနှင့် အောင်မြေသာစံမြို့နယ်တရားရုံးများတွင် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စများနှင့် ပတ်သက်၍ စွဲဆိုထားသည့် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၇၁ (စ)/ ၁၃၀ (က) အမှုများကိုလည်း ဆက်လက် ရင်ဆိုင်နေရ ဆဲ ဖြစ်သည်။

ထို့ပြင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်း၊ လျှပ်စစ် စွမ်းအင်နှင့် ဆောက်လုပ်ရေး ဝန်ကြီး ဦးဇာနည်အောင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) တိုင်းအတွင်းရေးမှူး ဦးတင်ကိုကိုတို့အား မဟာအောင်မြေမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ အောင်မြေသာစံမြို့နယ် တရားရုံးများတွင် စွဲဆိုထားသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှု ဥပဒေများဖြင့် ထောင်ဒဏ် ၂ နှစ်စီ ကျခံစေရန် အမိန့်ချထားသည်။

အလားတူ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးမျိုးသစ်၊ စည်ပင်သာယာရေးဝန်ကြီး၊ မြို့တော်ဝန် ဒေါက်တာရဲလွင်တို့ကိုလည်း ချမ်းအေးသာစံမြို့နယ်၊ အောင်မြေသာစံမြို့နယ် တရားရုံးများတွင် စွဲဆိုထား သည့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ် ၂ နှစ်စီ ကျခံစေရန် အမိန့်ချထားသည်။

အယူခံဝင်ခွင့်များအတွက် မြို့နယ်အဆင့် အမိန့်ချမှတ်ထားမှုကို ခရိုင်အဆင့်သို့ တက်လိုလျှင် ရက်ပေါင်း ၃၀ အတွင်း၊ ခရိုင်အဆင့်မှ အမိန့်ချမှတ်ထားမှုကို ပြည်နယ်/တိုင်း အဆင့်သို့ တက်လိုလျှင် ရက်ပေါင်း ၆၀ အတွင်း၊ ပြည်နယ်/တိုင်း အဆင့်မှ ပြည်ထောင်စုသို့ တက်လိုလျှင် ရက်ပေါင်း ၉၀ အတွင်း အယူခံ တက်ခွင့်ရှိကြောင်း သတ်မှတ်ထားသည်။

Loading