မြန်မာနိုင်ငံတွင် စစ်ရေးအရ လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ပေးရန် အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်တိုက်နေ သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO) ၃ ဖွဲ့က ပူးတွဲတောင်းဆိုလိုက်သည်။
ဇန်နဝါရီလ ၂၀ ရက်တွင် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီတိုးတက်ရေးပါတီ (KNPP)နှင့် ချင်းအမျိုး သား တပ်ဦး (CNF) တို့က အင်္ဂလိပ်-မြန်မာ ၂ ဘာသာဖြင့် ကြေညာချက်တစောင်ထုတ်၍ အာဆီယံနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းသို့ တောင်းဆိုလိုက်ခြင်းဖြစ်သည်။
ကြေညာချက်နှင့်ပတ်သက်၍ KNU နိုင်ငံခြားရေးဌာန အကြီးအကဲ ပဒိုစောတောနီးက “၂၀ ရက်နေ့ ဒီဇင်ဘာမှာ ကျနော်တို့ No Fly Zone သတ်မှတ်ပေးဖို့ ပြန်ကြားခဲ့တာရှိတယ်။ အဲဒါနဲ့ တဆက်တည်းပဲ ။ အဲဒါပြီး ၂ ရက်လား ၃ ရက်လားပဲကြာတယ်။ လေယာဉ်ပျံတွေနဲ့ ရောက်ချလာတာပဲ။ ဒါကြောင့် ကျနော်တို့ ၃ ဖွဲ့ပေါင်းပြီး ထုတ်ပြန်ကြေညာ လိုက်တယ်ဆိုတာက ဒီ ၃ဖွဲ့ထဲမှာပဲ အခြေခံဖြစ်နေတာမဟုတ်ဘူး။ မြန်မာပြည်တခွင်လုံးမှာ ဖြစ်နေတဲ့အနေအထားပါ။ အနီးစပ်ဆုံးပြောရရင် ချင်း၊ ကချင်၊ ကရင်၊ ကရင်နီ ၊ စစ်ကိုင်းတို့ မကွေးတို့ တနှံတလျားကို ဖြစ်နေပြီ” ဟု ၎င်းက ဆို သည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်သည် နိုင်ငံအနှံ့ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာနေသဖြင့် လူသားချင်း စာနာမှု အကျပ်အတည်းအဖြစ် ဦးတည်နေကြောင်း၊ လေကြောင်းတိုက်ခိုက်မှုကြောင့် နေရပ်စွန့်ခွာထွက်ပြေးရမှုများ နည်းပါးစေရန် လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ပေးရေး တောင်းဆိုရခြင်းဖြစ်ကြောင်း ပဒိုစောတောနီးက ပြောသည်။
CNF ပြောခွင့်ရ ဆလိုင်းထက်နီကလည်း စစ်ကောင်စီတပ်ဘက်က ၎င်း၏လေတပ်ကို စိတ်ကြိုက်သုံးကာ အရပ်သား ပြည်သူများအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုများ ပိုများလာပြီး လူထုအတွက် အန္တရာယ်ပိုရှိလာသဖြင့် ယခုကဲ့သို့ EAO သုံးဖွဲ့ပူးပေါင်းကာ ကြေညာချက်ထုတ်ပြန်ရခြင်းဖြစ်ကြောင်းဆိုသည်။
“အခုစစ်ကောင်စီရဲ့ လှုပ်ရှားမှုတွေက ပြည်တွင်းစစ်မှာ လေတပ်ကို ကြိုက်သလိုသုံးပြီး လုပ်နေတာတွေက ရေရှည်မှာ ကျနော်တို့ ပြည်သူတွေအတွက် အန္တရာယ်ရှိတယ်။ အဲဒီလို ဆက်ပြီး လုပ်နေတယ်ဆိုရင် ကျနော်တို့ မြန်မာနိုင်ငံ သာမက ဒေသတွင်းလုံခြုံရေးကိုပါ ထိခိုက်လာနိုင်တဲ့ အနေအထားအထိ ကျယ်ပြန့်နိုင်တယ်။ အဲဒီကိစ္စက ကုလသမဂ္ဂ လုံခြုံရေးကောင်စီကအစ သက်ဆိုင်သူအားလုံးမှာ တာဝန်ရှိတယ်” ဟု ၎င်းက ဆိုသည်။
EAO ၃ ဖွဲ့က ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာ အဆိုပြုသော မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရန် ပြောဆိုမှုကို ကြိုဆိုကြောင်း လည်း ကြေညာချက်တွင် ပါရှိသည်။
ယင်းအဆိုပြုချက်သည် မစ္စနိုလင်းဟေဇာမှ ဇန်နဝါရီလ ၁၃ ရက်က အာဏာသိမ်း စစ်ကောင်စီနှင့် တွေ့ဆုံခဲ့သော လက်ရှိအာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမော္ဘဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နှင့်တွေ့ဆုံစဉ်တွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။
EAO ၃ ဖွဲ့၏ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံရှိ အရပ်သားပြည်သူများအား လူသားချင်းစာနာမှု အကူအညီများ ပေးရာ တွင် လုပ်ဆောင်သင့်သည့် ပိုမိုအသေးစိတ်ကျသော အကြံပြုချက်များလည်း ထည့်သွင်းထားသည်။
