မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်ရောဂါပိုး (SARS-CoV-2 Variant Omicron) ဓာတ်ခွဲတွေ့ရှိမှုသည် ဒီဇင်ဘာ ၂၈ ရက်မှ စ၍ ဇန်နဝါရီ ၁၉ ရက်အတွင်း ၁၁၈ ဦးထိ ရှိလာပြီ ဖြစ်ကြောင်း စစ်ကောင်စီ ကျန်းမာရေးဝန်ကြီး ဌာန က ထုတ်ပြန်သည်။
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲ အိုမီခရွန်ရောဂါပိုး ကူးစက်ခံရမှု ရှိ၊ မရှိနှင့် ပတ်သက်၍ ဒီဇင်ဘာ ၁၄ ရက် တွင် စတင် စစ်ဆေးခဲ့ပြီးနောက် ဒီဇင်ဘာ ၂၈ ရက်၌ ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့မှ ပြန်လာသူ လှိုင်သာယာမြို့နယ်နေ မြန်မာ နိုင်ငံသား ၄ ဦးတွင် စတင်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဦးစီးဌာနမှ ဒေါက်တာသန်းနိုင်စိုးက “အများ ဆုံးကတော့ ပြည်ပ ဝင်ရောက်လာတဲ့သူတွေမှာ တွေ့ရတာပါ။ ပြည်တွင်းမှာ ဆက်ပြီးကူးစက်နိုင်တဲ့ အနေအထား အလွန် နည်းပါးပါတယ်။ တွေ့ထားတဲ့ထဲက နှစ်ယောက်ကတော့ နီးစပ်တဲ့ မိသားစုပေါ့နော်။ ဒါလည်း ဆက်ပြီးကူးစက်နိုင်တဲ့ အခြေ အနေ နည်းပါးတဲ့ ကိစ္စပါပဲ။ လတ်တလောမှာတော့ ဝင်ရောက်လာတဲ့သူတွေကို စစ်ဆေးတွေ့ရှိရတဲ့ အနေအထားအရ ကျနော်တို့ ထိန်းချုပ်ထားနိုင်တဲ့ အနေအထားမှာပဲ ရှိပါတယ်” ဟု ဧရာဝတီကို ပြောသည်။
အိုမီခရွန်ရောဂါပိုး တွေ့ရှိမှု အနေဖြင့် နိုင်ငံသား ၁၁၃ ဦး၊ နိုင်ငံခြားသား ၁၅ ဦးတို့ဖြစ်ပြီး ယူအေးအီးနိုင်ငံမှ ဝင်ရောက်လာ သူ ၁၇ ဦး၊ မလေးရှားနိုင်ငံမှ ဝင်ရောက်လာသူ ၁၉ ဦး၊ အိန္ဒိယနိုင်ငံမှ ဝင်ရောက်လာသူ ၆၇ ဦး၊ ထိုင်းနိုင်ငံမှ ဝင်ရောက်လာ သူ ၆ ဦး၊ ဖီလစ်ပိုင်နိုင်ငံမှ ဝင်ရောက်လာသူ ၆ ဦး၊ စင်ကာပူနိုင်ငံမှ ဝင်ရောက်လာသူ ၁ ဦး၊ ပိုးတွေ့သူနှင့် ထိတွေ့ဆက်စပ် မိသားစုဝင် ၂ ဦးတို့ ဖြစ်ကြောင်း သိရသည်။
“အိုမီခရွန်သည် နိုင်ငံတကာမှာ ပြင်းပြင်းထန်ထန် ကူးစက်နေတဲ့ အနေအထားကို တွေ့နေရတာ ဖြစ်ပါတယ်။ လက်ရှိ အနေအထားအထိက ပြည်တွင်းတွေ့နေရတဲ့ အနေအထားကတော့ ဒယ်လ်တာပဲ ဖြစ်တယ်။ ဒယ်လ်တာကလည်း လျှော့တွက် လို့ မရပါဘူး။ ဒယ်လ်တာက ဆေးရုံတက်ရမှုနှုန်းနဲ့ ပြင်းပြင်းထန်ထန် ဖြစ်ပွားမှုနှုန်းကလည်း ဒယ်လ်တာပဲ များပါတယ်” ဟု ဒေါက်တာ သန်းနိုင်စိုးက ရှင်းပြသည်။
ပြီးခဲ့သည့်ရက်ပိုင်းက လူမှုကွန်ရက်စာမျက်နှာပေါ် ပျံ့နှံ့ခဲ့သည့် ဗဟိုဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး) တွင် သင်တန်း တက်ရောက်နေသော သင်တန်းသား ၁၀၀ ကျော်၌ အိုမီခရွန်ရောဂါပိုး ကူးစက်ခံရသည်ဟူသော သတင်းနှင့် ပတ်သက်၍ ၎င်းက ငြင်းဆိုသည်။
