ဩစတေးလျနိုင်ငံသား စီးပွားရေးအကြံပေး ပါမောက္ခ ရှောင်တာနဲလ်အား နိုင်ငံတော်အစိုးရ လျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ ၃-၁(ဂ) ဖြင့် တရားစွဲဆိုထားမှုအား ယနေ့ရုံးချိန်းတွင် ပြည်ထဲရေးဝန်ကြီးဌာနမှ နည်းပညာကျွမ်းကျင်သူ အရာရှိတဦးကို တရားလို သက်သေအဖြစ် စစ်ဆေးခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သူတဦးထံမှ သိရသည်။
၎င်းက “ဒီနေ့ လျှို့ဝှက်ချက်အမှုအတွက် ပြည်ထဲရေးက အရာရှိတဦး (နည်းပညာကျွမ်းကျင်သူ) ကို စစ်တယ်။ စစ်တာ မပြီးပြတ်သေးဘူး။ လဝက အမှုကတော့ ဒီနေ့ မစစ်ဖြစ်ဘူး” ဟု ဧရာဝတီသို့ ပြောသည်။
စစ်တပ် အာဏာသိမ်းပြီးနောက် ၅ ရက်အကြာ၌ ရန်ကုန်မြို့တွင် ဖမ်းဆီးခံရသည့် ပါမောက္ခ ရှောင်တာနဲလ်၏ ကွန်ပျူတာ အတွင်းမှ တွေ့ရှိခဲ့သည့် စာရွက်စာတမ်းများနှင့် ပတ်သက်ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ စီမံ/ဘဏ္ဍာဝန်ကြီး ဦးစိုးဝင်း၊ ဒုဝန်ကြီး ဦးဆက်အောင်နှင့် ဝန်ကြီးဟောင်း ဦးကျော်ဝင်းတို့ကိုပါ စစ်ကောင်စီက လျှို့ဝှက် ချက်အက်ဥပဒေ ပုဒ်မ ၃-၁(ဂ) ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။
ယနေ့ ရုံးချိန်းတွင် ခွဲစိတ်ကုသမှု ခံရထားသည့် ဝန်ကြီး ဦးစိုးဝင်းမှာ တရားရုံး တက်ရောက်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။
ပါမောက္ခ ရှောင်တာနဲလ် အနေဖြင့် ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်ခံရနိုင်သည့် လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေပုဒ်မ ၁၃(၁) ဖြင့်လည်း တရားစွဲဆိုခံထားရသည်။
စစ်ကောင်စီ လက်အောက် ၁၁ လကျော်ကြာ ဖမ်းဆီးချုပ်နှောင်ခံနေရသည့် ရှောင်တာနဲလ်နှင့် ပတ်သက်ပြီး ဇန်နဝါရီ ၇ ရက်က လာရောက်ခဲ့သော အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်၏ ခရီးစဉ်တွင် ၎င်းအား လွှတ်ပေးရန် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဆွေးနွေးခဲ့သည်။
ယင်းတောင်းဆိုမှုအပေါ် အမှုများ တရားရုံး စစ်ဆေးဆဲသာ ဖြစ်သည့်အတွက် အမိန့်ချမှတ်ပြီးချိန်မှသာ စဉ်းစားဆောင် ရွက်ပေးနိုင်မည် ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင်က ပြောဆိုထားသည်ဟု သိရသည်။
ပြီးခဲ့သည့် ၂၀၂၁ နိုဝင်ဘာလအတွင်းက လာရောက်ခဲ့သည့် အမေရိကန်သံအမတ်ဟောင်း၊ နယူးမက်ဆီကို အုပ်ချုပ်ရေး မှူးဟောင်းဖြစ်သူ ဘေးလ်ရစ်ချက်ဆင် (Bill Richardson) က အာဏာသိမ်း စစ်ခေါင်းဆောင်နှင့် တွေ့ဆုံစဉ် ဖရွန်တီးယား မြန်မာသတင်းဌာနမှ သတင်းထောက်ဖြစ်သူ အမေရိကန်နိုင်ငံသား ဒန်နီဖန်စတာအား လွှတ်ပေးရန် တောင်းဆိုမှုအား စစ်ခေါင်းဆောင်က လိုက်လျောခဲ့သည်။
ထို့ကြောင့် နိုဝင်ဘာ ၁၁ ရက်တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံထားရသည့် ဒန်နီဖန်စတာ အနေဖြင့် ၃ ရက်အကြာ၌ ပြန်လွတ်မြောက်လာခဲ့ပြီး ကျန်ရှိသည့် စစ်ဆေးဆဲ အမှုများကိုလည်း စစ်ကောင်စီက ရုပ်သိမ်းပေးခဲ့သည်။
You may also like these stories:
ပါမောက္ခ ရှောင်တာနဲလ် စွဲဆိုခံရသည့် အမှုနှစ်ခုအတွက် တရားလိုအား အပြန်အလှန်စစ်ဆေး
စီးပွားရေးအကြံပေး မစ္စတာရှောင်တာနဲလ်အမှု နိုဝင်ဘာ ၂၅ ရက်နေ့ စတင်ကြားနာမည်
စီးပွားရေး အကြံပေး မစ္စတာ ရှောင်တာနဲလ်ကို နေပြည်တော်တွင် ရုံးစထုတ်