စစ်တပ် အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံရကာ နေပြည်တော် အချုပ်ထောင်တွင် ချုပ်နှောင်ခံထားရသည့် ရန်ကုန်တိုင်း စီမံ/ ဘဏ္ဍာဝန်ကြီးဟောင်း ဦးရဲမင်းဦးမှာ ဘယ်ဘက် ခြေထောက်ကျိုးသည့် ဒဏ်ရာကြောင့် ယနေ့တွင် အွန်လိုင်း ဗီဒီယိုဖြင့်သာ ရုံးထုတ်ခဲ့ရပြီး ရုံးချိန်းများ ရွှေ့ဆိုင်းခဲ့ကြောင်း ၎င်း၏ ရှေ့နေဖြစ်သူက ပြောသည်။
ဦးရဲမင်းဦး အနေဖြင့် ယမန်နေ့က အချုပ်ထောင်အတွင်း လမ်းလျှောက်စဉ် ရေမြောင်းအတွင်း ချော်ကျခဲ့ခြင်းကြောင့် ဘယ်ဘက် ခြေသလုံး အရိုးနှစ်ချောင်းလုံး ကျိုးသွားခဲ့ခြင်းဖြစ်ပြီး ခွဲစိတ် ကုသရဖွယ်ရှိနေကြောင်း သိရ သည်။
ဦးရဲမင်းဦး ရှေ့နေ ဖြစ်သူက “ဘယ်ဘက်ခြေသလုံး အရိုးနှစ်ချောင်းလုံး ကျိုးတာ။ ဒဏ်ရာ နည်းနည်း ပြင်းတယ်။ ဒီနေ့တော့ ဆရာဝန် ဆေးစစ်ချက်တွေ ယူတယ် ပြောတယ်။ သောကြာနေ့လောက် ခွဲစိတ်ကုသမယ်လို့ ခန့်မှန်း ထားတယ်။ တခြား ဒဏ်ရာရတာတော့ မရှိပါဘူး” ဟု ပြောဆိုသည်။
စစ်တပ် အာဏာသိမ်းပြီး နောက်တရက်တွင် ဦးရဲမင်းဦးကို ရန်ကုန်မြို့၌ ဖမ်းဆီးခဲ့ရပြီး စစ်ကြောရေးတွင် နံရိုး ကျိုးသည် အထိ နှိပ်စက်ခံခဲ့ရသည့်အတွက် ဆေးကုသမှု ခံယူခဲ့ရသူလည်း ဖြစ်သည်။
လက်ရှိတွင် ဦးရဲမင်းဦးအနေဖြင့် နေပြည်တော် ဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေထုတ်ပေးသည့် ကိစ္စရပ်များ၊ နေပြည်တော် မီဒီ ယာ စင်တာ တည်ထောင်မှုကိစ္စ၊ နေပြည်တော်ရှိ အထူး မြေကွက် ၁၆ ကွက် ဖော်ထုတ်ချထားသည့် ကိစ္စရပ်များ အပါ အဝင် အဂတိမှု ၆ မှုဖြင့် တရားစွဲဆိုခံရထားပြီး နေပြည်တော် အချုပ်ထောင် အထူးတရားရုံးများတွင် တရား ရင်ဆိုင်နေရ သည်။
ယင်းပြင် တသက်တကျွန်းဒဏ်ဖြစ်စေ၊ ၁၀ နှစ်အထိ ထောင်ဒဏ်ဖြစ်စေ ချမှတ်ခံရနိုင်သည့် ယုံကြည်အပ်နှံ ဖောက်ဖျက်မှု ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၄၀၉ ဖြင့်လည်း ရန်ကုန်တွင် တရားစွဲခံထားရသေးသည်။
အဆိုပါ အမှုအား လက်ရှိတွင် နေပြည်တော်ရှိ အမှုများနှင့် တပေါင်းတည်း စစ်ဆေးနိုင်ရန် ပြည်ထောင်စု တရားလွှတ်တော် ချုပ်က အမှုတွဲ ပြန်ချခဲ့ပြီးဖြစ်သော်လည်း တရားရုံးရောက်ရှိ စစ်ဆေးခြင်း မရှိသေးကြောင်းလည်း သိရသည်။
ဦးရဲမင်းဦးသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ အစိုးရလက်ထက်တွင် နေပြည်တော် ဒုမြို့တော်ဝန်၊ နေပြည် တော် ဖွံ့ဖြိုးရေးဘဏ် ဥက္ကဋ္ဌ တာဝန်များ ထမ်းဆောင်ခဲ့သည့်အပြင် ရန်ကုန်တိုင်း အစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန် ကြီးအဖြစ်လည်း တာဝန်ယူခဲ့ပြီး ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် ဒဂုံမြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်အဖြစ်လည်း အနိုင်ရထားသူ ဖြစ်သည်။
You may also like these stories:
နေပြည်တော် ဒုမြို့တော်ဝန်ဟောင်း ဦးရဲမင်းဦး အဂတိမှုဖြင့် ထပ်မံအမှုဖွင့်ခံရ
စစ်ကြောရေးတွင် နံရိုးကျိုးခဲ့သည့် ဦးရဲမင်းဦး အင်းစိန်ထောင်တွင် ကျန်းမာရေး ကောင်းမွန်ဟု ဆို