အဂတိမှုဖြင့် တရားစွဲခံထားရသော ရခိုင်ပြည်နယ်၊ ဝန်ကြီးချုပ်ဟောင်း ဦးညီပု အပါအဝင် ဝန်ကြီးများကို ယနေ့တွင် ထောင်ဒဏ် ၉ နှစ်စီ အသီးသီး ချမှတ်လိုက်ကြောင်း ရှေ့နေများထံက သိရသည်။
အဆိုပါ ဝန်ကြီးဟောင်းများ အမှုကို စစ်တွေအကျဉ်းထောင်တွင် တရားရုံးဖွင့် စစ်ဆေးခဲ့ပြီး အဂတိလိုက်စားမှု တိုက် ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ ဖြင့် ငြိစွန်းသည်ဆိုကာ ဝန်ကြီးချုပ်ဟောင်း ဦးညီပု၊ ဘဏ္ဍာရေးဝန်ကြီးဟောင်း ဦးကျော်အေး သိန်း၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဟောင်း ဦးအောင်ကျော်ဇံ၊ စိုက်ပျိုးရေး ဝန်ကြီး ဟောင်း ဦးကျော်လွင်၊ စည်ပင် ဝန်ကြီးဟောင်း ဦးမင်းအောင်တို့ကို ထိုသို့ အမိန့် ချမှတ်လိုက်ခြင်း ဖြစ်သည်။
လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဟောင်း ဦးအောင်ကျော်ဇံ၏ ရှေ့နေ ဦးအောင်နိုင်ဝင်းက “သူတို့ကို စွဲထားတာက ၃ မှု ခွဲပြီးတော့ စွဲထားတာ။ ဂုံးသောင်မြေယာအမှုမှာ ဝန်ကြီးချုပ်ဟောင်း ဦးညီပုပါ ၄ ဦး ကို ထောင်ဒဏ် ၃ နှစ်၊ အထည် ချုပ် စက်ရုံအမှုမှာ ဦးညီပု အပါ ၃ ဦးကို ထောင်ဒဏ် ၃ နှစ်နဲ့ ပြည်နယ် တည် ဆောက်ရေး ရန်ပုံငွေ အမှုမှာ ဦးညီပု အပါအဝင် ဝန်ကြီးဟောင်း ၃ ဦးကို ထောင်ဒဏ် ၃ နှစ်စီ ချမှတ်လိုက်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ ဝန်ကြီးဟောင်းများသည် တာဝန်ယူချိန်က ညွှန်ကြားချက်၊ လုပ်ထုံး၊ လုပ်နည်းမရှိဘဲ လုပ်ငန်းဆောင်ရွက် ချက် များ၊ ဘဏ္ဍာရေးစည်းမျဉ်း၊ စည်းကမ်းနှင့်မညီဘဲ လုပ်ပိုင်ခွင့်ကျော်လွန် လုပ်ဆောင်သည် ဆိုသော စွပ်စွဲချက်များဖြင့် တရားစွဲခဲ့ခြင်းဖြစ်ကာ ဂွမြို့နယ်အတွင်း ဂုံးသောင်ပေါ်တွင် တန်ဖိုးနည်းမြေကွက်ဖော်သည့်အမှုအတွက် ဦးညီပု၊ ဦးကျော်အေးသိန်း၊ ဦးအောင်ကျော်ဇံ၊ ဦးကျော်လွင် တို့ကို ထောင်ဒဏ် ၃ နှစ်စီချခံရန် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။
အလားတူ စစ်တွေမြို့နယ်အတွင်းက အထည်ချုပ်စက်ရုံအား ဘဏ္ဍာငွေကြေး ချပေးသည့် အမှုတွက် ဝန်ကြီးချုပ် ဦးညီပု၊ ဝန်ကြီးဦးကျော်အေးသိန်း၊ ဝန်ကြီးဦးအောင်ကျော်ဇံတို့အား ထောင်ဒဏ် ၃ နှစ်၊ ဘဏ္ဍာရေး စည်းကမ်းချက် များနှင့် မညီဘဲ ပြည်နယ်တည်ဆောင်ရေး ရန်ပုံငွေ သုံးစွဲသည့်အမှုအတွက် ယင်း ဝန်ကြီးဟောင်း သုံးဦးကို ထောင် ၃ နှစ် စသည်ဖြင့် အမိန့်ချလိုက်ခြင်း ဖြစ်ကြောင်း ရှေ့နေများက ပြောသည်။
