နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့အပေါ် အာဏာသိမ်းစစ်ကောင်စီက အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှု ၅ မှုထပ်မံတရားစွဲဆိုလိုက်ကြောင်း အထူးသီးသန့်တရားရုံးနှင့် နီးစပ်သူတဦးထံကသိရသည်။
ယင်းသို့ အဂတိမှု ၅ မှုနှင့် ထပ်မံတရားစွဲဆိုခြင်းမှာ လူမှုဝန်ထမ်းကယ်ဆယ်ရေးဝန်ကြီးဌာနက သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကူညီကယ် ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ကယ်ဆယ်ရေးရဟတ်ယာဉ်တစီး ဝယ်ယူခဲ့သည့်ကိစ္စနှင့် ပတ်သက်ကြောင်း သိရသည်။
ယင်းအတွက် ဒေါ်အောင်ဆန်းစုကြည်အပေါ် အဂတိမှုဖြင့်စွပ်စွဲကာ စစ်ကောင်စီက တရားစွဲဆိုမှု ၁၀ မှုအထိ ရှိလာခဲ့ပြီဖြစ်ပြီး သမ္မတ ဦး ဝင်းမြင့်အပေါ် အဂတိမှုဖြင့် စွပ်စွဲတရားစွဲဆိုမှုမှာ ပထမဆုံးအကြိမ်ဖြစ်သည်။
ယနေ့တွင် ဒေါ်အောင်ဆန်းစုကြည်အပေါ် အဂတိမှုဖြင့် တရားစွဲဆိုထားသည့်အမှုများထဲမှ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းစီမံကိန်းများအတွက် မြေနေရာချမှုနှင့် ပတ်သက်ပြီး စွပ်စွဲကာတရားစွဲထားသည့် အဂတိမှု ၃ မှုအား နေပြည်တော်ရှိ အထူးသီးသန့်တရားရုံးတွင် ထုတ်ရုံးစစ် ဆေးခဲ့ပြီး တရားလိုပြသက်သေအဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ စာရင်းစစ်ချုပ် ဒေါ်ခင်မာချိုအား စစ်ဆေးခဲ့သည်။
စစ်ကောင်စီက ထပ်တိုးတရားစွဲဆိုသည့် အဂတိမှုများနှင့် ပတ်သက်၍မူ လာမည့် ဇန်နဝါရီ ၂၁ ရက်နေ့အား ပြန်လည်ချိန်းဆိုထားပြီး ရှေ့နေပါဝါတင်ခြင်းနှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအား မြေနေရာချထားပေးမှုများအား ဆက်လက်စစ်ဆေးမည်ဖြစ်သည်။
ယင်းသို့ ရုံးထုတ်စစ်ဆေးရာတွင် နောက်ထပ်တရားလိုပြသက်သေတဦးအနေဖြင့်လည်း ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၊ အလုပ်အမှု ဆောင်အဖွဲ့ဝင် ဒေါက်တာသန့်သော်ကောင်းအား စစ်ဆေးရန် ခေါ်ယူထားကြောင်းသိရသည်။
ဒေါက်တာသန့်သော်ကောင်းသည် ထင်ရှားသည့် စာကြည်တိုက်ပညာရှင် ဦးသော်ကောင်း၏ မြေးဖြစ်ပြီး ၎င်းကိုယ်တိုင်းလည်း ပြည်သူ့ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုဂ္ဂလိကအဖွဲ့အစည်းတခုဖြစ်သည့် Myanmar Book Aid and Preservation Foundation(MBAPF)၏ အမှုဆောင်အရာရှိအဖြစ် ဆောင်ရွက်ခဲ့သူဖြစ်သည်။
အဂတိမှုများထဲမှ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဦးဖြိုးမင်းသိန်းထံမှ ရွှေ ၇ ပိဿာနှင့် ဒေါ်လာ ၆ သိန်းရယူခဲ့သည်ဟုစွပ်စွဲကာ တရားစွဲဆိုထားသည့် အမှုအား ဆက်လက်စစ်ဆေးခြင်းမရှိဘဲ ရပ်ဆိုင်ထားသည်မှာ ၁ လခန့်ရှိနေပြီး အထူးသီးသန့်တရားရုံးအနေဖြင့် ယင်းအမှုအား မည်သည့်အတွက် ဆက်လက်စစ်ဆေးရန် ခေါ်ယူခြင်းမရှိသည်ကို မသိရသေးပေ။
ယင်းအမှုတွင် တရားလိုပြသက်သေအဖြစ် တရားရုံးရှေ့ထွက်ဆိုစေခဲ့သည့် ဦးဖြိုးမင်းသိန်း၏ ကိုယ်ရေးအရာရှိနှင့် ဒေါ်အောင်ဆန်းစု ကြည်၏ အိမ်အကူတို့မှာ ဦးဖြိုးမင်းသိန်းအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အား ရွှေနှင့်ဒေါ်လာများ ပေးအပ်သည်ကို သိရှိခြင်းမရှိကြောင်း ထွက်ဆိုထားကြသည်ဟု တရားရုံးနှင့် နီးစပ်သူများထံက သိထားရသည်။
လက်တလောတွင် စစ်တပ်အာဏာသိမ်းကတည်းက ဖမ်းဆီးချုပ်နှောင်ခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-ခ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ နှစ်မှု၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇၊ ပို့ကုန်သွင်းကုန်ဥပ ဒေပုဒ်မ ၈ တို့ဖြင့် ထောင်ဒဏ် ၈ နှစ်ချမှတ်ခံထားရသည်၊
ယင်းအပြင် သမ္မတဦးဝင်းမြင့်သည်လည်း သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-ခ တို့ဖြင့် ထောင်ဒဏ် ၄ နှစ်ချမှတ်ခံထားရသည်။
ယင်းသို့ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့အပေါ် ချမှတ်ထားသည့် ထောင်ဒဏ်များထဲမှ ၂ နှစ်စီအား လျော့ပေါ့ပေးကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကြေညာထားသည်။
ယင်းအပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့အပေါ် ရွေးကောက်ပွဲဆိုင်ရာ မသမာမှုစွပ်စွဲချက်များဖြင့်လည်း အမှုဖွင့်ထား ပြီး ရုံးတင်တရားစွဲခြင်းရှိမရှိ မသိရသေးပေ။
သီးခြားအနေဖြင့်လည်း ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် စီးပွားရေးအကြံပေး ပါမောက္ခရှောင်တာနယ်၊ စီမံ/ဘဏ္ဍာဝန်ကြီး ၃ ဦးနှင့်အတူ အစိုးရလျှို့ ဝှက်ချက်အက်ဥပဒေပုဒ်မ ၃-၁(ဂ)ဖြင့် တရားစွဲဆိုထားမှုကိုလည်း ရင်ဆိုင်ရလျှက်ရှိပြီး ထောင်ကျပုံစံဝတ်စုံဖြင့် ရုံးချိန်း တက်နေရသည်။