မန္တလေးမြို့တွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက လုံခြုံရေးပိုင်းဆိုင်ရာ အကြောင်းပြချက်ဖြင့် ဖမ်းဆီး၊ စစ်ဆေးမှုများ၊ အတင်းအကြပ်ရှာဖွေမှုများ ဆက်တိုက်ပြုလုပ်နေကြောင်း မြို့ခံများထံမှ စုံစမ်း သိရှိရသည်။
ဇန်နဝါရီ ၄ ရက်နေ့ နောက်ပိုင်းမှ စ၍ စစ်တပ်၊ ရဲတပ်ဖွဲ့တို့က ဦးဆောင်ကာ မန္တလေးမြို့အနှံ့ ပြုလုပ်နေခြင်းဖြစ်သလို ရိုက်နှက်ဖမ်းဆီးခြင်းများလည်း ပြုလုပ်နေကြကြောင်း သိရသည်။
ပုသိမ်ကြီးမြို့နယ် ကျောက်မီးကျေးရွာမှ ကျပန်းအလုပ်သမားတဦးက “ကျနော်နေတာက ကျောက်မီးမှာ အလုပ်က မန္တလေးကိုသွားပြီး လုပ်ရတာဆိုတော့ မနက် ၇ နာရီလောက်ဆိုရင် အိမ်က ထွက်တယ်၊ အရင်ရက်တွေကတော့ အောင်ပင်လယ် တိုးဂိတ်လောက်ပဲ အဓိကထား စစ်တာခံရတယ်၊ အခုရက်ပိုင်းထဲမှာ အနည်းဆုံး ၅ နေရာလောက် အစစ်ခံရတယ်၊ သူတို့က အဓိက ဆိုင်ကယ်တွေကို ပိုစစ်ကြတာ” ဟု ပြောသည်။
စစ်ဆေးမှုပြုလုပ်စဉ် လူငယ်တဦးအား ပါးရိုက်နေမှုကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ တဦးကလည်း “အခုစစ်နေတာ ဦးထုတ်မဆောင်း၊ လိုင်စင် စစ်တာတွေအပြင် နေရာတော်တော်များများမှာ ခပ်စိပ်စိပ် စစ်နေတာမျိုးပေါ့၊ ဆိုင်ကယ်တူး ဘောက်တွေကို ဖွင့်စစ်တဲ့အခါ ကျောက်လှည့်တို့ ဘာတို့ ထည့်ထားတာတွေ့ရင် ကံဆိုးပြီလို့သာ မှတ်ပေတော့၊ ဆိုင်ကယ်တခုခုဖြစ်ရင် အရေးပေါ်သုံးဖို့တွေ ဘာတွေ နားမလည်ဘူး၊ ရိုက်တာ နှက်တာတွေထိ လုပ်ကြတာ”ဟု ပြောသည်။
မန္တလေးမြို့တွင် ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့ နောက်ပိုင်းမှ စတင်ကာ စစ်ကောင်စီနှင့် ဆက်နွယ်သည့်နေရာများတွင် ပေါက်ကွဲမှုများ နေ့စဉ်ဖြစ်ပေါ်နေပြီး စစ်သားနှင့် ရဲများက ရှာဖွေစစ်ဆေးမှုများကို ယခင်ထက် ပို၍ လုပ်ဆောင်နေခြင်း ဖြစ်သည်။
ထိုသို့ စစ်ဆေးရာတွင် မော်တော်ယာဉ်နှင့် ဆိုင်ကယ်များကို အသေးစိတ်စစ်ဆေးခြင်းများအပြင် အိတ်များ၊ လက်ကိုင်ဖုန်း များကိုပါ စစ်ဆေးခြင်းများ ရှိသလို ဆိုင်ကယ်တစီး အမျိုးသားနှစ်ဦး အတူစီးလျှင် နေရာတွင် ဒဏ်ငွေဆောင်ခိုင်းခြင်း များကို လည်း ပြုလုပ်နေကြသည်ဟု မြို့ခံများက ဆိုသည်။
ပြည်ကြီးတံခွန်မြို့နယ်တွင် နေထိုင်သူ ကုမ္ပဏီဝန်ထမ်းတဦးက “အလုပ်သွားချိန်ဆိုတာ တော်တော် စောသေးတယ်လို့ ပြောရမှာပေါ့နော်၊ အရင်ကတော့ အလုပ်သွားချိန်ဆို စစ်ဆေးတာ မျိုးတွေ အတော်နည်းတယ်၊ ကျနော့်ဆိုင်ကယ်နဲ့ ညီအစ်ကိုနှစ်ယောက် အလုပ်သွားကြတာကို တားပြီး စစ်တာ အကုန်စုံ တော့ ယောကျာ်းလေးနှစ်ယောက် အတူစီးလို့ဆိုပြီး ၃ သောင်း ဒဏ်ငွေဆောင်ရမယ်ဆိုလို့ ကျနော်နေခဲ့ရပြီး ညီလေးကို အိမ် ပြန် ပိုက်ဆံယူခိုင်းခဲ့ရတယ်”ဟု ပြောသည်။
