သတင်း

ဒေါ်အောင်ဆန်းစုကြည် အဂတိမှု ၁၀ မှုကို တရက်တည်း ရင်ဆိုင်ရမည်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား အာဏာသိမ်း စစ်ကောင်စီက အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် စွပ်စွဲကာ တရားစွဲဆိုထားမှု ၁၀ မှုအား စစ်ဆေးကြားနာရန် ဖေဖော်ဝါရီ ၄ ရက်နေ့သို့ ရုံးချိန်း ချိန်းဆိုလိုက်ကြောင်း သိရသည်။

ယနေ့ ရုံးချိန်းတွင် ရန်ကုန်နှင့် နေပြည်တော်ရှိ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း စီမံကိန်းများထံ မြေနေရာချထားပေးမှုနှင့် ပတ် သက်ပြီး အဂတိမှု ၄ မှုဖြင့် တရားစွဲဆိုထားမှုအား စစ်ဆေးရန် ချိန်းဆိုထားခြင်း ဖြစ်သော်လည်း တရားလိုပြ သက်သေဖြစ် သူ ဒေါက်တာသန့်သော်ကောင်း လာရောက်ခဲ့ခြင်း မရှိသည့်အတွက် ရုံးချိန်းရွှေ့ဆိုင်းခဲ့ရသည်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၊ အလုပ်အမှုဆောင်အဖွဲ့ဝင်ဖြစ်သူ ဒေါက်တာသန့်သော်ကောင်းသည် ထင်ရှားသည့် စာကြည့် တိုက်ပညာရှင် ဦးသော်ကောင်း၏ မြေးဖြစ်ပြီး ၎င်းကိုယ်တိုင်လည်း ပြည်သူ့စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုဂ္ဂလိကအဖွဲ့အစည်းတခု ဖြစ်သည့် Myanmar Book Aid and Preservation Foundation (MBAPF) ၏ အမှုဆောင် အရာရှိအဖြစ် ဆောင်ရွက်ခဲ့သူ ဖြစ်သည်။

စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်အား အဂတိမှုဖြင့် ထပ်မံစွဲဆိုထားသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကယ် ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန် ကယ်ဆယ်ရေးရဟတ်ယာဉ် ဝယ်ယူမှုနှင့် ပတ်သက်သည့် အမှု ၂ မှု၊ ရဟတ်ယာဉ်ငှားရမ်းမှုနှင့် ပတ်သက်သည့် အမှု ၃ မှုတို့ အတွက်လည်း ယနေ့ ရုံးချိန်းတွင် ရှေ့နေများက ပါဝါတင်ခဲ့ကြ ကြောင်း သိရသည်။

အဆိုပါ ကယ်ဆယ်ရေးရဟတ်ယာဉ် ဝယ်ယူငှားရမ်းမှုနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နည်းတူ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်သည်လည်း အဂတိမှုများဖြင့် တရားစွဲဆိုခံထားရသည်။

စစ်ကောင်စီ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် စွပ်စွဲကာ တရားစွဲဆိုထားသည့် အဂတိမှုများအား သောကြာနေ့တိုင်း ရုံးထုတ်စစ်ဆေးလျက် ရှိသော်လည်း ဦးဖြိုးမင်းသိန်းက ရွှေ ၇ ပိဿာနှင့် ဒေါ်လာ ၆ သိန်း ပေးခဲ့ရသည်ဟု စွပ်စွဲကာ တရား စွဲဆိုသည့် အဂတိမှုအား ဆက်လက်စစ်ဆေးခြင်း မရှိသည်မှာ ၁ လကျော် ရှိပြီ ဖြစ်သည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ အနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပြတ်အသတ် အနိုင်ရခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမှု ပြုလုပ်သည်ဟုစွပ်စွဲကာ အရေးယူမည် ဖြစ်ကြောင်းလည်း စစ်ကောင် စီ လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောထားသေးသည်။

လက်ရှိတွင် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ် အာဏာသိမ်းကတည်းက ဖမ်းဆီးချုပ်နှောင်ခံထားရသည့် ဒေါ်အောင်ဆန်း စုကြည် အနေဖြင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-ခ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ဖြင့် ၂ မှု၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ တို့ဖြင့် ထောင်ဒဏ် ၈ နှစ် ချမှတ်ခံထားရသည်။

ထို့အတူ သမ္မတ ဦးဝင်းမြင့်သည်လည်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-ခ တို့ဖြင့် ထောင်ဒဏ် ၄ နှစ် ချမှတ်ခံထားရသည်။

ထိုသို့ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့အပေါ် ချမှတ်ထားသည့် ထောင်ဒဏ်များထဲမှ ၂ နှစ်စီ အား လျှော့ပေါ့ပေးကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကြေညာထားသည်။

You may also like these stories :

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့် အဂတိမှု ၅ မှုဖြင့် ထပ်မံတရားစွဲခံရ

ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဒဏ် ၄ နှစ် ထပ်မံချမှတ်

Loading