အာဏာသိမ်းပြီးနောက် လူထု၏ ခုခံတော်လှန် ပြင်းထန်စွာကြုံနေရသည့် စစ်ကောင်စီက အုပ်ချုပ်ရေးလုပ်ငန်း ပိုမိုထိ ရောက်စေရေး ခရိုင်များ ပြင်ဆင်တိုးချဲ့ဖွဲ့စည်းနေကြောင်း ယမန်နေ့က ပြုလုပ်သည့် စစ်ကောင်စီ အစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
ယင်းအစည်းအဝေးတွင် ခရိုင်ဒေသများ၏ အားထားရမှု၊ သွားလာရေးလွယ်ကူမှု၊ အုပ်ချုပ်ရေးအတွက် အရေးပါမှုများ ထည့် သွင်းစဉ်းစားရပြီး စီးပွားရေးဖွံ့ဖြိုးမှု၊ ထင်ပေါ်မှုနှင့် အခြားအရေးပါမှုများကိုပါ ထည့်သွင်းတွက်ချက်ရကြောင်း သူကဆိုသကဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ကလည်း ခရိုင်များ ပြင်ဆင်တိုးချဲ့ ဖွဲ့စည်းရေးအား ဆွေးနွေးတင်ပြခဲ့သည်။
အုပ်ချုပ်ရေးလုပ်ငန်းများ အကြောင်းပြကာ ခရိုင်များပြင်ဆင်ဖွဲ့စည်းရန် စစ်ကောင်စီက ဆောင်ရွက်ခြင်းဖြစ်သော်လည်း တဖက်တွင် ၎င်းတို့က အချိုးကျကိုယ်စားပြု (PR) စနစ်ဖြင့် ရွေးကောက်ပွဲ ကျင်းပမည်ဟု ကြွေးကြော်ထားသည့်အတွက် မဲဆန္ဒနယ်မြေများ ခွဲရန် ပြင်ဆင်လုပ်ဆောင်ခြင်း ဖြစ်ကြောင်း လေ့လာသူများက သုံးသပ်သည်။
ပြီးခဲ့သည့် ဒီဇင်ဘာအတွင်းက ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးတွင် ပြုလုပ်သည့် စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီများတွေ့ဆုံဆွေးနွေးပွဲတွင် PR စနစ်ကျင့်သုံးမည့် ရွေးကောက်ပွဲအတွက် မဲဆန္ဒ နယ်မြေများအား ခရိုင်အခြေပြု သတ်မှတ်ရန် အများစုက ထောက်ခံ ဆွေးနွေးထားကြသည်။
သို့သော် အဆိုပါ တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် နိုင်ငံရေးပါတီအများစုမှာ ရွေးကောက်ပွဲ အနိုင်မရသည့် ပါတီများဖြစ်ပြီး အစဉ်အဆက် ရွေးကောက်ပွဲအနိုင်ရခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနှင့် တိုင်းရင်းသား အင်အားကြီး ပါတီများ တက်ရောက်ခြင်းမရှိသည့်အပြင် PR စနစ်ရွေးကောက်ပွဲကိုလည်း လက်မခံကြောင်း ၎င်းတို့က ထုတ်ဖော်ပြောကြားထားကြသည်။
လတ်တလောတွင် တိုးချဲ့ဖွဲ့စည်းမည့် ခရိုင်များအား စစ်ကောင်စီက အတည်ပြုကြေညာခြင်း မရှိသေးသော်လည်း လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် စာရွက်စာတမ်းများအရ တနိုင်ငံလုံးအတိုင်းအတာဖြင့် မူလ တည်ရှိသည့် ၇၄ ခရိုင်ထဲမှ မြို့နယ်တချို့အား ခွဲထုတ်ကာ ခရိုင်သစ်အဖြစ် ၄၂ ခရိုင်၊ စုစုပေါင်း ၁၁၆ ခရိုင်အထိ ပြင်ဆင်တိုးချဲ့ဖွဲ့စည်းမည်ဆိုသည်ကို တွေ့ရသည်။
ယင်းအထဲတွင် မူလက အရှေ့၊ အနောက်၊ တောင်၊ မြောက်ခရိုင်လေးခုဖြင့်သာ ဖွဲ့စည်းထားသည့် ရန်ကုန်တိုင်းအတွင်း ခရိုင်သစ် ၁၀ ခရိုင် ထပ်တိုးကာ စုစုပေါင်း ၁၄ ခရိုင်ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၄ တွင် “သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း (သို့မဟုတ်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း၌ ရှိသော ကျေးရွာ၊ ကျေးရွာအုပ်စု၊ ရပ်ကွက်၊ မြို့၊ မြို့နယ် (သို့မဟုတ်) ခရိုင်နယ်နိမိတ်များ ပြင်ဆင်ရန်၊ ဖွဲ့စည်းရန် (သို့မဟုတ်) အမည်ပြောင်းလဲရန် ပေါ်ပေါက်လျှင် သက်ဆိုင်ရာတိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်သမ္မတထံ ထောက်ခံတင်ပြပြီး နိုင်ငံတော်သမ္မတက လိုအပ်သလိုဆောင် ရွက်ပေးရမည်” ဟု ပြဌာန်းထားသည်။
သို့သော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်မှာ ဖမ်းဆီးချုပ်နှောင်ခံထားရပြီး စစ်တပ်အနေဖြင့် ဒုသမ္မတဦးမြင့်ဆွေအား ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့က ၎င်းတို့သဘောဖြင့် ယာယီသမ္မတ တင်မြှောက်ကာ အရေးပေါ်အခြေအနေကြေညာပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ အာဏာလွှဲပေးကြောင်း ပြောဆိုကာ အာဏာသိမ်းထားသည်။
စစ်တပ်အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စစ်တပ်အရာရှိနှစ်ဦးက နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကို သမ္မတ ရာထူးက နုတ်ထွက်ရန် ဖိအားပေးခြိမ်းခြောက် ပြောဆိုခဲ့သော်လည်း ငြင်းဆန်ကာ သမ္မတရာထူးက နုတ်မထွက်ခဲ့ကြောင်း နေပြည်တော်အထူး သီးသန့်တရားရုံး တရားခွင်တွင် တရားဝင် ထွက်ဆိုထားသည်။
You may also like these stories:
မိုးလုံးပြည့် မုသာဝါဒ သို့မဟုတ် စစ်ကောင်စီ၏ မသေသပ်သော ဝါဒဖြန့်ချိရေး ဓာတ်ပြားဟောင်း
အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင် စိတ်လွတ်ကိုယ်လွတ် ဖြစ်နေပြီ
မြန်မာစစ်တပ်၏ လုပ်ဇာတ်များအား လျှော့ချခြင်း
အခင်အမင်မပျက်သေးတဲ့ တရုတ်နဲ့ NLD ဆက်ဆံရေး