နိုင်ငံတကာအာမခံမှုဖြင့် အရပ်သားပြည်သူများအား အကာအကွယ်ပေးသည့် လုံခြုံသော နေရာများအဖြစ် နေထိုင် ရန်အပြင် ထောက်ပံ့ပေးရန် လိုအပ်သည့် ကျေးရွာများ၊ ပြည်တွင်းနေရပ်စွန့်ခွာသူ စစ်ဘေးရှောင် (IDPs) စခန်းများ၊ ဆေးရုံ၊ ဆေးခန်းနှင့် စာသင်ကျောင်းများကဲ့သို့ နေရာများ တိတိကျကျသတ်မှတ် ကြေညာပေးရန် တောင်းဆိုထား သည်။
ယင်းအပြင် ပိတ်ပင်တားဆီးခြင်းမရှိဘဲ အကူအညီများ လက်ခံရယူနိုင်သည့် နိုင်ငံတကာအတိုင်းအတာဖြင့် ညှိနှိုင်း ထားသော လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာ စင်္ကြန်များ ကြေညာရန် ထုတ်ပြန်ချက်တွင်ပါရှိသည်။

ဧရာဝတီက ပြုစုထားသော စာရင်းများအရ မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာ သိမ်းပြီးနောက် ၂၀၂၁ ခုနှစ် မတ်လ အကုန်မှ ဒီဇင်ဘာ ၂၀ ရက်ထိ ၉ လဝန်းကျင်တွင် ကချင်၊ ရှမ်း၊ ချင်း၊ ကယား၊ ကရင် ပြည်နယ်များနှင့် ပဲခူး၊ စစ်ကိုင်း၊ မကွေးတိုင်းများ အပါအဝင် ပြည်နယ်နှင့်တိုင်း ၈ ခုတွင် စစ်တပ်က လေကြောင်းစစ်ဆင်ရေးကို ရက်ပေါင်း ၆၀ခန့် အထိ အသုံးပြုခဲ့သည်။
တိုက်လေယာဉ်ဖြင့် ဗုံးကြဲခြင်းနှင့် ရဟတ်ယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းမှာ အကြိမ်ပေါင်း ၁၀၀ ကျော်အထိ ရှိခဲ့ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့ကဆိုလျှင် ကယားပြည်နယ်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ရှိ စစ်ဘေး ရှောင် စခန်းတခုအား စစ်ကောင်စီဘက်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်လည်း ရှိသည်။
အဆိုပါတိုက်ခိုက်မှုအတွင်း အသက် ၇ နှစ်အရွယ် ကလေး ငယ်တဦး အပါအဝင် အရပ်သား ပြည်သူ ၃ ဦး သေဆုံးခဲ့ ရသည်။
ထိုကဲ့သို့ လေယာဉ်ဖြင့် အကြိမ်ကြိမ်တိုက်ခိုက်နေသည့်တိုင် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက စစ်ကောင်စီအား ထိရောက်သည့် အရေးယူမှု မလုပ်နိုင်ဘဲ ကြေညာချက်များသာ ထုတ်ပြန်နေသည့်အပေါ် မြန်မာပြည်သူများက စိတ်ပျက်နေကြသည်။
ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှ ဒေသခံတဦးကလည်း “စစ်ရှောင်စခန်းထိ ဝင်လာပြီဆိုတော့ နိုင်ငံတကာက ဥပဒေနဲ့ အညီ အရေးယူမယ်ဆိုတဲ့ဟာပဲ မဟုတ်ပဲနဲ့ တကယ် ဘာတွေများ ကူညီ ပေးနိုင်မလဲ ဆိုတောတော့ ပြန်စဉ်းစားသင့်ပြီ ထင်တယ်။ လက်တွေ့ကျကျ ကူညီသင့်ပြီထင်တယ်။ ဘယ်လောက်ပဲ နှိပ်စက်ခံရ ကန့်ကွက်တယ်၊ ရှုတ်ချတယ်၊ ပြီးတော့ အပြင်းအထန် ရှုတ်ချတယ်။ ဒါပဲပြောနေ တာကျတော့ အဓိပ္ပာယ် မရှိတော့ဘူဗျာ” ဟုဆိုသည်။
မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက် စစ်တပ်နှင့် အာဏာသိမ်းမှု ဆန့်ကျင့်သည့် အင်အားစုများအကြား ဖြစ်ပွား သော တိုက်ပွဲများကြောင့် ကယားပြည်နယ်တွင် စစ်ဘေးရှောင် ၁ သိန်း ၅ သောင်း ရှိနေပြီး ချင်းပြည်နယ်တွင် ၅ သောင်း ၇ ထောင်ကျော်ရှိနေကာ ကရင်ပြည်နယ်တွင် စစ်ဘေးရှောင် အနည်းဆုံး ၅ သောင်းကျော်ရှိ နေကြောင်း ယင်းပြည်နယ်အခြေစိုက် EAO များထံမှသိရသည်။
အလားတူ စစ်ကိုင်းတိုင်းတွင်လည်း တိုက်ပွဲကြောင့် ပြည်သူ ၆ သောင်းကျော် စစ်ရှောင်နေရကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှု ဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA- Myanmar) ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။