သတင်း

ငါန်းဇွန်မြို့နယ် NLD အမတ် ဦးကျော်စိုးနိုင်ကို စစ်ကောင်စီတပ် ဖမ်းဆီး

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ် အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်စိုးနိုင် အား ဇန်နဝါရီ ၁၉ ရက်နေ့ ညပိုင်းက စစ်ကိုင်းမြို့နယ် ရွာသစ်ကြီးကျေးရွာတွင် စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးရာတွင် ဦးကျော်စိုးနိုင်အား လက်ခံထားသူ စစ်ကိုင်းမြို့နယ်၊ ရွာသစ်ကြီးကျေးရွာ၊ မတောင့်တရပ်ကွက်မှ အိမ်ရှင် ဦးဌေးလွင်ကိုပါ ဖမ်းဆီး ခေါ်ဆောင်သွားသည်ဟု ဒေသခံများထံက သိရသည်။

“မနေ့ညပိုင်းက အဖမ်းခံလိုက်ရတာပါ။ ရွာသစ်ကြီးကျေးရွာ မတောင့်တ ရပ်ကွက်က သူ့မိတ်ဆွေအိမ်မှာပေါ့။ ခေတ္တ ရောက်နေတဲ့ အချိန်မှာ အင်အား အလုံးအရင်းနဲ့ ပိတ်ဆို့ပြီး ဖမ်းသွားကြတာလို့ သိရတယ်။ သူ့မိတ်ဆွေ အိမ်ရှင်ကိုပါ ဖမ်းခေါ် သွားကြတယ်လို့ သိရတယ်။ ဘယ်ကို ခေါ်သွားလဲ ဆိုတာတော့ မသိရသေးဘူး၊ သေချာတာကတော့ စစ် ကြောရေးပဲပေါ့” ဟု စစ်ကိုင်းမြို့နယ် NLD ပါတီဝင် တဦးက အတည်ပြု ပြောဆိုသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၉ ရက် ည ၁၀ နာရီကျော်အချိန်တွင် စစ်ကိုင်းမြို့နယ်၊ ရွာသစ်ကြီးကျေးရွာ၊ မတောင့်တရပ်ကွက်ရှိ ဦးဌေးလွင်၏ နေအိမ်သို့ အင်အား အပြည့်ပါရှိသော စစ်ကားနှစ်စီးဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး အိမ် ရှင်ဖြစ်သူ ဦးဌေးလွင်နှင့် ခေတ္တ ရောက်နေသည့် ဦးကျော်စိုးနိုင်တို့ကို ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ဖြစ်သည်ဟု သိရ သည်။

ဦးကျော်စိုးနိုင်သည် ၂၀၁၅ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီမှ ဝင် ရောက် ယှဉ်ပြိုင်ခဲ့သော ငါန်းဇွန်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂) မှ မန္တလေးတိုင်းဒေသကြီးလွှတ်တော် ကိုယ်စား လှယ်အဖြစ် အနိုင်ရရှိခဲ့သူ ဖြစ်သည်။

ဒုတိယအကြိမ် မန္တလေးတိုင်း ဒေသကြီး လွှတ်တော်တွင် ဦးကျော်စိုးနိုင်သည် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး ကော်မတီ၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ကော်မတီတို့တွင် အဖွဲ့ဝင်အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သလို၂၀၂၀ ရွေးကောက်ပွဲတွင်လည်း ငါန်းဇွန်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂) မှပင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ အနိုင်ရရှိထားသည်။

ဦးကျော်စိုးနိုင်သည် စစ်တပ်က အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်အထိ ငါန်းဇွန်မြို့၊ အမှတ် ၄ ရပ်ကွက်တွင် မိသားစုနှင့် အတူ နေထိုင်ခဲ့ပြီး စစ်ကောင်စီက NLD ပါတီမှ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များကို ဖမ်းဆီး ထိန်း သိမ်းခြင်းများ လုပ်ဆောင်ခဲ့ချိန်မှ စ၍ ရှောင်တိမ်းခဲ့ခြင်းဟု သိရသည်။

