ပြည်တွင်း စက်သုံးဆီ ဈေးကွက်တွင် ရက်ပိုင်းအတွင်း စက်သုံးဆီဈေးနှုန်း သိသိသာသာတက်လာ၍ သယ်ယူပို့ဆောင်ရေး စရိတ်များလည်း မြင့်လာကြောင်း သိရသည်။
အမေရိန်ဒေါ်လာ ဈေးတက်နေခြင်းနှင့် လောင်စာဆီ ပြတ်လပ်မှုတို့ကြောင့် စက်သုံးဆီ ဈေးနှုန်းများ မြင့်တက်လာရာ ဇန်နဝါရီ ၁ ရက်က အောက်တိန်း (၉၂) ၁ လီတာ ကျပ် ၁၃၀၀ ကျော်၊ အောက်တိန်း (၉၅) ၁ လီတာလျှင် ကျပ် ၁၄၀၀ ကျော်နှင့် ဒီဇယ် ၁ လီတာ ကျပ် ၁၃၀၀ ကျော် ရှိခဲ့ရာမှ ဇန်နဝါရီလ ၁၉ ရက်တွင် အောက်တိန်း (၉၂) ၁ လီတာ ၁၅၄၅ ၊ အောက်တိန်း (၉၅) ၁ လီတာ ကျပ် ၁၅၉၅ နှင့် အောက်တိန်း ၉၇ မှာ ၁ လီတာ ၁၈၃၀၊ ဒီဇယ် ၁ လီတာ ကျပ် ၁၅၈၀၊ ရက်ပိုင်းအတွင်း ပျမ်းမျှ ကျပ် ၁၀၀ ကျော် ဈေးတက်လာခဲ့သည်။
ထိုသို့ လောင်စာဆီဈေးတက်မှုကြောင့် အဝေးပြေး ကုန်စည်သယ်ယူပို့ဆောင်ရေး လုပ်ငန်းများတွင်လည်း သယ်ယူပို့ ဆောင်ရေး စရိတ်တိုး၍ တောင်းနေရကြောင်း အဝေးပြေး ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များထံက သိရသည်။
ယခင်က ပဲခူး-ရန်ကုန် ဆန်တအိတ်လျှင် တန်ဆာခ ကျပ် ၄၅၀ ပေးရပါက ယခုအခါ တအိတ် ကျပ် ၅၅၀ အထိ ဈေးတက် ၍ တောင်းရကြောင်း လုပ်ငန်းရှင်များက ဆိုသည်။ ထို့အတူ အခြား ကုန်ပစ္စည်း တင်ဆောင်ခများလည်း အနည်းငယ်စီ တိုး ၍ တောင်းလာရကြောင်း သိရသည်။
အဝေးပြေး ကုန်စည် ပို့ဆောင်ရေး လုပ်ငန်းရှင် တဦးက “အခုက အကုန်စုံနေတာ။ ကုန်ဈေးနှုန်းတွေက တက်သလို၊ နိုင်ငံရေးကလည်း မငြိမ်တော့ စီးပွားရေးတွေက အကုန် ထိုးကျတယ်။ ထုတ်လုပ်နိုင်စွမ်းကလည်း ကျတယ်။ ကုန်တင် ယာဉ်တွေ နိုင်ငံရေးအခြေအနေကြောင့် လမ်းခရီး လုံခြုံရေးအခြေအနေ၊ ကုန်မရတာတို့၊ မကိုက်တော့တာတို့ကြောင့် ရပ်ထားရတာတွေ ရှိတယ်။ အခုလို ဆီဈေးတက်တော့ ထပ်ပြီး ရပ်နားရမယ့်သူတွေ များလာမယ်။ အဲဒီတော့ လုပ်နိုင်တဲ့ သူလည်း ဆက်လုပ်ပေါ့။ မလုပ်နိုင်တဲ့သူတွေကလည်း ရပ်နေရတာပဲ” ဟု ပြောဆိုသည်။
