ထိုင်းနိုင်ငံမှ နေရပ်ပြန်လာကြသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများကို မြဝတီမြို့၌ စစ်ကောင်စီဘက်က လက်ကိုင် ဖုန်းများအား စစ်ဆေး၍ နိုင်ငံရေးနှင့် ပတ်သက်သည်များ တွေ့ရှိရပါက ဖမ်းဆီးနေသည်မှာ နှစ်လအတွင်း လူဦးရေ ရာ နှင့်ချီရှိနေပြီ ဖြစ်ကြောင်း နေရပ်ပြန်သူများထံက သိရသည်။
ထိုင်း- မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ မဲဆောက်မြို့တွင် အကြောင်းအမျိုးမျိုးကြောင့် ပိတ်မိနေပြီး နေရပ်ပြန်ရန် အဆင် မပြေသည့် မြန်မာနိုင်ငံသားများနှင့် ထိုင်းနိုင်ငံအတွင်း နေရပ်ပြန်လိုသည့် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများကို မဲဆောက်မြို့ အမှတ် (၂) ချစ်ကြည်ရေး တံတားမှ တပတ်လျှင် ၃ ရက် နေရပ် ပြန်လည် ပို့ဆောင်ပေးနေခြင်း ဖြစ် သည်။
ထိုသို့ နေရပ်ပြန်သူများ၏ လက်ကိုင်ဖုန်းများထဲတွင် နိုင်ငံရေးနှင့် ဆက်နွယ်သည့် ရုပ်ပုံများ၊ ရုပ်သံဖိုင်၊ ဗီဒီယိုဖိုင်များ ရှိမရှိ စစ်ဆေးနေသည့်အပြင် ဖမ်းဆီးခံရမှုများလည်း ရာဂဏန်းခန့် ရှိနေကြောင်း အလုပ်သမားရေး ဆောင်ရွက်နေသူ များက ဆိုသည်။
မဲဆောက် အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲ လှုပ်ရှားမှု ကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက “ဖုန်းထဲမှာ အသံဖိုင်၊ ဗီဒီယိုဖိုင် နိုင်ငံရေးနဲ့ ဆက်နွယ်တာတွေ ရုပ်ပုံတွေ ယုံကြည်ချက်နဲ့ ဆက်နွယ်ပတ်သက်တာတွေကို စစ်ဆေး နေတာ အခုဆိုရင် ၂ လလောက် ရှိပြီ။ လူအရေအတွက်က အတည်ပြုလို့ မရသေးပေမယ့် ဖမ်းခံထားရတာ ၂၀၀ လောက် ရှိနေပြီလို့ ကြားသိရပါတယ်” ဟု ပြောသည်။
အဆိုပါ စစ်ဆေးမှုများကို လွန်ခဲ့တဲ့ ၂ လခန့်မှ စတင် ပြုလုပ်နေခြင်းဖြစ်ပြီး သံသယဖြင့် ဖမ်းဆီးထားသူများအား မြဝတီ အချုပ်၌ ထားရှိကြောင်း သိရသည်။
ထိုင်းဘက်မှ အမှတ် (၂) ချစ်ကြည်ရေးတံတားက တဆင့် မြန်မာဘက်သို့ ပြန်လွှတ်လိုက်သူများအား ကိုဗစ်ရောဂါ စစ်ဆေးရန် ကွာရန်တင်း စင်တာများတွင် ထားရှိပြီးနောက် ၎င်းတို့၏ သက်ဆိုင်ရာနေရာများသို့ ပြန်ရခြင်းဖြစ်သည်။ ထိုသို့ ကွာရန်တင်း စင်တာများ၌ နေစဉ်အတွင်း နေရပ်ပြန်များ၏ ဖုန်းများကို စစ်ဆေးခြင်းဖြစ်ကြောင်း နေရပ်ပြန် တချို့ထံက သိရသည်။
ကိုဗစ်ရောဂါ အခြေအနေများကြောင့် ထိုင်းနိုင်ငံတွင် စက်ရုံအလုပ်ရုံများ ပိတ်လိုက်ရခြင်းကြောင့် အလုပ်လက်မဲ့ ဖြစ် ကြသူများနှင့် တရားမဝင် နယ်စပ်မှ ခိုးဝင်လာခြင်းကြောင့် ဖမ်းဆီးခံရသူများအား နေရပ်ပြန် အစီအစဉ်အနေဖြင့် ထိုင်း-မြန်မာ အာဏာပိုင်များမှ အပတ်စဉ် နေရပ်ပြန်လည် ပို့ဆောင်ပေးလျက်ရှိသည်။