ဆက်လက်၍ ၎င်းက အဆိုပါ ဖောင်ကြီးသင်တန်းမှ သံသယရှိသူ ၄၅ ဦးကို အိုမီခရွန်ရှိမရှိ စစ်ဆေးခဲ့ရာ မတွေ့ရှိခဲ့ ရကြောင်း၊ ဒယ်တာပိုး ကူးစက်မှုသာဖြစ်ပြီး အိုမီခရွန်မဟုတ်သည်မှာ သေချာကြောင်း ပြောဆိုသည်။
မန္တလေးမြို့ခံ လူမှုကူညီရေးအသင်းဝင် တဦးက “အခုရက်ပိုင်းထဲမှာ အောက်ဆီဂျင်ကျတဲ့ လူနာတွေ ပြန်ရှိလာတယ်။ အရင်ကလောက် မများတော့ပေမယ့် ကိုဗစ်နဲ့သေလို့ အလောင်းတွေကို သယ်ပေးနေရတာတွေလည်း ရှိနေသေးတယ်။ တတိယလှိုင်းတုန်းကလောက်တော့ မများပေမယ့် ကိုဗစ်လူနာတွေကို သက်ဆိုင်ရာ ဆေးရုံတွေကို ပို့ပေးနေရသေးတယ်။ တရက်ကို အနည်းဆုံး ၇/၈ ယောက်လောက်တော့ ရှိသေးတယ်” ဟု မန္တလေးခရိုင်အတွင်း အခြေအနေနှင့် ပတ်သက်၍ ရှင်းပြသည်။
သို့သော် မန္တလေးခရိုင်အတွင်း အိုမီခရွန်ရောဂါပိုး ကူးစက်ခံရမှု မရှိသေးသလို ရောဂါတွေ့ရှိမှုနှုန်းမှာလည်း ယခင်ထက်စာ လျှင် များစွာလျော့ကျလာသည့် အခြေအနေ ဖြစ်ကြောင်း၊ သက်ဆိုင်ရာ မြို့များအလိုက် လေယာဉ်စီး ခရီးသည်များအား လေယာဉ်ကွင်းအတွင်း ဝင်ရောက်သည်နှင့် စစ်ဆေးပေးနေသလို ကားကွင်းများမှ ခရီးသည်များကိုလည်း ကိုဗစ်ရောဂါ ရှိ၊ မရှိ စစ်ဆေးမှုများ ပြုလုပ်နေဆဲ ဖြစ်ကြောင်း မန္တလေးခရိုင်အုပ်ချုပ်ရေးပိုင်းမှ သိရသည်။
“ကိုဗစ်နဲ့ ပတ်သက်ပြီးတော့ တတိယလှိုင်းအထိကို ကျနော်တို့ ကိုယ်စွမ်းဉာဏ်စွမ်း ရှိတာထက်ကို အင်တိုက်အားတိုက်နဲ့ ပါဝင်ခဲ့တာပေါ့။ လက်ရှိ ဖြစ်နေတဲ့ အိုမီခရွန်ဆိုတဲ့ ကိုဗစ်ကနေ စတုတ္ထလှိုင်း ဖြစ်လာခဲ့မယ်၊ အရေးပေါ် အခြေအနေတွေ ဖြစ်လာခဲ့မယ်ဆိုရင်လည်း လှုပ်ရှားဖို့ အားလုံးအသင့် ပြင်ဆင်ထားပါတယ်” ဟု ပြည်ကြီးတံခွန်မြို့နယ်မှ လူမှုကူညီရေး အသင်း အဖွဲ့ဝင်တဦးက ပြောသည်။
မန္တလေးခရိုင်အတွင်း မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၊ ကန်တော်နဒီဆေးရုံ၊ နဒီမြန်မာကုသရေးစင်တာများတွင် ကိုဗစ်-၁၉ ကုသရေးစင်တာများ ဖွင့်လှစ်ပေးထားဆဲဖြစ်သော်လည်း မကြာသေးမီ ရက်များက မန္တလေးမြို့မှ လူမှုကူညီရေး အသင်းများကို စည်ပင်သာယာရေးအဖွဲ့မှ ကျူးကျော်မြေတွင် တည်ဆောက်ထားသည်ဆိုကာ ဖျက်သိမ်းမှုများ ရှိခဲ့သည်။
စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်များအရ ၂၀၂၀ခုနှစ် မတ်လမှ ၂၀၂၂ ခု ဇန်နဝါရီ ၁၉ ရက်ထိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၅၃၃,၆၀၄ ဦး၊ သေဆုံးသူ ၁၉,၃၀၆ ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ ၅၁၁,၆၃၀ ဦးထိ ရှိကြောင်း၊ နေ့စဉ် ပိုးတွေ့လူနာများ ရှိနေဆဲဖြစ်ရာ ပိုးတွေ့ရှိ ရာခိုင်နှုန်းမှာ ၁ ဒသမ ၅ ဝန်းကျင်တွင် ရှိနေကြောင်း သိရသည်။