ချင်းပြည်နယ် ပလက်ဝမြို့အခြေစိုက် အမှတ် ၂၈၉ ခြေလျင်တပ်ရင်းတွင် အလံဖြူထောင်ထားသည်ဟု အင်တာဗျူး ဖြေကြားခဲ့သဖြင့် စစ်တပ်က ဖမ်းသွားသည့် ကျန်မာရေးဝန်ထမ်း ကိုတင်ထွန်းအောင်အား မည်သည့်နေရာတွင် ချုပ်ထားကြောင်း စုံစမ်းမရ ဖြစ်နေသည်ဟု မိသားစုဝင်များက ပြောသည်။
ပလက်ဝအခြေစိုက် အမှတ် (၂၈၉) တပ်ရင်းတွင် အလံဖြူထောင်ထားသည်ကို မြင်တွေ့ရကြောင်း စစ်တွေ အခြေစိုက် Western News သတင်းဌာနကို ဖြေကြားခဲ့ပြီးနောက် ပြီးခဲ့သော ဒီဇင်ဘာလ ၂၈ ရက်နေ့ ညနေပ်ိုင်းတွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက ကိုတင်ထွန်းအောင်ကို ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်။
ကိုတင်ထွန်းအောင်၏ အစ်ကို ဦးမင်းအောင်က “ကျနော့်ညီကို မြို့ထဲမှာ သွားလာနေတာကနေ ဖမ်းသွားတာ။ ဒီလဆန်းပိုင်းကတော့ ၂၈၉ တပ်ရင်းထဲမှာလို့ သိရတယ်။ မိသားစုနဲ့တွေ့ခွင့်၊ အစားအသောက်တွေ ပေးခွင့် မရခဲ့ဘူး။ အခု စစ်တွေကို ရဟတ်ယာဉ်နဲ့ ခေါ်သွားတယ်လို့လည်း ကြားတယ်။ ဘယ်နေရာမှာ ရှိတယ်ဆိုတာ ကျနော်တို့ တိတိကျကျ ဘယ်လိုမှ စုံစမ်းမရဖြစ်နေတယ်” ဟု ဧရာဝတီသို့ ပြောသည်။
စစ်တပ်က ဖမ်းဆီးထားသော ကိုတင်ထွန်းအောင်သည် နေပြည်တော် ပုပ္ဗသီရီမြို့နယ်ရှိ ကုတင် ၃၀၀ ဆေးရုံ တွင် ဓာတ်ခွဲမှူးရာထူးဖြင့် တာဝန်ကျနေသူ တဦးဖြစ်ပြီး မိခင်ဖြစ်သူ ကျန်မာရေး မကောင်းသဖြင့် ခွင့်ယူပြီး မိခင် ကို ပြုစုရန် ပလက်ဝမြို့သို့ လာရောက်ခဲ့ခြင်း ဖြစ်ကြောင်း အစ်ကိုဖြစ်သူ ဦးမင်းအောင်က ဆက်လက်ပြောကြား သည်။
၎င်းက “ကျနော်တို့ ဖြစ်စေချင်တာက ဘယ်လိုကိစ္စတွေကြောင့် ဖမ်းရတယ်၊ စစ်ဆေးဖို့ ဘယ်ကို ခေါ်သွားတယ် ဆိုတာလောက်ကိုတော့ မိသားစုဝင်တွေကို ပြောသင့်တာပေါ့။ သူတို့ (စစ်တပ်) တခုခုနဲ့ စွပ်စွဲမယ်ဆိုရင်လည်း ကျနော်တို့က ဥပဒေနဲ့ အညီ ရင်ဆိုင်မယ်။ အခုက ရဲလက်ထဲမှာလည်း မရှိဘူး။ စစ်တပ် လက်ထဲဆိုတော့ တခုခုဖြစ်သွားမှာကို အရမ်းစိုးရိမ်တယ်” ဟု ဆက်ပြောသည်။
ကိုတင်ထွန်းအောင်ဖမ်းဆီးခံမှုနှင့် ပတ်သက်ပြီး မိသားစုဝင်များ အနေဖြင့် ပလက်ဝမြို့မရဲစခန်းနှင့် မြို့နယ် တရားရုံးသို့ သွားရောက်စုံစမ်းခဲ့ရာတွင် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ထား ကြောင်း ကနဦးသိရှိခဲ့သော်လည်း နောက်ပိုင်းတွင် ဥပဒေအရ တရားရုံးထုတ်လာခြင်း မရှိသလို၊ မည်သည့် နေရာတွင် ဖမ်းဆီးချုပ်နှောင်ထားသည်ကိုလည်း မသိရှိရကြောင်း မိသားစုဝင်များက ဆိုသည်။
အဆိုပါ ပလက်ဝအခြေစိုက် အမှတ် (၂၈၉) တပ်ရင်းတွင် အလံဖြူထောင် ထားသည်ဆိုသည့် ကိစ္စနှင့် ပတ် သက်ပြီး အင်တာဗျူး ဖြေကြားသူ ကိုတင်ထွန်းအောင်ကို စစ်တပ်က ဖမ်းဆီးချုပ်နှောင်ထားသလို၊ သတင်း ဖော်ပြခဲ့သည့် Western News သတင်းဌာနကိုလည်း နိုင်ငံတော်ပုန်ကန်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၂၄ ဖြင့် စစ်တပ်က တရားစွဲဆိုထားသည့်အတွက် သတင်းသမားများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
You may also like these stories:
မိုးလုံးပြည့် မုသာဝါဒ သို့မဟုတ် စစ်ကောင်စီ၏ မသေသပ်သော ဝါဒဖြန့်ချိရေး ဓာတ်ပြားဟောင်း
အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင် စိတ်လွတ်ကိုယ်လွတ် ဖြစ်နေပြီ
မြန်မာစစ်တပ်၏ လုပ်ဇာတ်များအား လျှော့ချခြင်း
အခင်အမင်မပျက်သေးတဲ့ တရုတ်နဲ့ NLD ဆက်ဆံရေး