မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ရက်သတ္တပတ်အကြာအထိ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်း များထိုး၍ ရွာများကို စီးနင်းဝင်ရောက်ခြင်း၊ ဒေသခံများအား ဖမ်းဆီးညှဉ်းပန်း သတ်ဖြတ်ခြင်းများကို ပြုလုပ်လျက်ရှိ ကြောင်း ဒေသခံ သတင်းရင်းမြစ်များထံက သိရသည်။
မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာများကို ဇန်နဝါရီလ ၁၀ ရက်မှ စတင်ပြီး ယနေ့ (ဇန်နဝါရီ ၁၇ ရက်) ထိ စစ်ကြောင်း ၅ ကြောင်းခွဲကာ စစ်ကောင်စီတပ်က စီးနင်းနေခြင်းခြင်းဖြစ်ပြီး စစ်ကြောင်း ၁ ကြောင်းတွင် အင်အား ၁၀၀ ဝန်းကျင် ပါရှိကြောင်း ဒေသကာကွယ်ရေး တပ်ဖွဲ့များထံက သိရသည်။
ဇန်နဝါရီလ ၁၀ ရက်မှ စတင်လာသည့် စစ်ကောင်စီတပ် စစ်ကြောင်းသည် သန်းနုတော၊ လက်ယက်မ၊ သမင်ချောက်၊ ဇီးဖြူစားကောင်း၊ သဒွတ်၊ ညောင်ပင်လယ်၊ ရွာကုန်းကျေးရွာ အစရှိသည့် ရွာများကို တရွာဝင် တရွာထွက် ဝင်ရောက် စီးနင်းနေခြင်း ဖြစ်ပြီး ကျေးရွာပေါင်း ၂၀ ခန့်က ဒေသခံပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။
မြိုင်မြို့နယ် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက “မြိုင်ကို သဲကြီးမဲကြီးကို ရှင်းလင်းရေးတွေ လုပ်ပြီး စစ်ထိုးနေတာ။ ကျနော်တို့ကကျတော့ လက်နက်အင်အားက မမျှဘူး ဖြစ်နေတာ။ သူတို့က သာလွန်အင်အားနဲ့ လာတော့ ကျနော် တို့တွေ လက်ရှောင်လိုက်ရတာ များနေတယ်။ ခုခံနိုင်စွမ်း မရှိတာ လက်နက်အင်အား မမျှတော့” ဟု ပြောသည်။
ထိုသို့ ဝင်ရောက်လာမှုတွင် စစ်ကောင်စီတပ်နှင့် PDF တို့ ထိတွေ့တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့သော်လည်း စစ်ကောင်စီ တပ်က လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်းကြောင့် တိမ်းရှောင်ရသည့် အခြေအနေတွင် ရှိကြောင်း ဒေသပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့က သိရသည်။
မြိုင်မြို့နယ်ဧရိယာကို ဖြတ်သန်းကာ ယောဒေသ၊ ပုလဲ-ယင်းမာပင်-မုံရွာ စသည့် လမ်းကြောင်းကို ထောက်ပံ့ရေး ပို့သည့် စစ်ကောင်စီ ယာဉ်တန်းများကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ကာ လမ်းကြောင်း ဖြတ်တောက်ခြင်းကြောင့်အပြင် မြိုင်မြို့နယ်အတွင်းရှိ PDF စခန်းများကို ရှာဖွေလိုခြင်းကြောင့် ယခုကဲ့သို့ မြိုင်ကို အင်အားအလုံးအရင်းဖြင့် စီးနင်းနေခြင်း ဖြစ်နိုင်ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက သုံးသပ်ကြသည်။
ကျေးရွာဒေသခံများကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးကာ PDF ခေါင်းဆောင်များ၏ တည်နေရာများ မေးမြန်းပြီး ဖြေကြားခြင်း မရှိပါက ဓားဖြင့် လှီးကာ ရိုက်နှက် နှိပ်စက်မှုများ ပြုလုပ်လျက်ရှိသည့်အပြင် ဒေသခံပြည်သူများကိုလည်း သတ်ဖြတ်ခြင်း၊ နေအိမ်များအား မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ဇန်နဝါရီလ ၁၁ ရက်က လက်ယက်မကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီးနောက် မီးရှို့သတ်ဖြတ်ခံ ထားရသည် အရိုးစု ၃ ခုကို ရွာသုသာန်အနီးတွင် တွေ့ရှိထားပြီး မည်သူမည်ဝါဖြစ်သည်ကို စုံစမ်းနေဆဲဖြစ်ကြောင်း ဒေသခံ တဦးက ဧရာဝတီသို့ ပြောသည်။
ဒေသခံ တဦးက “သူတို့ (အာဏာသိမ်းစစ်တပ်) မမိမှ ဖြစ်မှာ မိတာနဲ့ နှိပ်စက်တာပဲ။ သူတို့မှာ ဘာဦးနှောက်မှ မရှိတော့ဘူး။ လူစိတ်လည်း မရှိတော့ဘူး။ မိရင် ညှဉ်းပန်း နှိပ်စက်တာပဲ။ ကျနော်တို့ ပြည်သူတွေကတော့ လွတ်အောင် ရှောင်ရတာပေါ့” ဟု ပြောသည်။
ထို့ပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မြိုင်မြို့နယ်၊ သဒွတ်ရွာကို ဇန်နဝါရီ ၁၅ ရက်ကတည်းက ဝင်ရောက်စီးနင်း ထားပြီး ဇန်နဝါရီ ၁၆ ရက်နေ့ နံနက်က နေအိမ်များအား မီးရှို့ရာ နေအိမ် ၂၀ ကျော် မီးလောင်ခဲ့ကြောင်း သိရသည်။
မကွေးတိုင်း အနောက်မြောက်ပိုင်းရှိ မြိုင်မြို့နယ်တွင် ကျေးရွာပေါင်း ၃၀၀ ကျော်ရှိပြီး ပေါက်၊ ရေစကြို၊ ပခုက္ကူတို့နှင့် နယ်မြေချင်း ထိစပ်နေကာ စစ်ကိုင်းတိုင်းတွင်း တိုက်ပွဲများ ပြင်းထန်နေသည့် ပုလဲ၊ ဆားလင်းကြီး၊ ယင်းမာပင် တို့ နှင့်လည်း နယ်မြေ နီးစပ်နေသည့် ဒေသ ဖြစ်သည်။
You may also like these stories:
ဖရူဆိုစစ်ရှောင်စခန်းကို လေကြောင်းမှဗုံးကြဲ၊ ကလေးငယ်အပါ ၃ ဦးသေဆုံး
စစ်ကိုင်းမြို့နယ်ရှိ အုပ်ချုပ်ရေးမှူးများ အစုလိုက်အပြုံလိုက် နုတ်ထွက်
စစ်ကိုင်းတိုင်းကို စစ်ကောင်စီ တကယ်ထိန်းချုပ်နိုင်ပြီလား