ယင်းပြင် စည်ပင်ဝန်ကြီးအဖြစ် တာဝန်ယူခဲ့သော ဝန်ကြီးဟောင်း ဦးမင်းအောင်ကိုလည်း လုပ်ထုံး၊ လုပ်နည်းနှင့် မညီ ဘဲ ၎င်းတာဝန်ယူခဲ့စဉ်အချိန်က တောင်ကုတ်မြို့ မြို့မဈေးကြီး အပါအဝင် ဈေး ၅ ဈေး ဆောက်လုပ်စေသည့် အမှု အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ ဖြင့် ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက်သည်။
ဝန်ကြီးချုပ် ဦညီပု၏ သမီးဖြစ်သူ ဒေါ် ကြည်ကြည်ဦးက “ဒီနေ့ အမိန့်ချတယ်လို့ သိရတယ်။ အဂတိနဲ့ စွဲထားတဲ့ ၃ မှု၊ တမှုကို ၃ နှစ်ချတယ်လို့ ပြောတယ်။ ကျမတို့ ဘာမှတော့ ပြောစရာမရှိပါဘူး။ တရားမျှတလား၊ မတရား ချမှတ် သလားဆိုတာ စွဲတဲ့လူနဲ့ အမိန့်ချတဲ့ လူတွေပဲ သိမယ်” ဟု ဧရာဝတီသို့ ပြောသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင်များဖြစ်သည့် ဝန်ကြီးချုပ်ဟောင်း ဦးညီပုမှာ ပြီးခဲ့သော အောက်တို ဘာလ အတွင်းက နိုုင်ငံတော် အကြည်ညို ပျက်စေမှု ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ (ခ) ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံထားရသလို ဦးမင်းအောင်မှာလည်း ငြိမ်းစု/စီ၊ သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲရေး ဥပဒေ တို့ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ် ချမှတ် ခံထားရသေးသည်။
ယင်းပြင် ဝန်ကြီးချုပ်ဟောင်း ဦးညီပုနှင့် ဦးမင်းအောင်တို့မှာ ပြီးခဲ့သော ရွေးကောက်ပွဲ ကာလတွင် ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေများကို လိုက်နာမှု မရှိဘဲ ဖောက်ဖျက်သည်ဟုဆိုကာ ရာဇသတ်ကြီးပုဒ်မ ၁၃၀ (က) ၊ ပုဒ်မ ၁၀၉ တို့ဖြင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၈ ရက်က စစ်တွေမြို့နယ် တရားရုံးတွင် ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်မှ ဒု ညွှန် ကြားရေးမှူး ဦးသူရိန်ထွဋ်က ဦးတိုက်တရား စွဲဆိုထားသည့်အတွက် နောက်ထပ် အမှုများကိုလည်း ရင်ဆိုင်နေရ သည်။
You may also like these stories:
ရခိုင်ဝန်ကြီးချုပ် ဦးညီပု အပါအဝင် ဝန်ကြီး ၅ ဦးကို အဂတိမှုဖြင့် စွဲချက်တင်
ရခိုင်ဝန်ကြီးချုပ်ဟောင်း ဦးညီပုကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ် ချ
ရခိုင်ဝန်ကြီးဟောင်းအမှုတွင် ဥပဒေနှင့်အညီ လုပ်ဆောင်ခဲ့ကြောင်း ခုခံချေပ