လက်ရှိတွင် ဇန်နဝါရီလ ၁၇ ရက်မှ စတင်ကာ အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့များတွင် တရက်လျှင် ၂၀၀ နှုန်းဖြင့် မြန်မာပြည်ဘက်မှ ပြန်လည် လက်ခံမည်ဖြစ်ကြောင်း သိရသည်။
တဖက်တွင် ထိုသို့ နေရပ်ပြန်လည် ပို့ဆောင်ပေးနေသော်လည်း တဖက်တွင်လည်း ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသူများ နေ့စဉ်နှင့်အမျှ ရှိနေသည်။
ဇန်နဝါရီလ ၁ ရက်မှ ဇန်နဝါရီလ ၁၉ ရက်အထိ ထိုင်းအစိုးရမှ ဖမ်းဆီးရမိသည့် တရားမဝင် ဝင်ရောက်သူပေါင်း ၁၇၀၀ ခန့် ရှိကြောင်း သိရသည်။
ဦးမိုးကြိုးက “မြန်မာနိုင်ငံမှာ စစ်အုပ်ချုပ်ရေးကြောင့် စစ်ကောင်စီကြောင့် အဓမ္မအလုပ်စေခိုင်းတာတွေ မလိုလားအပ် တဲ့ အကြမ်းဖက် ညှဉ်းပန်းနှိပ်စက်တာတွေ ခံရတဲ့အခါကျတော့ အိမ်နီးချင်းနိုင်ငံကို ထွက်ပြေးကြတာပေါ့။ အလုပ် လည်း လုပ်ရင်း။ အဲဒီလို အန္တရာယ်ကြားထဲကနေ တချက်ခုတ်နှစ်ချက်ပြတ်နဲ့ လာကြတာ ဖြစ်တယ်။ မလာပါနဲ့လို့ လည်း မပြောချင်ဘူး။ ကိုယ့်အန္တရာယ်ကိုယ် ကြည့်ရှောင်ပါ။ အရင်လို အလုပ်လုပ်ဖို့ တခုတည်းအတွက် လာကြတာ မဟုတ်ဘူး။ စစ်ကောင်စီရဲ့ အန္တရာယ်ကနေ အသက်အန္တရာယ်ကြားထဲကနေ အသက်ဘေးက တိမ်းရှောင်လာကြရတဲ့ လူတွေဆိုတော့” ဟု ပြောသည်။
ထိုင်း- မြန်မာ ထိစပ်နေသည့် နယ်စပ်ဝင်ပေါက် ၁၀ ပေါက်မှ ဝင်ရောက်လာကြခြင်းဖြစ်ပြီး အများဆုံးမှာ ကန်ချနဘူရီ၊ ပရာကျွတ်ခီရီကန်၊ မယ်ဟောင်ဆောင်၊ မဲဆောက် တို့မှ အများဆုံး ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်း အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်အကိုင် ရှားပါးလာမှုနှင့် နိုင်ငံအတွင်း နေထိုင်ရန် မလုံခြုံမှုများ ကြောင့် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်အတွင်း ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၆ သောင်း ကျော်အား ဖမ်းဆီးခဲ့ကြောင်း ထိုင်းအစိုးရက ထုတ်ပြန်ခဲ့သည်။
လက်ရှိ ထိုင်းနိုင်ငံတွင် တရားဝင်နှင့် တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သား စုစုပေါင်း ၃ သန်းထက်မနည်း ရှိနေပြီ ဖြစ်ကြောင်း အလုပ်သမားရေး ဆောင်ရွက်သူများမှ ခန့်မှန်း တွက်ချက်ထားသည်။
You may also like these stories:
ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်သည့် မြန်မာလုပ်သား အလွန်များနေ
ဘတ် ၃၀ တန် ဆေးရုံကတ်ကို ထိုင်းအစိုးရဆေးရုံတိုင်းတွင် ဆေးကုသခွင့်ပြု
ထိုင်းရောက် မြန်မာများအား CI ကတ် ထုတ်ပေးခြင်း စစ်ခေါင်းဆောင်၏ ဆွေမျိုးကုမ္ပဏီ လုပ်ခွင့်ရ