သတင်း

ထောင်ဒဏ်ချမှတ်ခံရသည့် ပိုင်တံခွန် အမှုအား အယူခံဝင်မည် မဟုတ်

အင်းစိန်ထောင်တွင်း တရားရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် အမိန့် ချမှတ်ခံခဲ့ရသည့် သရုပ်ဆောင် ပိုင်တံခွန်၏ ၅၀၅-က အမှုနှင့် ပတ်သက်ပြီး အယူခံဝင်သွားမည် မဟုတ်ဟု ၎င်း၏ရှေ့နေနှင့် မိသားစုထံက သိရသည်။

ပိုင်တံခွန်၏ အမှုအား လိုက်ပါ ဆောင်ရွက်ပေးနေသူ ဥပဒေအကြံပေး ရှေ့နေ ဦးခင်မောင်မြင့်က “ပိုင်တံခွန် မိသားစုနဲ့ ဆွေးနွေး ဖြစ်ပါတယ်။ မိသားစုအနေနဲ့တော့ ပြောမယ်ဆိုရင် အယူခံဆက်တင်ဖို့ ဆန္ဒမရှိဘူး ဆိုတဲ့အတွက် သူ့အမှု အတွက် ကျနော်တို့ အယူခံ မတင်တော့ပါဘူး” ဟု ဧရာဝတီကို ပြောသည်။

သရုပ်ဆောင် ပိုင်တံခွန်အား ၂၀၂၁ ခုနှစ်၊ ဧပြီလ ၈ ရက်က ရန်ကုန်မြို့ရှိ မြောက်ဒဂုံ နေအိမ်တွင် စစ်ကောင်စီအဖွဲ့က ဖမ်းဆီးခဲ့ကြခြင်း ဖြစ်ပြီး၊ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ပါဝင်ခြင်း၊ လူမှုကွန်ရက် စာမျက်နှာကို အသုံးပြု၍ ဆန့်ကျင် လှုံ့ဆော်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ဟုဆိုကာ ပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဆီး ထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။

ပိုင်တံခွန်၏ မိခင်က “ဘာဖြစ်လို့ အယူခံ မဝင်တာလဲဆို အလှဆုံး ပြောရရင် ကိုယ့်သားက ဘာအမှားမှ မလုပ်ခဲ့တဲ့အတွက် အယူခံဝင်စရာ မလိုဘူး။ တတိုင်းပြည်လုံးနဲ့ တန်းတူ အန်တီ့ ကလေးက လုပ်ခဲ့တယ်။ အဲဒီအတွက် သူတို့ အမိန့်ချတယ်။ အချိန်ကျရင်တော့ ပိုင်တံခွန်ကို မေတ္တာ စေတနာနဲ့ ဘယ်နေ့ ထွက်လာမလဲဆိုတာ အန်တီ မျှော်နေတယ်” ဟု ဧရာဝတီကို ပြောသည်။

၎င်းက ဆက်၍ “သားလေးကို အပြစ် မပြောရက်ဘူး။ အန်တီ့သားလေး လုပ်တာက အကုန်အများအတွက် လုပ်ခဲ့တာပဲ” ဟု ဆိုသည်။

ပိုင်တံခွန်အား ယင်းကဲ့သို့ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် အမိန့်ချမှတ်ခဲ့ပြီး နောက်တရက် ဒီဇင်ဘာလ ၂၈ ရက်တွင် TC Candler ၏ ၂၀၂၁ ခုနှစ်အတွင်း ကမ္ဘာ့အချောဆုံး အမျိုးသား အယောက် ၁၀၀ စာရင်း၌ နံပါတ် ၁ နေရာ ရွေးချယ် ဖော်ပြခံခဲ့ရသည်။

ပိုင်တံခွန်၏ မိခင် ဒေါ်ကြူက “ကိုယ့်သားအကြောင်း ပြောရင် မျက်ရည်ပေါက် ကျတာပေါ့။ ဒီလို ဖော်ပြခံရတော့ ဝမ်း သာတာပေါ့။ ဘာနဲ့မှ လဲလို့ မရတာလေ။ ဒီဝမ်းသာမှုက ဘယ်အရာနဲ့မှ လဲလို့ မရတဲ့ဘဝပါ။ ဂုဏ်ယူတာပေါ့။ ဒီနေ့ထိ သူ ထောင်ထဲမှာ နေရပေမယ့် သူ့မိဘကို ထမင်းမငတ်အောင်၊ မိဘ အသက်ရှည်အောင် လုပ်ပေးတဲ့ သားအတွက် ရူးမတတ်ကို ဝမ်းသာတယ်။ ဒီနေ့ ဒီချိန်ထိ မနေ့ တနေ့ကလိုပဲ ဝမ်းသာပီတိပေါ့” ဟု ဆိုသည်။

ပိုင်တံခွန်၏ လက်ရှိ ကျန်းမာရေး အခြေအနေသည် ကောင်းမွန်သည်ဟု သိရပြီး၊ မိခင်ကိုသာ ကျန်းမာရေး ဂရုစိုက်ရန်နှင့် မိခင်အား ၎င်းနှင့် ပတ်သက်၍ မျက်ရည်မကျရန် မှာကြောင်း ပိုင်တံခွန်၏ မိခင်က ဧရာဝတီသို့ ပြောပြသည်။

အသက် ၅၇ နှစ်အရွယ် ဒေါ်ကြူသည် ကိုဗစ် တတိယလှိုင်းတွင် ကိုဗစ်ရောဂါ ခံစားခဲ့ရပြီး၊ ပိုင်တံခွန် အင်းစိန်ထောင်တွင်း ရောက်နေစဉ် ခြေထောက် ခွဲစိတ်မှု ပြုလုပ်ထားကာ ယခုအခါမှာတော့ လမ်းပြန် လျှောက်နိုင်၍ ပြန်လည် သက်သာ လာပြီဟု ဆိုသည်။

ပိုင်တံခွန်၏ မိခင်က “သားကို မျှော်နေကြတဲ့သူတွေ သား ပြန်လာမှာပါလို့။ အန်တီက နေ့တိုင်း ဘုရားပန်းလဲတိုင်း မျှော်နေတာ။ သားလေး လွတ်လာမယ့်နေ့ကို နေ့တိုင်း မျှော်နေတယ်။ ကိုယ့်သားလေး လွတ်လာ တော့မယ်ဆိုတဲ့ ယုံကြည်ချက်ကတော့ အန်တီ့ရင်ထဲမှာ အပြည့် ဖြစ်နေတယ်။ ကံတရားရဲ့ စီမံချက်ကို သူခံပြီးရင်တော့ သူပြန်လာမယ်လို့ ယုံကြည်နေတယ်။ ဘာမှတော့ အမှားအယွင်း မဖြစ်စေချင်ဘူး” ဟု စိတ်မကောင်း စွာဖြင့် ရှင်းပြသည်။

You may also like these stories :

သရုပ်ဆောင် ပိုင်တံခွန်ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် ချမှတ်

စစ်ကောင်စီ အဓမ္မဖမ်းဆီး ထောင်ချခဲ့တဲ့ ကမ္ဘာ့ အချောဆုံး မော်ဒယ်

Loading