အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ညွှန်ကြားချက်ဖြင့် ကျုးကျော် ရှင်းလင်းရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် မြို့ခံ ပရဟိတ လူမှုကူညီရေးအသင်းအဖွဲ့များ၏ အဆောက်အအုံ များပါ ဖျက်ခံနေရကြောင်း သိရသည်။
ဖြိုဖျက်ခံရသည့် လူမှုကူညီရေးအသင်းများမှာ ချမ်းမြသာစည်မြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်အတွင်းမှ အများဆုံး ဖြစ်ပြီး ရင်ဘတ်တူညီနောင်၊ မနောကြာဖြူ၊ မြရည်နန္ဒာ၊ ရွှေမဟာနွယ်၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း၊ နရသုခီ၊ ပဒုမ္မာသစ္စာ၊ အောင်တံခွန်၊ ရွှေနံ့သာ၊ ဧရာသုခ၊ အောင်မင်္ဂလာ၊ ဝေဇယန္တာ၊ သုခမာန်လွင်၊ ချမ်းမြသီတာ၊ မဟာ၊ မြရတနာ၊ မဟာအောင်မြေလူမှုကူညီရေးအသင်းတို့ ဖြစ်ကြောင်း သိရသည်။
လူမှုကူညီရေးအသင်းများ အနေဖြင့် ရုံးဆောက်အအုံအတွက် မြေနေရာကို အပိုင်ဝယ်ယူ ဆောက်လုပ်ခြင်းများထက် ရပ်ကွက်များ အတွင်းရှိ ပလပ်မြေများ၊ ရထားသံလမ်းဘေးများနှင့် လမ်းမကြီးဘေးများ၌ အများဆုံး ဆောက်လုပ်ထားကြ ခြင်း ဖြစ်ကြောင်း သိရသည်။
“ကျနော်တို့ရုံးက ၁၁၈ လမ်းပေါ် ရောက်နေလို့ ဖျက်ပါဆိုလို့ ဖျက်ထားရတယ်။ ပလပ်မြေပေါ်မှာ မြို့နယ်ကို အသိပေးပြီးမှ အသင်းရုံးကို တည်ထားတာပေါ့။ အသင်းရုံးထဲမှာ ကျောက်ကပ်ဆေးစက်၊ ရေသန့်စက်၊ ဓာတ်မှန်ရိုက်စက်နဲ့ ကျန်းမာရေး အတွက် လိုအပ်တာတွေကို အထိုင်ချထားတာတွေ ရှိတယ်။
ကျန်းမာရေးဌာနရဲ့ သတ်မှတ်လမ်းညွှန်ချက်နဲ့အညီ လုပ်ထား တာတွေပေါ့။ အခုကျ အကုန် တစစီ ဖြုတ်သိမ်းထားရတာပေါ့။ ချက်ချင်းဖျက်ဆိုတော့ အကုန်ဆွဲဖြုတ်ရတာမို့ အပျက် အဆီးတော့ ရှိမယ်” ဟု ချမ်းမြသာစည်မြို့နယ်အတွင်းက အသင်းရုံးဖျက်ပေးထားရသည့် အသင်းတသင်းမှ တာဝန်ရှိသူ တဦးက ပြောသည်။
အဆိုပါ စာရင်းထွက်ထားသည့် လူမှုကူညီရေးအသင်းများအနက် ဖျက်သိမ်းပေးထားရသည့် အသင်းများ ရှိသလို သတ် မှတ်ရက်အတွင်း ဖျက်သိမ်းပေးရန် စာပို့ အကြောင်းကြားခံထားရသည့် အသင်းများလည်းရှိနေကြောင်း၊ အသင်းရုံးများ ဖျက်ပေးရပါက လုပ်ငန်းများ အားလုံး ရပ်နားကြရမည် ဖြစ်သောကြောင့် နာရေးကိစ္စရပ်များအတွက် အခက်အခဲများ ဖြစ် လာနိုင်ကြောင်း ဖျက်သိမ်းခံရသည့် အသင်းရုံးတာဝန်ရှိသူများက ပြောသည်။
