ရန်ကုန်တက္ကသိုလ်၊ အရှေ့တိုင်းပညာဌာနမှ ပါမောက္ခ ဆရာ ဒေါက်တာအာကာမိုးသူကို စစ်ကောင်စီ တရားရုံးမှ ယနေ့တွင် ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်ကြောင်း ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂထံမှ သိရသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မတ် ၂ ရက်နေ့ ၌ ရန်ကုန်တိုင်းဒေသကြီး၊လှိုင်မြို့နယ်ရှိ MICT Park ၌ စစ်တပ် အာဏာသိမ်းမှု ကန့်ကွက်ကြောင်း လမ်းလျောက် ချီတက်ဆန္ဒပြရန် ဆရာ/ဆရာမများကို စုစည်းနေစဉ် ဒေါက်တာအာကာမိုးသူ၏ နံဘေးသို့ အရပ်ဝတ်ဖြင့် လူနှစ်ဦး ကားတစီးဖြင့် ရောက်လာကာ ပစ္စတိုသေနတ်ဖြင့် ချိန်၍ ဖမ်းဆီးသွားခြင်း ခံရသူဖြစ် သည်။
ထို့နောက် ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) ဖြင့် ရန်ကုန်မြို့ ဒဂုံမြို့သစ်(မြောက်ပိုင်း) ရဲစခန်းက အမှုဖွင့် အရေးခဲ့ပြီး ဖမ်းဆီး ထိန်းသိမ်းထားပြီး ၁၁ လ အကြာယခုလို ထောင်ဒဏ် ၃ နှစ် ချမှတ် လိုက်ခြင်းဖြစ်သည်။
ဒေါက်တာ အာကာမိုးသူသည် စစ်အာဏာသိမ်းမှုကို တက္ကသိုလ်ဆရာ၊ ဆရာမများ၏ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM ကို ဦးဆောင်ခဲ့ သူတဦးဖြစ်ပြီး တက္ကသိုလ်ဆရာသမဂ္ဂ (UTA) ကို တည်ထောင်သူလည်းဖြစ်သည်။
မြန်မာနိုင်ငံတွင် စစ်တပ်၏ အာဏာသိမ်းမှုကို အကြမ်းမဖက်နည်းဖြင့် ဆန့်ကျင်ကန့်ကွက်သော လှုပ်ရှားမှုတွင် ပါဝင်ခဲ့ သော ဆရာ၊ ဆရာမ ၁ သိန်း ၂ သောင်းကျော်ကို စစ်ကောင်စီက ရာထူးမှ ရပ်ဆိုင်း ထားပြီး ဆရာ၊ ဆရာမ များ၏ CDM လှုပ်ရှားမှုကို ဦးဆောင်ခဲ့ကြသော ရန်ကုန်တက္ကသိုလ် အပါအဝင် တက္ကသိုလ် ၆ ခုမှ ပါမောက္ခ၊ တွဲဖက်ပါမောက္ခနှင့် ကထိက ဆရာ၊ ဆရာမ ၁၄ ဦးကိုလည်း ပုဒ်မ ၅၀၅ (က) ဖြင့် ဖမ်းဝရမ်းထုတ်ထားသည်။
စစ်ကောင်စီက အကြမ်းဖက်အဖြစ် ကြေညာထားသော အမျိုးသားညီညွှတ်ရေးအစိုးရ NUG နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PDF များ နှင့် ဆက်နွယ်သည်ဟု စွပ်စွဲကာ CDM ဆရာ၊ ဆရာမ တချို့ကိုလည်း ဖမ်းဆီးထောင်ချမှတ်ထားသည်။