သတင်း

စစ်ကောင်စီက စစ်တပ်ထောက်ခံသူများကို လက်နက်တပ်ဆင်လေ့ကျင့်နေ

မြန်မာစစ်ကောင်စီသည် လူအင်အား မလုံမလောက်ဖြစ်နေသောကြောင့် မြို့ကြီးအများအပြားမှ ရာနှင့်ချီသော စစ်တပ်ထောက်ခံသူများ၊ စစ်တပ် ကျောထောက်နောက်ခံပြု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဝင်များနှင့် စစ်သားဟောင်းများကို စစ်သင်တန်းနှင့် လက်နက်သင်တန်းပေးနေသည်။

စစ်မြေပြင်အတွေ့အကြုံရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကသာမက စစ်အုပ်ချုပ်ရေးကို အမြစ်ဖြတ်ရန် လူငယ်အရပ်သားများနှင့် အာဏာသိမ်းပြီးနောက် တပ်မှထွက်ပြေးလာသည့် အရာရှိများ အပါအဝင် စစ်သားများ၏ အသစ်ပေါ်ပေါက်လာသည့် ကျယ်ပြန့်သော လက်နက်ကိုင်လှုပ်ရှားမှုနှင့် ခုခံတိုက်ခိုက်မှုများကို ပိုမိုရင်ဆိုင်လာရသောကြောင့် စစ်ကောင်စီတပ်များ အကြီးအကျယ် ထိခိုက်သေဆုံးနေသည်။

ထိုထိခိုက်သေဆုံးမှုများနှင့် တပ်ပြေးမှုများကြောင့် စစ်ကောင်စီသည် ၎င်း၏လူအင်အားကို ကျားကန်ပေးရန် ပျူစောထီးဟုခေါ်သည့် စစ်ကောင်စီ လိုလားသော လက်နက်ကိုင်အုပ်စုကို၊ အထူးသဖြင့် အရပ်သား အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က စစ်ကောင်စီကို စက်တင်ဘာလ ၇ ရက်နေ့တွင် ခုခံစစ်ကြေညာပြီးနောက် လူသစ်စုဆောင်း၊ လေ့ကျင့်၊ လက်နက်တပ်ဆင်ပေးနေသည်။

စစ်ကောင်စီသည် လွန်ခဲ့သောလအတွင်း USDP ပါတီဝင်များနှင့် စစ်သားများ အပါအဝင် စစ်အုပ်စုလိုလားသူ ၁၀၀ ခန့်ကို ၁၄ ရက်ကြာ စစ်သင်တန်းပေးခဲ့ကြောင်း မကွေးတိုင်း၊ မကွေးမြို့နယ်မှ သတင်းရင်းမြစ်များက ဧရာဝတီသတင်းဌာနသို့ ပြောသည်။

ထိုသင်တန်းတွင် လက်နက်ငယ်နှင့် လက်နက်ကြီးအချို့ အသုံးပြုပုံနှင့် အခြေခံစစ်နည်း ပရိယာယ်များ ပါဝင်သည်။

မန္တလေးတိုင်း၊ မိတ္ထီလာတွင် လွန်ခဲ့သော ၃ လခန့်အတွင်း သင်တန်း ၂ ကြိမ်ပေးပြီး လူ ၂၀၀ နီးပါး တက်ရောက်ခဲ့ကြောင်း သိရသည်။ သတင်းရင်းမြစ်များ၏ အဆိုအရ အလားတူ စစ်သင်တန်းများကို စစ်ကိုင်း၊ ပဲခူးနှင့် မန္တလေးတိုင်းများတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီက လေ့ကျင့် လက်နက်တပ်ဆင်ပေးထားသည် အုပ်စုတခုသည် ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူ တဦးကို ဒီဇင်ဘာလ ၃၀ ရက်နေ့က အတင်းအကျပ် ဖမ်းဆီးသွားကြောင်း မိတ္ထီလာဒေသခံများက ပြောသည်။

စစ်ကောင်စီက အင်အားစုဆောင်း လက်နက်တပ်ဆင်ပေးထားသော ထိုလက်နက်ကိုင်များသည် စစ်ကောင်စီ တပ်များနှင့် ပူးပေါင်းပြီး မြို့ကြီးများတွင် ကင်းလှည့်ခြင်း၊ ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးခြင်း၊ စစ်ကိုင်းတိုင်းနှင့် အခြားနေရာများတွင် ခုခံရေး အင်အားစု အမာခံကျေးရွာများကို စီးနင်းခြင်းနှင့် ခုခံရေးအင်အားစုများကို တိုက်ခိုက်ခြင်းတို့ ပြုလုပ်ကြသည်။

၎င်းတို့သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အဖွဲ့ဝင်များနှင့် ထောက်ခံသူများကို ပစ်မှတ်ထားခြင်း၊ ထိုသူများပိုင်ဆိုင်သည့် အိမ်များနှင့်ဆိုင်များကို မီးရှို့ဖျက်ဆီးခြင်းနှင့် အချို့နေရာများတွင် ထိုသူများကို သတ်ဖြတ်ဖမ်းဆီးခြင်းများကိုလည်း ပြုလုပ်နေပုံရသည်။

You may also like these stories:

“တပ်မတော်ဆိုတဲ့ နာမည်က ဂုဏ်သိက္ခာပြုတ်သွားပြီ”

အာဏာသိမ်းတပ်၏ မြိုင်မြို့နယ် စစ်ဆင်ရေး ရွာပေါင်း ၂၀ ကျော်ထွက်ပြေးနေရ

စစ်ထောက်လှမ်းရေးကို တိုးချဲ့ ဖွဲ့စည်းနေ

စစ်ကိုင်းတိုင်းကို စစ်ကောင်စီ တကယ်ထိန်းချုပ်နိုင်ပြီလား

Loading