သတင်း

ကယားစစ်ရှောင်များ၏ နေအိမ်များကို အာဏာသိမ်းတပ် ဖောက်ထွင်းခိုးယူ

ကယား (ကရင်နီ) ပြည်နယ် လွိုင်ကော်မြို့ပေါ်တွင် တိုက်ပွဲများကြောင်း ဒေသခံများ နေရပ်စွန့်ခွာ တိမ်းရှောင်သွားပြီး နောက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များအပါအဝင် လူတချို့က နေအိမ်များနှင့် ဆိုင်ခန်းများအား ဖျက်ဆီး ဖောက်ထွင်းကာ ခိုးယူနေကြကြောင်း ဒေသခံများထံက သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၈ ရက်မှစ၍ စစ်ကောင်စီတပ်နှင့် ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သဖြင့် လွိုင်ကော်မြို့ပေါ်တွင် နေထိုင်သူများက နေအိမ်များကို စွန့်ခွာကြကာ တိမ်းရှောင်နေ ကြခြင်း ဖြစ်သည်။

စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ကားများဖြင့် အရှေ့မှ နေ၍ အရပ်ဝတ်နှင့် လူများမှ နောက်က လိုက်ကာ နေအိမ်များမှ တန်ဖိုးကြီး ပစ္စည်းများအား လိုက်လံ ယူဆောင်နေခြင်း ဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောသည်။

မျက်မြင်တွေ့ရှိသူတဦးက “လမ်းမကြီးဘေးဆို ကားနဲ့တောင် လိုက်ခိုးတယ်။ ကျမတို့မှာ တပူပေါ် နှစ်ပူဆင့်နဲ့ လူလွတ်ရင်ပြီးပြီပေါ့ဆိုပြီး တွေးကြ တော့တယ်။ စစ်ကောင်စီက အရှေ့က ကာပြီးတော့ နောက်ကနေ အရပ်ဝတ်တွေနဲ့က လိုက်ယူတာတွေလည်း ရှိတယ်။ ဒီလောက် ဒုက္ခရောက်နေတဲ့အချိန်မှာ လုပ်ရက်တယ်လို့ တွေးမိတယ်” ဟု ပြောသည်။

ဒီးမော့ဆိုမြို့နယ် အမှတ် ၅ လမ်းမကြီးရှိ ဆိုင်ခန်းတခုအတွင်းမှ ပစ္စည်းများအား ယခုရက်ပိုင်းအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ဝင်ရောက်ကာ စားစရာများနှင့် တန်ဖိုးရှိပစ္စည်းများအား ယူဆောင်သွားသည်ကို ကြားသိရကြောင်း ဒေသခံများက ဆိုသည်။

ဒီးမော့ဆို ဒေသခံတဦးက “ဆိုင်ခန်းတံခါးတွေကို ဖျက်ပြီးတော့ ဆိုင်က စားစရာ သောက်စရာတွေကို ဖောက်စားပြီး ယူသွားတယ်။ ဆေးတွေတော့ ထားခဲ့တယ်။ ကျန်တဲ့ တန်ဖိုးရှိတာတွေကိုလည်း သယ်သွားသေးတယ်။ ကျနော်တို့မှာ ရှေ့က ပြေးရတယ်။ နောက်က အခိုးခံရတယ်” ဟု ပြောသည်။

နေအိမ်များ စွန့်ခွာထွက်ပြေးခဲ့ကြရပြီး ပုန်းခိုနေကြရသည့် ပြည်သူများ (ဓာတ်ပုံ – FBR Karenni)

ထိုကဲ့သို့ လွိုင်ကော်မြို့တွင်ရှိသည့် ပြည်သူများ၏ ဆိုင်ခန်းများ၊ လူနေအိမ်များကို ဖျက်ဆီး၍ အဖိုးတန်ပစ္စည်းများ ခိုးယူ ခံရခြင်းနှင့် ပတ်သက်၍ အတတ်နိုင်ဆုံး ကာကွယ်စောင့်ရှောက်သွားမည် ဖြစ်ကြောင်းနှင့် သူခိုးဓားပြများကို ပြင်းထန် စွာ အရေးယူသွားမည်ဟုလည်း လွိုင်ကော် ပြည်သူ့ကာကွယ်ရေးတပ်မှ ထုတ်ပြန်ထားသည်။

