အာဏာသိမ်း စစ်ကောင်စီက ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ)ဖြင့် ထောင်ဒဏ် ၂နှစ် ချထားသည့် မန္တလေးတိုင်း စည်ပင်သာယာရေးဝန်ကြီး၊ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်မှာ ထောင်အတွင်း ကျန်းမာရေးမကောင်းသဖြင့် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။
အကျိုးဆောင်အဖြစ် လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေအဖွဲ့က “ဒေါက်တာရဲလွင်နဲ့က အမိန့်ချပြီးကတည်းက လူချင်း မတွေ့ရတော့ အသေးစိတ်ကိုတော့ မသိရဘူးပေါ့။ သိရသလောက်ကတော့ အစာအိမ် အူလမ်းကြောင်းမှာ ပြဿနာ ရှိနေ တာ။ အရမ်းဆိုးဆိုးရွားရွားကြီးတော့ မဟုတ်ဘူး။ ထောင်အာဏာပိုင်တွေက အမြန်ဆုံး လုပ်ဆောင်ပေးကြတယ်” ဟု ပြောသည်။
ဒေါက်တာရဲလွင်ကို စည်ပင်ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများအား အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြု လုပ်ရန်နှင့် ဆူပူမှုဖြစ်စေရန် လှုံ့ဆော်သည် ဟုဆိုကာ ဒီဇင်ဘာ ၈ ရက်တွင် မန္တလေးဗဟိုအကျဉ်းထောင် (အိုးဘို) ထောင် တွင်း အထူးတရားရုံးက ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ) ဖြင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။
ရှေ့နေအဖွဲ့က “ထောင်ဆရာဝန်ကနေ သမားတော်နဲ့ပြဖို့ လိုအပ်တယ်လို့ လမ်းညွှန်ပေးတာကြောင့် အပြင်က ဆေးရုံ တခုမှာ အူလမ်းကြောင်းကို မှန်ပြောင်းနဲ့ ကြည့်ပြီး ကုသမှုလုပ်ရမှာ ရှိတယ်။ အဲဒီအပေါ်မှာလည်း ထောင် အာဏာပိုင်တွေက ခွင့်ပြုချက်လည်း ပေးထား၊ ရထားပြီးပါပြီ” ဟု ဆိုသည်။
နိုင်ငံရေးအကျဉ်းသားအဖြစ် အိုးဘိုအကျဉ်းထောင်အတွင်း၌ ရှိနေသည့် မန္တလေးတိုင်းအစိုးရအဖွဲ့နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင်များ၏ ကျန်းမာရေး ကိစ္စရပ်များအတွက် ပြင်ပဆေးကုသရေးဘုတ်အဖွဲ့ဖြင့် ချိတ်ဆက်ပြီး လုပ်ဆောင်ပေးနေသလို အရေးကြီးလျှင် ဆရာဝန်ကြီးများက လာရောက်ကြည့်ရှုပေးခြင်းများ ရှိကြောင်း သိရသည်။
“သူတို့ အဖွဲ့ထဲမှာ သူကတော့ (ဒေါက်တာရဲလွင်) ခပ်ချာချာ ဖြစ်နေတာပေါ့။ စိတ်ဓာတ်ပိုင်းဆိုင်ရာမှာလည်း ထိခိုက်ခံစား နေရတယ်။ သူက နိုင်ငံရေးသမားလည်း မဟုတ်တော့ ထောင်ရဲ့ဒဏ်ကို မခံနိုင် ဖြစ်နေတာပေါ့။ အခုက ထောင်ဝင်စာက လည်း ပိတ်ထားပြီး ပါဆယ်ပဲ ပေးလို့ရတာ။ ထောင်ကျဆိုတော့ မိသားစုနဲ့လည်း မတွေ့ရတော့ ပိုဆိုးတာပေါ့။ နောက်တခု က စိတ်ဓာတ်ရေးရာမှာ Depression ဝင်တာက ပိုဆိုးတယ်” ဟု ရှေ့နေအဖွဲ့က ပြောသည်။
ဒေါက်တာရဲလွင်သည် မန္တလေးမြို့တွင် မျက်စိအထူးကုဆရာဝန်ကြီးအဖြစ် လူသိများထင်ရှားသူဖြစ်ပြီး ၂၀၁၅ ရွေးကောက် ပွဲတွင် NLD အစိုးရဖွဲ့နိုင်သည်အထိ အနိုင်ရရှိခဲ့ပြီးနောက် မန္တလေးတိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဖြစ်လာသည့် ဒေါက်တာ ဇော်မြင့်မောင်၏ အဆိုပြုချက်ဖြင့် မန္တလေးမြို့တော်ဝန်၊ စည်ပင်သာယာရေးဝန်ကြီး ဖြစ်လာခဲ့သူ ဖြစ်သည်။
၎င်း၏ ရှေ့နေအဖွဲ့က “Depression ဝင်တာက အမိန့်မချခင်ကတည်းက ဖြစ်နေတာ။ အခြားသူတွေက ရုံးချိန်းရက်တွေမှာ မိန်းမတွေ၊ သားသမီးတွေ လာတွေ့တာတွေ ကြည့်ပြီး စိတ်ခံစားချက်တွေ ဖြစ်နေတာ။ ခက်တာက သူက မိန်းမကလည်း သေထားတာ မကြာသေးတော့ ပိုပြီး ခံစားနေရတယ်လို့ သုံးသပ်ရတာပေါ့” ဟု ဆိုသည်။
ထို့အတူ မန္တလေးတိုင်းအစိုးရအဖွဲ့ လက်အောက်ရှိ နိုင်ငံ့ဝန်ထမ်းများကို ရုံးပိတ်ရက်အဖြစ် သတ်မှတ်ကြောင်း ဝန်ကြီးချုပ် ကိုယ်စား လက်မှတ်ရေးထိုး၍ ထုတ်ပြန်ခဲ့မှုကြောင့် ဟုဆိုကာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ) ဖြင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံထားရသော သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးမျိုးသစ်သည်လည်း ကိုယ်ခန္ဓာ ကျန်း မာရေး ကောင်းမွန်နေသော်လည်း စိတ်ကျန်းမာရေးပိုင်းဆိုင်ရာ အားနည်းနေကြောင်း သိရသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည် ထောင်တွင်းဆေးရုံတက်၍ ကင်ဆာဆေး သွင်းခဲ့ရသေးသည်။
You may also like these stories :
ပြည်သူဘက်ရပ်တဲ့ သံတိုင်ကြားက Smart City ပဲ့ကိုင်ရှင် ဒေါက်တာ ရဲလွင်
မန္တလေးတိုင်း ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ တိုင်းအဆင့်အယူခံ ထပ်တက်မည်