စစ်ဆေးမှုများ ပိုမို တင်းကြပ်၍ ဖမ်းဆီး ဒဏ်ရိုက်ခြင်းများ ပြုလုပ်နေခြင်းကြောင့်လည်း မန္တလေးမြို့ခံ အခြေခံလူတန်းစားများမှာ စားဝတ်နေရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် သွားလာရေး အခက်အခဲများ ရင်ဆိုင်နေကြရကြောင်း သိရသည်။
ချမ်းမြသာစည်မြို့နယ်မှ ပန်းရံ လုပ်သားတဦးက “အလုပ်သွားဖို့ အခက်အခဲရှိတော့ ဝင်ငွေ လျော့သွားတာပေါ့၊ သွားရေးလာရေးအတွက် ဆိုင်ကယ်လေးတစီးကို နှစ်ယောက် စီးသွားနေရာကနေ တယောက်ထဲ စီးရတာရယ်၊ ဆီဈေးတွေ တက်လာတာရယ်ဆိုတော့ တိုးမလာတဲ့ ဝင်ငွေကနေ ထပ်လျော့သွားတယ်၊ နှစ်ယောက်ပိုးစီးလို့ တွေ့ရင် ဒဏ်ရိုက်ခံရမှာဆိုးလို့ ဆိုင်ကယ်က တစီးပဲရှိတာဆိုတော့ အရင်က သားအဖနှစ်ယောက် အလုပ်ဆင်းတာကနေ အခုတော့ တယောက်ပဲ ဆင်းနိုင်တော့တာ၊ တချို့ ဆိုင်ကယ်မရှိတဲ့သူဆိုရင် သူများ နောက်က ကပ်လိုက်နေရာကနေ တင်မခေါ်ရဲကြတော့ အလုပ်လက်မဲ့တွေ ဖြစ်ကုန်ကြပြီ” ဟု ပြောသည်။
မန္တလေးမြို့သည် ဆိုင်ကယ်မြို့တော်ဟု တင်စားခေါ်ဆိုကြသည်နှင့်အညီ ဆိုင်ကယ်ကို အဓိကထား စီးနင်းနေကြသဖြင့် ယာဉ်မတော်တဆဖြစ်မှုများတွင်လည်း ဆိုင်ကယ်အများဆုံးဖြစ်သောကြောင့် ယခင်က ယာဉ်ထိန်းရဲတပ်ဖွဲ့က ဦးဆောင်၍ ရှောင်တခင်စစ်ဆေးခြင်းများကို အဖွဲ့ ၇ ဖွဲ့ဖြင့် ပြုလုပ်ခဲ့သည်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်သားနှင့် ရဲတပ်ဖွဲ့ဝင်များက ဦးဆောင်၍ ရှောင်တခင် စစ်ဆေးခြင်းများ ကို ရွေ့လျားစနစ်ဖြင့် လုပ်ဆောင်နေကြခြင်းဖြစ်သလို စစ်ကောင်စီခန့် တိုင်းအစိုးရအဖွဲ့က ရှောင်တခင် စစ်ဆေးသည့် အဖွဲ့တခုလျှင် ဆိုင်ကယ် ၁၀ စီးခန့် ဖမ်းဆီးရန် စီမံချက်ချ ဆောင်ရွက်နေခြင်းဟု အုပ်ချုပ်ရေးပိုင်းမှ အမည်မဖော်လိုသည့် သတင်းရင်းမြစ်တဦးက အတည်ပြုပြောပြသည်။
အမည်မဖော်လိုသူ သတင်းရင်းမြစ်တဦး က “ကျနော်တို့အနေနဲ့ မလုပ်ချင်ပေမယ့်လည်း လုပ်နေရတာ၊ အခုအစီအစဉ်ကို တိုင်းအစိုးရအဖွဲ့က စီမံချက်ချပြီးကို လုပ်နေ တာ၊ ကျနော်ပါတဲ့အဖွဲ့ဆိုရင်တော့ ဦးထုပ်ဆောင်းထားတယ်ဆို မတားဘဲ လွှတ်ပေးခိုင်းတာတွေ ရှိတယ်၊ ဒါကို ဖမ်းဆီးတာ နည်းလို့ ဆိုပြီး ခရိုင်အဆင့်အဖွဲ့ ပတ်ကားက ဆူတာ ငေါက်တာ ခံရသေးတယ်”ဟု ပြောသည်။
ထိုသို့ တားဆီးစစ်ဆေးရာတွင် ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်၊ လေးမျက်နှာဘုရားတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များက ဇန်နဝါရီ ၉ ရက်နေ့ ညပိုင်းတွင် လမ်းသွားလမ်းလာများကို ပိတ်ဆို့စစ်ဆေးခဲ့ရာ အမျိုးသားတဦးထံက လက်လုပ်သေနတ်၊ လက်ပစ်ဗုံး၊ ကျည်ဆံများ ဖမ်းဆီးရမိကြောင်း သတင်းထုတ်ပြန်ထားသည်။
ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့ နောက်ပိုင်းမှ၍ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မြို့နယ်ရုံး အပါအဝင် မြို့နယ်လျှပ်စစ်ရုံးဝင်းအတွင်း ဗုံးပေါက်ကွဲမှု၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် ကျုးရှင်းလင်းရေးရထား မန္တလေး-လာရှိုးရထားလမ်းပိုင်းတွင် မိုင်းဆွဲတိုက် ခိုက်ခံရခြင်း၊ အောင်မြေသာစံမြို့နယ်အတွင်းရှိ အောင်မြေသာစံရပ်ကွက် အုပ်ချုပ်ရေးမှုးရုံး၊ ပြည်ကြီးရန်လုံရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၊ ညောင်ကွဲရပ်ကွက် အုပ်ချုပ်ရေးမှုးရုံး၊ အမရဌာနီအနောက်ရပ်ကွက် အုပ်ချုပ်ရေးမှုးရုံးများ ဖောက်ခွဲ တိုက်ခိုက်ခြင်း ခံခဲ့ရသည်။
အလားတူ မန္တလေးတောင်ခြေရှိ တိုင်းလွှတ်တော်ရုံး ဝင်ပေါက်ဂိတ် ရဲကင်းအပါအဝင် သုံးနေရာတိုက်ခိုက်ခံရမှု၊ မဟာအောင် မြေမြို့နယ်အတွင်းရှိ ကျောက်ဝိုင်း၊ ပညာရေးမှုးရုံး၊ လျှပ်စစ်ရုံး၊ သံလျက်မှော်အနောက်ရပ်ကွက် အုပ်ချုပ်ရေးမှုးရုံး၊ စိန်ပန်းရပ်ကွက် အုပ်ချုပ်ရေးမှုးရုံးများ ဗုံးပေါက်ကွဲမှု၊ ချမ်မြသာစည်မြို့နယ်အတွင်းရှိ MIIT ကျောင်း၊ မြို့နယ်အခွန်ဦးစီးမှုးရုံး၊ မြရည်နန္ဒာဓာတ်အားခွဲရုံ ပေါက်ကွဲမှု၊ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ လဝကဦးစီးမှုးရုံး၊ ချမ်းအေးသာစံမြို့နယ်အတွင်းရှိ မြဝတီဘဏ်နှင့် အမရပူရမြို့နယ်အတွင်းရှိ OK စက်သုံးဆီဆိုင် ဗုံးပစ်ခံရမှုတို့ ဖြစ်ပွားခဲ့သည်။
အဆိုပါဖြစ်စဉ်များတွင် အဆောက်အဦ ထိခိုက်ပျက်ဆီးခြင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက် သေဆုံးခြင်းများနှင့်အတူ အုပ်ချုပ်ရေးမှုး၊ ရာအိမ်မှုး လေးဦးခန့်လည်း ထိခိုက် သေဆုံးခဲ့သလို ညောင်ကွဲအုပ်ချုပ်ရေးမှုးရုံးဖြစ်စဉ်တွင် စစ်ကောင်စီ တပ်၏ ရမ်းကားပစ်ခတ်မှုကြောင့် အသက် ၁၅ နှစ်အရွယ် မိန်းကလေးတဦး သေဆုံးခဲ့သလို အမျိုးသားနှစ်ဦးလည်း ကျည်မှန် ထိခိုက်ဒဏ်ရာ ရခဲ့သည်။
မန္တလေးမြို့တွင် ယနေ့အချိန်ထိ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ပြောက်ကျားဆန္ဒပြမှုများ ရှိနေဆဲဖြစ်သလို စစ်ကောင်စီ ယန္တယား ဒေါက်တိုင်များ၊ စစ်ကောင်စီခန့် အုပ်ချုပ်ရေးတာဝန်ရှိသူများ၊ သတင်းပေး ဒလန်များကို ပစ်ခတ်လုပ်ကြံခြင်းနှင့် ဖောက်ခွဲတိုက်ခိုက်ခံရမှုများ ဆက်တိုက် ဖြစ်ပွားနေရာ စစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့ဝင်များကလည်း ကျေးရွာများ၊ လမ်းများအား ပိတ်ဆို့၍ ရှာဖွေ စစ်ဆေး ဖမ်းဆီး ပစ်ခတ်မှုများကို ယခင်ထက် တိုးမြှင့် လုပ်ဆောင်နေလျက်ရှိသည်။