မြန်မာစစ်ကောင်စီက ကယားပြည်နယ်မှ စစ်ဘေးရှောင်စခန်းများကို ၂ ကြိမ်ဗုံးကြဲသောကြောင့် လူ ၆ ဦး သေဆုံးပြီးနောက် ကယားပြည်နယ်မှ အရပ်သားများအနေဖြင့် ၎င်းတို့ကိုယ် ၎င်းတို့ကာကွယ်ရန် ဗုံးခိုကျင်းများတူးရန် ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC) က တိုက်တွန်းနေသည်။
KSCC ကို သက်တမ်းရှည် ကရင်နီအမျိုးသား တိုးတက်ရေးပါတီအပါအဝင် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် လူမှုအခြေပြုအဖွဲ့အစည်းများဖြင့် လွန်ခဲ့သောနှစ် ဧပြီလက ဖွဲ့စည်းခဲ့သည်။
တနင်္ဂနွေနေ့ညနေပိုင်းတွင် ဒီမောဆိုမြို့နယ် နန်းမယ်ခွန် ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ တိုက်ခိုက်သောကြောင့် စေတနာ့ဝန်ထမ်းဆေးဝန်ထမ်း ၃ ဦးသေဆုံးကြောင်း ကရင်နီတိုင်းရင်းသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) ကပြောသည်။
စစ်ကောင်စီသည် တမင်သက်သက်အရပ်သားများကို ပစ်မှတ်ထားနေကြောင်း ထိုတပ်ဖွဲ့ပြောသည်။
တနင်္လာနေ့ နံနက်အစောပိုင်းကလည်း စစ်ကောင်စီ ရဟတ်ယာဉ် ၂ စင်းက ဖရူဆိုမြို့နယ်မှ လူ ၆၀၀ ခန့် နေထိုင်သည့် စစ်ဘေးရှောင်စခန်းကို ဗုံးကြဲချသောအခါ အသက် ၇ နှစ်အရွယ် မိန်းကလေးငယ်တဦး၊ ၁၈ နှစ်အရွယ် အမျိုးသမီးတဦးနှင့် အသက် ၅၀ ကျော်အရွယ် အမျိုးသားတဦးတို့ သေဆုံးသည်။
စစ်ကောင်စီသည် အရပ်သားနှင့် ခုခံတိုက်ခိုက်ရေးသမားများအကြး လုံးဝမခွဲခြားဘဲ သတ်ဖြတ်နေသည်မှာ ထင်ရှားသည် ဟု KSCC ကပြောသည်။ စစ်ကောင်စီသည် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်နေပြီး ရက်စက်ကြမ်းကြုတ်မှုများ တိုးလာနိုင်ခြေရှိသည်ဟုလည်း ဆိုသည်။
ပြည်နယ်အတွင်းမှ အပြစ်မဲ့အရပ်သားများ၊ ဘာသာရေး အဆောက်အအုံများနှင့် စစ်ရှောင်စခန်းများအပေါ် စစ်ကောင်စီ၏ စစ်ဆင်ရေးများ များပြားလာကြောင်းလည်း KSCC က ပြောသည်။
ကောင်းကင်မှ မမြင်နိုင်သော တောင်စောင်းများတွင် ဗုံးခိုကျင်းများတူးရန်နှင့် စစ်ကောင်စီလေယာဉ်လာလျှင် ပုန်းနေရန် KSCC ကပြည်သူများကို အကြံပေးထားသည်။
မုန့်များ၊ ရေ၊ အကိုက်အခဲပျောက်ဆေး၊ မိုဘိုင်းဖုန်း၊ မီး၊ ပါဝါဘန့်၊ ရေဒီနှင့် အဝတ်အချို့ပြင်ဆင်ထားရန်နှင့်လေကြောင်းသတိပေးချက်ကို နားထောင်ရန် တိုက်တွန်းထားသည်။

ကယားပြည်နယ် ဒီမောဆို၊ ဖရူဆို၊ ရှားတောနှင့် လွိုင်ကော်မှ အရပ်သားတပ်များ၊ အရပ်သားများနှင့် လူနေရပ်ကွက်များကို ခွဲခြားခြင်းမပြုသော အကြိမ်ကြိမ်လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပေါ်နေခဲ့သည်။
စစ်ကောင်စီသည် ဇန်နဝါရီ ၇ ရက်မှ ၁၇ ရက်အတွင် ကယားပြည်နယ်အတွင်းလေကြောင်းတိုက်ခိုက်မှု အနည်းဆုံး ၈ ကြိမ်လုပ်ခဲ့သည်ဟု KNDF ကပြောသည်။
သောင်းနှင့်ချီသော ဒေသခံများနေအိမ်များမှ ထွက်ပြေးနေရသည်။
အရပ်သားပစ်မှတ်များကိုလေကြောင်းတိုက်ခိုက်ခြင်းကို ဂျနီဗာကွန်ဗင်းရှင်းနှင့် နိုင်ငံတကာလူသားချင်းစာနာမှု ဥပဒေများက ပိတ်ပင်တားမြစ်ထားသော်လည်း စစ်ကိုင်းနှင့် မကွေးတိုင်း၊ ချင်း၊ ကချင်၊ ရှမ်း၊ ကယားနှင့် ကရင်ပြည်နယ်များမှာ မြို့နယ် ၂၀ ကျော်တွင် လွန်ခဲ့သောနှစ် မတ်လမှစတင်ပြီး လေကြောင်းတိုက်ခိုက်မှု ၃၅ ကြိမ်ကျော်ဖြစ်ပွားခဲ့သည်။
You may also like these stories:
ဖရူဆိုစစ်ရှောင်စခန်းကို လေကြောင်းမှဗုံးကြဲ၊ ကလေးငယ်အပါ ၃ ဦးသေဆုံး
ထိုင်း-မြန်မာနယ်စပ်က စစ်ဘေးရှောင်သူများ
ဖရူဆို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရမှု စစ်ဆေးတွေ့ရှိချက် ဖော်ထုတ်မှု
အာဏာသိမ်းစစ်ကောင်စီ၏ အဆိုးရွားဆုံး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