ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသော အထောက်အထားမဲ့ မြန်မာများအား နိုင်ငံသားဖြစ်ကြောင်း သက်သေခံ လက်မှတ် (Certificate of Identity –CI) ထုတ်ပေးခွင့်လုပ်ငန်းကို စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဇနီး ဒေါ်ကြူကြူလှနှင့် ဆွေးမျိုးတော်စပ်သည့် ကုမ္ပဏီက ရရှိသွားကြောင်း ဧရာဝတီ သတင်းရင်းမြစ်များထံမှ သိရသည်။
အဆိုပါ CI ကတ်ထုတ်ပေးခြင်း သက်တမ်းတိုးခြင်း လုပ်ဆောင်မည့် စခန်းများကို ထိုင်းနိုင်ငံရှိ စမွတ်စခွန်၊ စမွတ် ပရာကန်၊ ချင်းမိုင်၊ ချွန်ဘူရီ၊ ရနောင်း စသည့် ခရိုင်များတွင် ဇန်နဝါရီ ၁၀ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။
ထိုလုပ်ငန်းအတွက် တင်ဒါ ရရှိသွားသော United K.M.K ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးခင်မောင်ကျော်မှာ ဗိုလ် သင်တန်း အပတ်စဉ် ၇၁ (OTS-71 ) ဆင်း တပ်မတော်အရာရှိဟောင်းတစ်ဦးဖြစ်သလို သူ၏ ဇနီးမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်၏ ဇနီး ဒေါ်ကြူကြူလှနှင့် ဆွေးမျိုတော်စပ်သူများ ဖြစ်ကြောင်း သိရသည်။
အလားတူ ဦးခင်မောင်ကျော်သည် လက်ရှိ အလုပ်သမားဝန်ကြီးဌာန ဒု ဝန်ကြီး ဦးဝင်းရှိန်နှင့်လည်း ရင်းနှီးသော ဆက်ဆံရေးရှိသူ ဖြစ်သည်။
ဦးသိန်းစိန် အစိုးရလက်ထက်က United KMK ကုမ္ပဏီအား Mandalay Beer လုပ်ငန်းနှင့် မြိတ်မြို့တွင် ငါးမွေးမြုရေး လုပ်ငန်း၊ အအေးခန်း လုပ်ငန်းများ လုပ်ကိုင်ခဲ့ပြီး နိုင်ငံ့ စွမ်းဆောင်ရည်ဆု ပေးအပ်ခြင်းခံရသည့် ကုမ္ပဏီလည်း ဖြစ်သည်။
CI ကတ် ထုတ်ပေးခွင့်နှင့် ပတ်သက်၍ နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာနက တင်ဒါခေါ်ရာတွင် ကုမ္ပဏီ ၆ ခု ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ United KMK ကုမ္ပဏီက CI စာအုပ်များအား အခမဲ့လုပ်ပေးဆိုသော အချက်ဖြင့် တင်ဒါ အောင်ကာ ထိုင်းနိုင်ငံရှိ CI လက်မှတ် ထုတ်ပေးရေး စခန်း ၅ ခုလုံးအတွက် လုပ်ပိုင်ခွင့်ပေးလိုက်ခြင်း ဖြစ်သည် ဟု ဧရာဝတီ သတင်းရင်းမြစ်များက ဆိုသည်။
ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းလုပ်သားအချို့ အဆိုအရ CI လက်မှတ်အတွက် ကုန်ကျစရိတ်မှာ ဘတ်ငွေ ၁ ထောင် ကျော်မှ ၂ ထောင်ကျော်အထိ ကုန်ကျနိုင်ကြောင်း သိရသည်။