“အခုလို အသင်းတွေ အောင်မြင်ဖို့အတွက် အားလုံး ဝိုင်းဝန်းပြီး ကြိုးစားခဲ့ကြရတာ။ အားလုံးရဲ့ အားနဲ့ တရာ၊ တထောင်၊ တသောင်းမျိုးနဲ့ စုပြီးမှ ဆောက်ခဲ့ကြရတဲ့ အဆောက်အအုံတွေဆိုတော့ စိတ်ခံစားချက်တွေ ရှိနေကြတာတော့ အမှန်ပဲ။ ပြီးတော့ ကျန်တဲ့လုပ်ငန်းတွေထက် နာရေးကိစ္စတွေမှာ အခက်အခဲတွေ ဖြစ်လာနိုင်တယ်” ဟုလည်း ပြည်ကြီးတံခွန်မြို့နယ် မှ ဖျက်သိမ်းပေးရန် စာပို့အကြောင်းကြားခံထားရသည့် အသင်းတသင်း၏ ဥက္ကဋ္ဌက ဆိုသည်။
မန္တလေးတိုင်းတွင် လူမှုကူညီရေး ပရဟိတအသင်းပေါင်း ၁၀၀ ကျော်ထိ ရှိကြောင်း၊ မန္တလေးခရိုင်အတွင်း၌ အသင်းပေါင်း ၆၀ ခန့် ရှိပြီး နာရေးကိစ္စများ ကူညီခြင်း၊ ယာဉ်မတော်တဆ ထိခိုက်သူများအား ဆေးရုံသို့ ပို့ဆောင်ပေးခြင်း စသည့် လူမှုရေး လုပ်ငန်းများအပြင် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင်လည်း အင်တိုက်အားတိုက် လုပ်ကိုင်ဆောင်ရွက်လျက် ရှိသည်။
အောင်မြေသာစံမြို့နယ်အတွင်းရှိ လူမှုကူညီရေးအသင်းတသင်းမှ တာဝန်ရှိသူ တဦးကလည်း ၎င်းတို့အသင်းရုံးမှာ ပလပ် မြေပေါ် ဆောက်ထားခြင်းဖြစ်ပြီး ယင်းနေရာအား အသင်းရုံးအတွက် ချထားပေးရန် လျှောက်ထားဆဲအဆင့် ဖြစ် ကြောင်း၊ ယခုအခါ ဖျက်ပေးရန် စာထွက်ထားသော်လည်း အသင်းဥက္ကဋ္ဌမှာ ဖမ်းဆီးခံထားရသည့်အတွက် မည်သို့ ဆောင်ရွက်ရ မည်ကို အသင်းသားများနှင့် ညှိနှိုင်းရဦးမည် ဖြစ်ကြောင်း ပြောဆိုသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၁၄ ရက်က ချမ်းမြသာစည်မြို့နယ်အတွင်းရှိ မြရည်နန္ဒာလူမှုကူညီရေးအသင်းရုံးအား ဘူဒိုဇာဖြင့် ထိုးပြီး ဖြိုဖျက်ခံခဲ့ရကြောင်း သိရသည်။
“မြရည်နန္ဒာအသင်းဆိုရင် ဆောက်ထားတာက ကြံ့ခိုင်ရေးရုံးဝင်းထဲမှာ။ ဦးသိန်းစိန် အစိုးရလက်ထက်က ကြံ့ခိုင်ရေးပါတီ အပိုင်သဘောမျိုး လုပ်ထားတဲ့ မြေကွက်ပေါ့။ အဲဒီအချိန်က မြို့နယ်အဆင့် လူကြီးတွေထိ အသိအမှတ်ပြုပြီးမှ အသင်းရုံး ကို ဆောက်ခဲ့ကြတာ။ အခု အဲဒီဝင်းကြီးပါ အဖျက်ခံရတဲ့အထဲမှာ ပါတော့ အသင်းရုံးနဲ့ လူနေထိုင်မှုတွေ အကုန်ဖျက်ပေးရ တယ်။ ကြံ့ခိုင်ရေးရုံးက ကျန်ခဲ့တယ်။ အဲဒီလို ကျန်နေတာ ဘာသဘောလဲတော့ မသိဘူးပေါ့နော်” ဟု မြရည်နန္ဒာလူမှုကူ ညီရေးအသင်းနှင့် နီးစပ်သူတဦးက ပြောသည်။
လူမှုကူညီရေးအသင်းများအား ကူညီပေးရမည့်အစား ဘူဒိုဇာနှင့်ပါ ထိုးပြီး လိုက်ဖျက်နေခြင်းက အတော်ရုပ်ဆိုးကြောင်း၊ အသင်းရုံးတင်မက အသင်းများကိုပါ ပျက်စေချင်၍ဟု မြင်ကြောင်း၊ ပြည်သူများအား အဓိက အကူအညီပေးနေသည့် အသင်းရုံးများအား လိုက်လံဖျက်နေမှုနှင့် ပတ်သက်၍ အဓိက တာဝန်အရှိဆုံးသူမှာ လက်ရှိ စစ်ကောင်စီခန့် ဝန်ကြီးချုပ် ဦးမောင်ကို ဖြစ်ကြောင်း မန္တလေးမြို့ခံတဦးက ပြောသည်။