ဖမ်းဆီးခံရချိန်တွင် အသက် ၅၁ နှစ် အရွယ်ရှိပြီဖြစ်သော ဦးကျော်စိုးနိုင်၏ နေအိမ်နှင့် ပိုင်ဆိုင်မှုများကိုလည်း စစ် ကောင်စီက ဒီဇင်ဘာလအတွင်းက ချိတ်ပိတ်ခြင်းကို ပြုလုပ်ထားသလို ဦးကျော်စိုးနိုင်၏ ဇနီး ဒေါ်စုစုဌေး၊ သားဖြစ်သူ ၁၈ နှစ်အရွယ် တက္ကသိုလ်ကျောင်းသား ကိုကောင်းမြတ်နိုင်၊ သမီးဖြစ်သူ ၁၄ နှစ်အရွယ် ရှစ်တန်းကျောင်းသူ မမေထူး နိုင် တို့သည်လည်း စစ်ကောင်စီက ဖမ်းဆီးခံရမည်ကို စိုးရိမ်သဖြင့် ခေတ္တ ရှောင်တိမ်းနေထိုင်သည့် မြစ်သားမြို့နယ်ရှိ ဘုန်းတော်ကြီး ကျောင်းတခုတွင် ၂၀၂၁ ခုနှစ် ဇွန်လ ၂၀ ရက်က စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

ဦးကျော်စိုးနိုင်ကို ငါန်းဇွန်မြို့နယ်မြို့မ ရဲစခန်းတွင် စစ်ကောင်စီက ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ (က)ဖြင့် အမှုဖွင့် ကာ ဖမ်းဝရမ်း ထုတ်ထားခြင်း ဖြစ်သည်။

စစ်အာဏာသိမ်းပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ ထိပ်ပိုင်းခေါင်းဆောင်များ၊ လွတ်တော် ကိုယ် စားလှယ်များ၊ ပါတီဝင်များကို စစ်ကောင်စီ၏ မတရား ဖမ်းဆီးထိန်းသိမ်းခံရမှုများ ရှိနေရာ ဒီဇင်ဘာလကုန်ပိုင်း အထိ ၆၄၉ ဦး ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရပြီး ပြန်လည် လွတ်မြောက်လာသူ ၁၄၆ ဦးနှင့် ထိန်းသိမ်းခံထားရစဉ် ကာလအတွင်း ၁၄ ဦး ကျဆုံးခဲ့သဖြင့် ၄၈၉ ဦး ဖမ်းဆီးထိန်းသိမ်းခံထားရဆဲ ဖြစ်ကြောင်း NLD ပါတီက ထုတ်ပြန်ထားသည်။

ယခုအခါ စစ်ကောင်စီသည် NLD ပါတီမှ လွှတ်တော် ကိုယ်စားလှယ်များကို ဖမ်းဆီး ထိန်းသိမ်း၍ နိုင်ငံတော် အကြည် ညို ပျက်စေမှု ဥပဒေ၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ၊ မတရား အသင်း ဥပဒေများဖြင့် တရားစွဲဆို၍ နှစ်ရှည် ထောင်ချခြင်းများကို ပြုလုပ်လျက်ရှိသည်။

အဆိုပါ အခြေအနေများကို မှတ်တမ်းပြု သတင်း ထုတ်ပြန်ပေးနေသည့် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့် ရှောက်ရေး အသင်း (AAPP) ၏ ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီ ၁ ရက်မှ ဇန်နဝါရီ ၁၉ ရက်ထိ ဖမ်းဆီးချုပ် နှောင်ခြင်း ခံထားရသူ ၈၆၈၇ ဦးအနက် ၆၂၇ ဦး မှာ ထောင်ဒဏ်ချခံ ထားရကြောင်း၊ ထောင်ဒဏ် ကျခံနေရသူ များတွင် အသက် ၁၈ နှစ်အောက် ကလေး ၂ ဦး အပါအဝင် ၈၀ ဦး သေဒဏ် ချမှတ်ခံထားရသည်။

ထို့ပြင် ဖမ်းဝရမ်းထုတ်ခြင်း ခံထားရသောကြောင့် တိမ်းရှောင်နေသူ ၁၉၆၆ ဦးအနက် မျက်ကွယ် သေဒဏ်ချမှတ်ခြင်း ခံထားရသူ ၃၉ ဦး အပါအဝင် ၁၁၈ ဦး မျက်ကွယ် ပြစ်ဒဏ် ချမှတ်ခြင်း ခံထားရသလို သေဆုံးသူ ၁၄၈၄ ဦး ရှိကြောင်း သတင်း ထုတ်ပြန်ထားချက်အရ သိရသည်။

You may also like these stories:

ရန်ကုန်တက္ကသိုလ်ပါမောက္ခ ဒေါက်တာအာကာမိုးသူကို စစ်ကောင်စီက ထောင် ၃ နှစ်ချ

ဆောမြို့နယ်မှ ကျောင်းထိုင်ဆရာတော်ကို လူသားဒိုင်းအဖြစ် စစ်ကောင်စီ ဖမ်းခေါ်

ကောလင်း ဝန်းသိုမှ မြို့မိမြို့ဖနှင့် စီးပွားရေးလုပ်ငန်းရှင်များ စစ်တပ်ဖမ်းထား

Loading