ထို့ပြင် အမေရိကန်ဒေါ်လာဈေးမြင့်နေမှုကြောင့် စက်သုံးဆီဈေးသာမက၊ အထွေထွေ ကုန်ကျစရိတ်များဖြစ်သည့် ကားအပို ပစ္စည်းများ၊ အင်ဂျင်ဝိုင် အစရှိသည်တို့လည်း ဈေးတက်နေ၍ အခက်အခဲများရှိနေကြောင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်း ရှင်များက ဆိုသည်။
ထိုသို့ ကုန်စည် သယ်ယူပို့ဆောင်ရေးအပြင် ရန်ကုန်မြို့တွင်း အငှားယာဉ်ပြေးဆွဲသူများမှာလည်း ဆီဈေးတက်၍ ဈေးတိုး တောင်းလာမှုများ ရှိလာသလို၊ လောင်စာဆီဖြင့် မောင်းနှင်နေရသော YBS များလည်း တွက်ခြေမကိုက်တော့သည့် အခြေအနေတွင် ရှိနေကြောင်း သိရသည်။
ရန်ကုန်မြို့တွင်း အငှားယာဉ်မောင်းတဦးကလည်း “အရင် တက်နေရာကထက် စက်သုံးဆီဈေးက နှစ်ဆလောက် တက် သွားတာပေါ့။ အဲဒီတော့ ကားသမားတွေကလည်း မကိုက်တော့ဘူးပေါ့။ ဒါပေမယ့်လည်း ခရီးသည်တွေကလည်း တချို့ နားလည်တဲ့ သူကျတော့ ပြောပြပြီး ဈေးတိုးတောင်းလို့ ရတယ်။ တချို့ကျတော့လည်း မပေးဘူးပေါ့။ အဲဒီတော့လည်း လိုက်ရတဲ့ ခရီးက နည်းလာတယ်။ အရင် တာမွေနဲ့ မြို့ထဲကို ၂၅၀၀ နဲ့ ၃၀၀၀ လောက်ရှိပေမယ့် အခုကျတော့ ၃၅၀၀ ကနေ နည်းနည်းဝေးတဲ့ လမ်းမတော်တို့ ဘာတို့ဆိုရင် ၄၀၀၀ လောက်မှ ကိုက်တယ်။ ဈေးကတော့ အရင်ထက် ၅၀၀ နဲ့ ၁၀၀၀ လောက် တင်ပြောရတာပေါ့” ဟု လက်ရှိ ဈေးနှုန်းအခြေအနေကို ပြောပြသည်။
လက်ရှိတွင် ပြည်တွင်း စက်သုံးဆီဈေးမှာ တရက်လျှင် တလီတာအတွက် ပျမ်းမျှ ကျပ် ၂၀ မှ ၃၀ ဝန်းကျင်အထိ နေ့စဉ် မြင့်တက်နေပြီး တလီတာလျှင် ကျပ် ၂၀၀၀ အထိ မြင့်တက်လာနိုင်သည်ဟုလည်း ဈေးကွက်အတွင်းရှိ အရောင်းဆိုင် များနှင့် ယာဉ်မောင်းများက သုံးသပ်ပြောဆိုကြသည်။
ရန်ကုန်မြို့ရှိ စက်သုံးဆီ တင်သွင်းသည့် ကုမ္ပဏီတခု၏ တာဝန်ရှိသူတဦးက “ဆီပြတ်လပ်မှုလည်း ရှိတယ်။ ပြီးတော့ ဒေါ် လာ ဝယ်ရတာနဲ့ ဟိုဘက်ကို ပြန်လွှဲရတဲ့အခါ အခက်အခဲ နည်းနည်းရှိတယ်။ စင်ကာပူမှာကိုက ဆီပြတ်နေတယ်။ ကျနော် တို့ဆီက သွင်းသမျှ စက်သုံးဆီတွေက စင်ကာပူက သွင်းရတယ်။ အဲဒီမှာကို အခုက ဝယ်ချင်တိုင်း ဝယ်လို့ မရဘူးလေ။ ဈေးတက်တာကတော့ ကမာ္ဘ့လောင်စာဆီဈေး၊ ဒေါ်လာဈေးနဲ့ ဆိုင်တယ်။ အခုက နှစ်ခုစလုံးက အတက်ဘက်ကို ပြနေတယ်” ဟု ဧရာဝတီသို့ ပြောသည်။