ထို့ပြင် လူမှုကူညီရေး အသင်းရုံးများအား ဖျက်နေမှုနှင့် ပတ်သက်၍ စစ်ကောင်စီခန့် တိုင်းအစိုးရ အဖွဲ့အနေဖြင့် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်နေခြင်း ဖြစ်သည်ဟူသော သုံးသပ်မှုများ ရှိသလို အသင်းတချို့က အသနားခံစာ တင်ပြထားကြသော်လည်း မျှော်လင့်ချက် နည်လွန်းသည်ဟု ဆိုကြသည်။
အောင်မြေသာစံမြို့နယ်ရှိ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ တဦးက “လက်ရှိ ကျနော်တို့ ရထားတဲ့ သတင်းတွေအရဆိုရင် ပရဟိတအသင်းမှန်သမျှကို ဖြိုဖို့ထိလုပ်နေကြတာ။ ပြောရမယ်ဆိုရင် ပရဟိတသမားတွေရှိလို့ PDF အဖွဲ့တွေ ခေါင်းထောင် နေတယ်လို့ တွက်ဆထားပြီးတော့ အသင်းတွေကို အခုလို လုပ်တယ်လို့ သုံးသပ်ရတာပေါ့။ အသင်းကားတွေ မှတ်ပုံတင် မရှိရင် နယ်ထွက်ခွင့် မရှိဘူးတို့၊ လိုင်စင်မဲ့ကားတွေ လက်မခံတော့ဘူး ဆိုတာတွေ ထွက်လာကတည်းက စခဲ့တာပေါ့။ ပြီးတော့ အသင်းအချို့က ခေါင်းဆောင်ပိုင်းတွေ ဖမ်းဆီးထိန်းသိမ်းခံရတာမျိုးတွေလည်း လုပ်ခဲ့တာတွေထိ ရှိခဲ့တယ်လေ” ဟု သုံးသပ်ပြောဆိုသည်။
မန္တလေးမြို့တွင် ကျုးကျော်နေထိုင်မှုများ ရှင်းလင်းရန်အတွက် စည်ပင်သာယာရေးကော်မတီနယ်နမိတ် ၆ မြို့နယ်အတွင်းရှိ လမ်းမြေ၊ မြောင်းမြေ၊ မြန်မာ့မီးရထားပိုင်မြေ၊ လျှပ်စစ်ဓာတ်အားလိုင်းနယ်မြေ၊ အစိုးရဌာနဆိုင်ရာနယ်မြေနှင့် ပုဂ္ဂလိကပိုင် မြေနေရာများတွင် ဥပဒေနှင့် ညီညွှတ်မှု မရှိဘဲ တရားဝင် ပိုင်ဆိုင်ခွင့် မရှိသူများက တရားမဝင် ကျုးကျော်နေထိုင်မှုများ အား ဥပဒေနှင့်အညီ ဖွဲ့စည်းထားသော သတ်မှတ်အဖွဲ့များဖြင့် ဖယ်ရှားရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်မည် ဖြစ် ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ပြီးနောက် ကျူးကျော်ရှင်းလင်းရေးများကို လုပ်ဆောင်နေခြင်း ဖြစ်ပြီး ယခု အခါ လူမှုကူညီရေး အသင်း အဆောက်အအုံများပါ ဖျက်ခံနေရခြင်း ဖြစ်သည်။
ထိုသို့ ဖျက်ခံရသည့်အထဲ ပါဝင်နေသော်လည်း မန္တလေးမြို့ခံ ပရဟိတအသင်းများက ပူးပေါင်း၍ ဖြိုဖျက်ခံရသည့် ပြည်သူ များ၏ နေအိမ်များ ပြောင်းရွှေ့ နိုင်ရေးအတွက် အခမဲ့ကူညီပေးနေကြသည့်အပြင် အစားအသောက်နှင့် ရိက္ခာပစ္စည်းများကို လည်း လှူဒါန်းမှုများ ပြုလုပ်ပေးလျက်ရှိသည်။
You may also like these stories:
မန္တလေး၌ အင်အားသုံး ကျူးကျော်ရှင်းလင်းမှုကြောင့် နေထိုင်ရေး အခက်တွေ့နေ
မန္တလေးတွင် တလအတွင်း မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင် ၁၀၀ ခန့် ဖမ်းဆီးခံရ