ဒီးမော့ဆို ဒေသခံ အမျိုးသမီးတဦးက “၁၀ ရက်နေ့က ပြေးလာတာပဲ။ ကျမတို့ဆို ၂ ဆင့်ရှိသွားပြီ။ ဒီးမော့ဆိုကနေ လွိုင်ကော်ကို လာနေတာ ၃ လကျော်။ အခု လွိုင်ကော်ကနေ ထပ်ပြေးရတယ်။ အစကတော့ မသွားတော့ဘူး။ အနီး အနားမှာပဲ နေမလားဆိုပြီး စဉ်းစားပေမယ့် ကလေးတွေလည်းရှိသေးတော့ မရောက် ရောက်အောင် ပြေးခဲ့ရတာပဲ။ ပူပင်ရတာတော့ အကုန်လုံးပါပဲ။ ပြီးခဲ့တဲ့ ၁ နှစ်လောက်ကမှ ဝပ်ရှော့လုပ်ငန်းလေး လုပ်မယ်ဆိုပြီး ပစ္စည်းတွေ ဝယ် ထားတယ်။ အကြွေးတောင် မကျေသေးဘူး။ အခုတော့ ဒါတွေက သယ်မရ ပြုမရနဲ့ ထားခဲ့ရပြီပေါ့။ ပြေးလာရ ပြီဆို တော့ ခိုးသွားကြပြီလား ရှိသေးလား မပြောတတ်ဘူး။ ကံပေါ့” ဟု ပြောသည်။

အရပ်သားနေအိမ်များ ဖျက်ဆီးဖောက်ထွင်းခံရမှုများ (ဓာတ်ပုံ – FBR Karenni)

ကယားပြည်နယ် လွိုင်ကော်မြို့တွင် စစ်ကောင်စီတပ်များနှင့် ဒေသ ကာကွယ်ရေးတပ်များကြား တိုက်ပွဲများ ပြင်းထန် စွာ ဖြစ်ပွားနေပြီး စစ်ကောင်စီမှ လေကြောင်းမှတဆင့် တိုက်ခိုက်မှုများကို ယနေ့ မနက်ပိုင်းအထိ ပြုလုပ်နေကြသည့် အတွက် နေအိမ် စွန့်ခွာထွက်ပြေးသည့် ပြည်သူ အများအပြား ရှိနေကြောင်း သိရသည်။

လွိုင်ကောမြို့မှ စစ်ရှောင်ပြည်သူတဦးက “ပြေးကြတယ် နေလို့ မရဘူးဆိုတော့ အဲဒီမှာနောက်မှာ ကျန်ခဲ့တဲ့သူတွေက ဝင်ခိုးနဲ့ တပူပေါ် နှစ်ပူဆင့် ဖြစ်နေတယ်။ ကျမတို့မှာ စစ်ဘေးရှောင်ဖို့အတွက် ကား ၃ ဆင့် စီးရတယ်။ တဆင့်ပြီး တဆင့်နဲ့ အခုတော့ ရှမ်းပြည်ရောက်သွားပြီ။ အိမ်ဆောက်ထားတာမှ ၂ နှစ်လောက်ပဲ ရှိသေးတယ်။ ပစ္စည်းတွေကို သူများတွေက ကားတွေ ရှိတော့ ရွှေ့နိုင်တယ်။ ကျမတို့က မရွှေ့နိုင်ဘူး။ ဒါပေမယ့် ပစ္စည်းတွေ ပါသွားလည်း ကံတရားပဲ လူလွတ်အောင်ပဲ ပြေးလာရတယ်” ဟု ပြောသည်။

အရပ်သားနေအိမ်များ ဖျက်ဆီးဖောက်ထွင်းခံရမှုများ (ဓာတ်ပုံ – FBR Karenni)

ထိုသို့ တိုက်ပွဲများကြောင့် လွိုင်ကော်နှင့် ဒီးမော့ဆိုတွင် နေထိုင်သည့် ပြည်သူများသည် အိုးအိမ်များကို စွန့်ခွာကာ ရှမ်းပြည်နယ်နှင့် တခြားဆွေမျိုးများရှိရာနေရာဒေသများသို့ သွားရောက် ခိုလှုံနေကြရကြောင်း သိရသည်။

အာဏာသိမ်း စစ်တပ်သည် ကယားပြည်နယ်တွင်သာမက စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ် အပါအဝင် ၎င်းတို့စစ်ဆင်ရေးပြုလုပ်ရာ နေရာဒေသများတွင် လူထု၏ နေအိမ်များကို ဖျက်ဆီးတာ၊ အဖိုးတန်ပစ္စည်းများကို ဖောက်ထွင်းခိုးယူတာ၊ နေအိမ်ရှိ စားနပ်ရိက္ခာများကို ဖျက်ဆီးခဲ့တာ စသည့်လုပ်ရပ်များကို နေရာအနှံ့ကျုးလွန်နေလျှက်ရှိသည်။

You may also like these stories:

ကလေး ဟားခါးလေးရွာတွင် စစ်တပ်က သတ်ဖြတ်ထားသည့် ရုပ်အလောင်း ၂ လောင်းတွေ့

စစ်ရေးတင်းမာနေသည့် ကယားပြည်နယ် အခြေအနေ

Loading