“စာအုပ်ဖိုးက ထိုင်းဘက်ကို ၃၀၀ (ဘတ်) မြန်မာဘက်ကို (၃၀၀) ပေးရမယ်။ ကိုဗစ်စစ်ခက ၄၅၀ (ဘတ်) တိုကင်ရဖို့ က ၅၀၀ (ဘတ်) လောက် ကျမယ်။ ကျန်တာတွေ ရှိသေးတယ်” ဟု CI စာအုပ်ထုတ် ဝန်ဆောင်မှု ပြုလုပ်သည့် အကျိုးဆောင် (ပွဲစား) တဦးက ပြောသည်။
အဆိုပါ CI သက်တမ်းတိုး စာအုပ်ထုတ်ယူနိုင်ရန် ထိုင်းနိုင်ငံရှိ Seven Eleven ဆိုင်များတွင် လက်ရှိ ကိုင်ဆောင်ထား သည့် CI စာအုပ် နံပါတ်ဖြင့် စာအုပ်ဖိုး ၃၀၀ ဘတ်နှင့် ပေးသွင်းခြင်း ဝန်ဆောင်ခ ၁၀ ဘတ် စုစုပေါင်း ဘတ် ၃၁၀ ပေး သွားရမည်ဖြစ်ကြောင်း ထို့နောက် Seven Eleven မှ ထုတ်ပေးမည့် ပြေစာပါ နေ့ရက်တွင် အစိုးရမှ သတ်မှတ်ထား သည့် CI စခန်းများသို့ သွားရောက်၍ ကိုယ်ရေး မှတ်တမ်း ဖြည့်သွင်းခြင်း၊ CI စာအုပ်၊ နိုင်ငံသား စိစစ်ရေးကတ်၊ အိမ် ထောင်စုဇယားနှင့် ထိုင်းနိုင်ငံ အလုပ်သမားဌာနမှ ထုတ်ပေးထားသည့် အထောက်အထား စာရွက်စာတမ်းများကို မိတ္တူကူး၍ လျှောက်ထားရမည် ဖြစ်ကြောင်း သိရသည်။
ဘန်ကောက် အခြေစိုက် မြန်မာရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ကွန်ရက် (MWRN) မှ ဥက္ကဋ္ဌ ဦးအောင်ကျော်က “အစိုးရတွေက လုပ်ဆောင်ကြတဲ့အခါမှာ သတ်မှတ်နှုန်းထားတွေကတော့ အလုပ်သမားတွေအတွက်ကတော့ လုံးဝ မများတဲ့ တန်ဖိုးလောက်ပဲ။ စာအုပ်ရဲ့ တန်ဖိုးက ၃၀၀။ အခုက ၂ ထောင်အထက်ထိတောင် ပေးနေရတယ် ဆိုတော့ အဆင့်ဆင့်တွေနဲ့ ပွင့်လင်းမြင်သာမှု မရှိတဲ့ လုပ်ငန်းစဉ်တွေဖြစ်နေတဲ့အတွက်ကြောင့် သိပ်အဆင်မပြေဘူး။
အလုပ် သမားတွေဆို ဝန်ထုပ်ဝန်ပိုးဖြစ်နေတယ်။ အစိုးရသတ်မှတ်တဲ့နှုန်းထားက အလုပ်သမားတယောက်လုပ်အားခ တရက် စာပဲရှိတယ်။ ပေးနိုင်တယ်” ဟု ပြောသည်။
သက်သေခံ လက်မှတ် သက်တမ်းတိုးခြင်းနှင့် ပတ်သက်၍ တချို့သော ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် အစိုးရ သတ်မှတ်ထားသည့် နှုန်းထားများထက် ဈေးကြီးပေး၍ ဆောင်ရွက်နေရခြင်းများရှိသလို တချို့ကမူ စစ်ကောင်စီသည် တရားဝင်အစိုးရမဟုတ်သည့်အတွက် မလုပ်ဆောင်ကြသူများလည်း ရှိကြောင်း ရွှေ့ပြောင်း အလုပ်သမားများထံက သိရသည်။