စင်ကာပူနိုင်ငံမှ ပြည်တွင်းသို့ စက်သုံးဆီ တင်သွင်းလျက်ရှိရာ ယင်းနိုင်ငံတွင် စက်သုံးဆီ ပြတ်လပ်ခြင်း၊ ပြည်တွင်း ဒေါ်လာ ဈေးနှုန်းများ မြင့်တက်နေခြင်းအပြင် ပြည်တွင်းဒေါ်လာ ရှားပါးမှုကြောင့် ငွေပြန်လွှဲရသည့် ကဏ္ဍများတွင် အခက်အခဲများ ရှိနေရာ ပြည်တွင်း စက်သုံးဆီဈေးမှာ အတက်ဘက်သို့သာ ဆက်သွားမည့် အခြေအနေရှိကြောင်း ၎င်းက သုံးသပ်ထား သည်။
“ဈေးက တက်မယ်။ ဒါပေမယ့် ဘယ်လောက်ထိ တက်မယ်တော့ မခန့်မှန်းနိုင်သေးဘူး။ ဒီမှာလည်း အတတ်နိုင်ဆုံးတော့ ဒေါ်လာ ထုတ်ရောင်းပေးနေတယ်။ ပြီးတော့ စက်သုံးဆီအသင်းတွေ ဘာတွေလည်း ကြီးကြပ်နေတယ်။ အခြေအနေ အရပ်ရပ်ကြောင့် တက်နေတော့ ထိန်းထိန်းသိမ်းသိမ်းတော့ လုပ်နေတယ်” ဟု ၎င်းက ဆိုသည်။
ဈေးကွက်တွင်မူ သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်များ မြင့်တက်လာခြင်း၏ နောက်ဆက်တွဲအဖြစ် စားသောက်ကုန်ဈေး နှုန်းများသည်လည်း အနည်းငယ် မြင့်တက်လာခြင်းများ ရှိနေသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာစဉ်က စတင်ပြီး စက်သုံးဆီ အရောင်းဆိုင်များတွင် သတ်မှတ် နှုန်း (ခွဲတမ်း) ဖြင့် ရောင်းချပေးခြင်း၊ ဒေါ်လာများ ရောင်းချပေးခြင်းတို့ကို စစ်ကောင်စီက ပြုလုပ်နေသော်လည်း လက်ရှိ အချိန်အထိ ဈေးကွက်ကို ထိရောက်စွာ လုပ်ဆောင်နိုင်ခြင်း မရှိပေ။
ပြီးခဲ့သည့် ရက်ပိုင်း အတွင်းမှာပင် စစ်ကောင်စီ၏ ဗဟိုဘဏ်က တဒေါ်လာ ၁၇၇၈ ကျပ် လေလံဈေးနှင့် အမေရိကန် ဒေါ်လာ ၁၅ သန်းကို ထုတ်ရောင်းပေးထားသည်။
You may also like these stories :
ဘိလပ်မြေစက်ရုံ အများစု ရပ်တန့်သဖြင့် ဈေး အဆမတန် တက်လာ
ရွှေ ဒေါ်လာနှင့် စက်သုံးဆီဈေးနှုန်းများ မြင့်တက်နေ
ဇောက်ထိုးကျနေသည့် မြန်မာ့စီးပွားရေး