သတင်း

တင်းမရွာသားများ နေရပ်ပြန်ရန် အကြိမ်ကြိမ်တင်ပြသော်လည်း စစ်ကောင်စီ ခွင့်မပြု

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်းမှ စစ်ဘေးရှောင်စခန်းများတွင် လာရောက် ခိုလှုံနေသော တင်းမကျေးရွာ သားများ အနေဖြင့် ၎င်းတို့ကျေးရွာသို့ ပြန်နေထိုင်ရန် အကြိမ်ကြိမ် တင်ပြတောင်းဆိုသော်လည်း စစ်ကောင်စီက ခွင့်မပြုသဖြင့် အခက်အခဲ ကြုံနေရကြောင်း ကျေးရွာသားများက ပြောသည်။

တင်းမရွာသားများသည် နေရပ်ပြန်ပြီး လုပ်ကိုင်စားသောက်ရန်အတွက် ၂၀၂၁ ဧပြီမှ စတင်ပြီး အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ ပြည်နယ်ကောင်စီ၊ ကျောက်တော်မြို့ အခြေစိုက် အမှတ် ၉ စစ်ဆင်ရေးကွပ်ကဲမှု စစ်ဌာနချုပ်နှင့် တပ်မဌာနချုပ်များထံ အကြိမ်ပေါင်းများစွာ တင်ပြခဲ့သော်လည်း အကြာင်းပြန်ကြားခြင်း မရှိခဲ့ဟု ဆိုသည်။

ထို့အတွက် ပြီးခဲ့သည့် ဒီဇင်ဘာ ၂၇ ရက်က အာဏာသိမ်း စစ်ခေါင်းဆောင် အပါအဝင် ရခိုင်ပြည်နယ် နယ်စပ်ရေးရာ ဝန်ကြီး၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးများကို ထပ်မံတင်ပြခဲ့ကြောင်း၊ သို့သော် ယနေ့ အချိန်ထိ ခွင့်ပြုချက် မရရှိသေးကြောင်း တင်းမဆရာတော်က မိန့်သည်။

တင်းမဆရာတော်က “ကိုယ်တော်တို့ ရွာသားတွေ ရွာပြန်နိုင်ရေးအတွက် တင်ပြတာ အခုဆိုရင် ၆ ကြိမ်တိုင်တိုင် ရှိနေပြီ။ ဘာမှ အကြောင်းမပြန်ဘူး။
ပြည်နယ်ကောင်စီဝင် နယ်/လုံဝန်ကြီးဆီကို ကိုယ်တိုင်သွားတွေ့ရင်လည်း လုပ်ပေးမယ်၊ ညှိ နှိုင်းပေးမယ် ဆိုပြီးတော့ အခုအထိ ဘာအကြောင်းမှ မထူးဘူး” ဟု မိန့်ကြားသည်။

ကျေးရွာသားများ အနေဖြင့် စစ်ကောင်စီ၏ ခွင့်ပြုချက် မရသော်လည်း မိမိတို့သဘောဖြင့် မူလနေရပ်ပြန်ရန် စီစဉ်ခဲ့ ကြသော်လည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ကျေးရွာအနီးရှိ တောင်ရှည်တောင်တန်းတွင် မြို့တည်သကဲ့သို့ စစ်စခန်းများ တည်ဆောက်ထားပြီး ရွာသားများ မလာစေရန် မိုင်းပေါက်ကွဲသံများ ပြုလုပ်ကာ ခြိမ်းခြောက် ဟန့်တားထားကြောင်း ကျေးရွာသားများက ပြောသည်။

တင်မကျေးရွာ ရပ်မိရပ်ဖ တဦးဖြစ်သူ ဦးထွန်းသိန်းက “ကျနော်တို့ စစ်ရှောင်စခန်းမှာ မိသားစုဝင်တွေကလည်း တဖြည်း ဖြည်း များလာတယ်။ စားသောက်နေထိုင်ရေးက တာရှည် အဆင်မပြေဘူး။ မိမိနေရပ်ပြန်ပြီး လုပ်ကိုင်စားသောက်ချင်တဲ့ အတွက် ခွင့်ပြုချက် တင်တော့လည်း ခွင့်မပြုဘူး။ ကိုယ့်အစီအစဉ်နဲ့ ပြန်ဖို့ကလည်း စစ်တပ်က အခုချိန်ထိ တပ်စွဲ ထားတော့ နောက်ထပ် အသက်အန္တရာယ် ကြုံရမှာကိုလည်း စိုးရိမ်တယ်။ ဘယ်သူမှ အရဲစွန့်ပြီးလည်း မပြန်ရဲဘူး” ဟု ဧရာဝတီသို့ ပြောသည်။

ကျောက်တော်မြို့နယ် ကုလားတန်မြစ်ကမ်းဘေးရှိ စ်ိုက်ပျိုးရေးဖြင့် လုပ်ကိုင်စားသောက်ရန် ရေခံမြေခံကောင်းသော တင်း မကျေးရွာမှာ စစ်တပ်နှင့် ရက္ခိုင့်တပ်မတော် (AA) တို့ကြား ဖြစ်ပွားခဲ့သော တိုက်ပွဲကာလအတွင်း နေအိမ်များ မီးရှို့ခံခဲ့ရပြီး တချို့မှာ မီးမလောင်ဘဲ ကျန်ခဲ့သော်လည်း လက်ရှိအချိန်တွင် ယိုယွင်းပျက်စီးနေပြီ ဖြစ်သလို ကျန်ခဲ့သည့် ပစ္စည်းများမှာ လည်း ခိုးယူဖျက်ဆီးခံနေရကြောင်း ရွာသားများက ပြောသည်။