ရွှေ့ပြောင်းအလုပ်သမားတဦးက “မြန်မာနိုင်ငံမှာရှိနေတဲ့ မတရားမှုတွေကိုကြည့်ပြီး လက်ရှိတရားဝင် အစိုးရ မဟုတ်တဲ့ သူတွေက လုပ်ပေးတာတွေကို ဆန့်ကျင်မယ်၊ စစ်ကောင်စီက လုပ်ပေးတာတွေကို ဘာမှ မလုပ်ဘူးဆိုပြီး CI လုပ်တဲ့ ကိစ္စမှာ ကျနော်တို့လို မလုပ်တဲ့သူတွေ အများကြီး ရှိပါတယ်။ တချို့ကျတော့ စိုးရိမ်မှုရှိနေပြီး ရတဲ့နည်းလမ်းနဲ့ သွား လုပ်ကြတယ်” ဟု ပြောသည်။
အလုပ်သမားအရေး ဆောင်ရွက်သူများအနေဖြင့်လည်း အဆိုပါ သက်တမ်းတိုးခြင်း ကိစ္စရပ်များ အဆင်ပြေစေရန် အတွက် နည်းလမ်းများကို စီစဉ်ပေးရန် အစိုးရများထံ စာအဆင့်ဆင့် တင်၍ တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသော်လည်း ပြောင်းလဲမှု မရှိခဲ့ကြောင်း ဦးအောင်ကျော်က ဆိုသည်။
“အလုပ်သမားတွေကို လွယ်လင့်တကူ ဖြစ်စေမယ့် နည်းလမ်းမျိုး သက်သောင့်သက်သာဖြစ်စေမယ့် နည်းလမ်းမျိုး စီစဉ်ဆောင်ရွက်ပေးပါ။ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ဘဝက အင်မတန် ကြမ်းတမ်းပြီး အခက်အခဲ များပါတယ် ဆို တာကို အမြဲတမ်း တင်ပြခဲ့ပေမယ့် အခု အစိုးရက သတ်မှတ်ထားတာ ၃၀၀ ဆိုသော်လည်း လက်တွေ့သွားလုပ်တာ ၂ ထောင် အထက် ကုန်ကျတယ်ဆိုတာ တွေ့ရတော့ ပြောစရာစကားကို မတွေ့ရဘူး။ ရွှေ့ပြောင်း အလုပ်သမားတွေ ဆီ ကနေ ဂုတ်သွေးစုပ်တဲ့ အလုပ်တွေကို မလုပ်ဖို့အတွက် တောင်းဆိုချင်ပါတယ်” ဟု ပြောသည်။
ရနောင်းမြို့ အလုပ်သမား သံအရာရှိရုံးကမူ “လတ်တလောတော့ လာထုတ်တဲ့သူ သိပ်မများဘူး၊ နည်းတယ်။ ကျနော တို့ဆီမှာဆို ၁၀ ရက်ကနေ အခုထိ ၇၀ ကျော်ပဲ ရှိတယ်။ ဈေးနှုန်းကတော့ တရားဝင် သတ်မှတ်ထားတဲ့ အတိုင်းပါပဲ” ဟု ပြောသည်။
အဆိုပါ သက်တမ်းတိုးခြင်း လုပ်ငန်းစဉ်ကို ဇန်နဝါရီလ ၁၀ ရက်မှ ဇူလိုင်လအထိ လုပ်ဆောင်ပေးမည် ဖြစ်ကြောင်း သိရသည်။
လက်ရှိ ထိုင်းနိုင်ငံတွင် တရားဝင် မှတ်ပုံတင်ထားသော မြန်မာ ရွှေ့ပြောင်းလုပ်သား ၁ ဒသမ ၁၅ သန်း ရှိပြီး တရား မဝင် ဝင်ရောက် နေထိုင် လုပ်ကိုင်နေသည့် မြန်မာ ရွှေ့ပြောင်းလုပ်သား အရေအတွက်မှာလည်း ၁ သန်းကျော် ရှိနေ ကြောင်း သိရသည်။
You may also like these stories:
ဘတ် ၃၀ တန် ဆေးရုံကတ်ကို ထိုင်းအစိုးရဆေးရုံတိုင်းတွင် ဆေးကုသခွင့်ပြု
ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်သည့် မြန်မာလုပ်သား အလွန်များနေ
နေ့စဉ်ဖမ်းဆီးနေသည့် ကြားမှ ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်မှု ပိုများလာ