ထို့ပြင် တင်းမကျေးရွာသားများသည် နေရပ်ပြန်နိုင်ရေးအတွက် စစ်ကောင်စီထံ ခွင့်ပြုချက် အကြိမ်ကြိမ် တောင်းခံထား သလို AA စစ်ဦးစီးချုပ်ထံသို့လည်း နေရပ်ပြန်နိုင်ရေး ကူညီဆောင်ရွက်ပေးရန် စာဖြင့် ၂ ကြိမ် တင်ပြထားကြောင်း တင်းမ ဆရာတော်က မိန့်သည်။

တင်းမဆရာတော်က “ကိုယ်တော်နဲ့ ရွာသားတွေ လက်မှတ်ထိုးပြီး AA စစ်ဦးစီးချုပ်ထံကိုလည်း ၂ ကြိမ် စာနဲ့တင်ပြပြီး အကူအညီပေးဖို့ တင်ပြခဲ့တယ်။ ကိုယ်တော်တို့ ကြားခံပုဂ္ဂိုလ် တယောက်ကနေ တဆင့်ပြန်ကြားတာက သူတို့လည်း စစ်တပ်ကို ပြောလို့ရသလောက် တင်းမကိစ္စကို ပြောထားပြီးသားလို့ ပြောတယ်။ စစ်တပ်က မလိုက်နာတာကတော့ သူတို့ အပိုင်းပဲ။ သူတို့နဲ့ပဲ သက်ဆိုင်တယ်လို့ ပြောတယ်” ဟု ဆိုသည်။

စစ်တပ်နှင့် ရက္ခိုင့်စစ်တပ် (AA) တို့ တိုက်ပွဲပြင်းထန်ခဲ့သော ၂၀၂၀ မတ်လအတွင်းက အဆိုပါ တင်းမရွာသည် မီးရှို့ခံခဲ့ရ သလို ရွာသား ၁၈ ဦးကိုလည်း စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ယနေ့အချိန်ထိ ၎င်းတို့၏ သတင်းမှာ ပျောက်ဆုံးနေ ဆဲ ဖြစ်သည်။

ရခိုင်စစ်ပွဲအတွင်း မီးရှို့ခံရသည့် တင်းမရွာမှ နေအိမ်တချို့
သတင်း

ရွာသားများအား ဖမ်းဆီးသွားသည့်တပ်မှာ ရွာအနီးတောင်ခြေတွင် ထိုစဉ်က တပ်စွဲနေထိုင်ခဲ့သော တပ်မ (၅၅) လက် အောက်ခံ တပ်ဖွဲ့ဝင်များဖြစ်ပြီး ရွာမီးရှို့ခံရမှုမှာလည်း စစ်တပ်လက်ချက်ဖြစ်ကြောင်း ရွာသားများက အခိုင်အမာ ပြော ထားကာ သက်ဆိုင်ရာဌာနများသို့လည်း တိုင်ကြားထားခဲ့ကြသည်။

တင်းမကျေးရွာသား ၁၈ ဦးကို စစ်တပ်က ဖမ်းဆီးခဲ့ပြီး သတင်းအစအန ပျောက်နေမှု အပါအဝင် အိမ်ခြေ ၇၀၀ ကျော် ရှိသော တင်းမရွာ မီးရှို့ခံရမှုကိစ္စနှင့် ပတ်သက်၍ မိသားစုဝင်များနှင့်တကွ ဒေသခံ လွှတ်တော်ကိုယ်စားလှယ်များက ထိုစဉ် က နိုင်ငံတော်သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်၊ အမျိုးသားလူ့အခွင့်အရေးကော်မရှင် စသည်တို့ထံ တိုင်ကြားခဲ့သော်လည်း တစုံ တရာ အကြောင်းမထူးခဲ့ပေ။

၂၀၂၀ ဒီဇင်ဘာ ၂၉ ရက်တွင် အဆိုပါ တင်းမ ကျေးရွာသားများ ပျောက်ဆုံးမှုနှင့် ပတ်သက်ပြီး အထက်က ညွှန်ကြားသည် ဟုဆိုကာ မြောက်ဦးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ကာယကံရှင် မိသားစုကို ခေါ်ယူပြီး သက်သေထွက်ချက်များ ရယူခဲ့ကြောင်း သိရ သည်။

ထို့နောက် ၂၀၂၁ ဇန်နဝါရီ လဆန်းပိုင်းတွင် ကျောက်တော်မြို့နယ် အုပ်ချုပ်ရေးမှူးကို အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ပေး ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းခဲ့သော်လည်း ယနေ့အချိန်ထိ တစုံတရာ ထူးခြားလာမှု မရှိသေးကြောင်း တင်းမရွာသား များထံမှ သိရသည်။

You may also like these stories:

တင်းမရွာသားများ နေရပ်ပြန်ရန် ကြိုးပမ်းမှု စစ်ကောင်စီ ခွင့်မပြု

တင်းမရွာသား ၁၈ ဦးအမှု အမြန်ဆုံးဖြေရှင်းပေးရန် မိသားစုဝင်များ တောင်းဆို

Loading