သတင်း

ကယားတွင် အာဏာသိမ်းစစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးထပ်ကြဲ

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် ဒေသကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်ကြား ဇန်နဝါရီ ၂၁ ရက်နေ့က တနေကုန် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ပြီးနောက် ညနေပိုင်းတွင် အာဏာသိမ်းတပ်က လေကြောင်းဖြင့်ပါ ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။

ဒီးမော့ဆိုမြို့နယ်၊ ဒေါပိုးစီ၊ ၅ မိုင်နှင့် ၆ မိုင်တို့၌ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်မှ တိုက်လေယာဉ် ၂ စင်းဖြင့် ညနေ ၅ နာရီကျော်တွင် တကြိမ်၊ ည ၉ နာရီတွင် တကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က သတင်းထုတ်ပြန်သည်။

KNDF တပ်ဖွဲ့ဝင်တဦးက “တရက်ပြီးတရက် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာတွေ များလာတယ်။ လွန်ခဲ့တဲ့ ရက်က ဟိုယာဘက်က စစ်ရှောင်စခန်း ၁ ခုကို ပစ်ခတ်တာကတော့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တယ်လို့ အခိုင်အမာ ပြောလို့ရတယ်” ဟု ပြောသည်။

၎င်းကဆက်၍ “အဲဒီနေ့မှာ တိုက်ပွဲဖြစ်တာက မိုင်းလုံးမှာပါ။ ဒါပေမဲ့ မိုင်းလုံးနဲ့ လှမ်းတဲ့နေရာမှာ ဘာကြောင့် လူထုတွေ ကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲရလဲ။ စစ်ကောင်စီက အကြမ်းဖက်အဖွဲ့လို့ သူယူဆထားတဲ့ လူတွေကို ပစ်ခတ်တာမျိုး မဟုတ်ဘူး။ အခုက ကရင်နီပြည်နယ်မှာရှိတဲ့ လူထုတွေကို လေကြောင်းကပါ တိုက်ခိုက်နေတာက တရက်ပြီးတရက် ပိုမိုပြင်းထန်လာတာ တွေ့ရတယ်” ဟု ပြောသည်။

ကယားပြည်နယ်၊ လွိုင်ကော်တွင် ဇန်နဝါရီ ၆ ရက်၌ စစ်တပ်က လေကြောင်း တိုက်ခိုက်မှု စတင်လာပြီးနောက် တခြား မြို့နယ်များအထိပါ တိုက်ပွဲများကူးစက်လာပြီး လေကြောင်း တိုက်ခိုက်မှုများကို ဆက်တိုက် ပြုလုပ်နေခြင်း ဖြစ်သည်။

တိုက်ပွဲနှင့် မသက်ဆိုင်သည့် စစ်ဘေးရှောင်စခန်းများ၊ လူနေရပ်ကွက်များအထိပါ စစ်ကောင်စီတပ်က လေကြောင်းပစ် ခတ်မှုများ၊ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့်အတွက် အပြစ်မဲ့ပြည်သူများ သေဆုံးခဲ့ရသည်ဟုလည်း KNDF က ဆိုသည်။

ကယားတွင် စစ်တပ်က တိုက်ခိုက်မှု/ FBR Karenni

ဖရူဆိုမြို့နယ်၊ ဟိုယာကျေးရွာအုပ်စု၊ ရီခီးဘူးကျေးရွာအနီး တည်ရှိပြီး စစ်ရှောင်စခန်းအနီး တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီတပ်က ဇန်နဝါရီ ၁၇ ရက်၊ နံနက် ၁ နာရီကျော်တွင် လေယာဉ်ဖြင့် ၄ ကြိမ်ခန့် ဗုံးကြဲခဲ့ခြင်းကြောင့် အသက် ၁၂ နှစ်နှင့် ၁၅ နှစ်အရွယ် ညီအစ်မ ၂ ဦးအပြင် အသက် ၅၁ အရွယ် အမျိုးသား ၁ ဦးတို့ ထိမှန်သေဆုံးခဲ့သည်။

ထို့ပြင် ဇန်နဝါရီ ၁၆ ရက်ကလည်း ဒီးမော့ဆိုမြို့နယ်၊ နန်းမယ်ခုံမြို့တွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပရဟိတလူငယ် ၃ ဦး ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။

ဇန်ဝါရီ ၁၁ ရက်ကလည်း လေကြောင်းအပြင် အမြောက်ကြီးများနှင့် တိုက်ခိုက်ခံရသည့်အတွက် လွိုင်ကော်မှ အရပ် သား ၆ ဦး သေဆုံးပြီး ဒေသခံ ၄၀,၀၀၀ ကျော် မြို့ကို စွန့်ခွာခဲ့ရကြောင်း၊ စစ်ကောင်စီက ယင်းမြို့အား ဂျက်တိုက်လေ ယာဉ် ၂ စင်းနှင့် တိုက်ခိုက်ရေး ရဟတ်ယာဉ် ၁ စင်း အသုံးပြု တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီဘက်ကမူ အဆိုပါ တိုက်ခိုက်မှုနှင့် ပတ်သက်၍ ၎င်းတို့ အကြမ်းဖက်သမားဟု ယူဆသူများက မြို့တွင်း လူနေရပ်ကွက်များအတွင်း စတင်ဝင်ရောက်တိုက်ခိုက်ခြင်း၊ ပြည်သူများအား ထွက်ခွာခွင့် မပေးဘဲ လူသားတံတိုင်း သဖွယ် အသုံးပြုပြီး အကာအကွယ်များ ရယူခဲ့သည့်အတွက် လေကြောင်းနှင့် လက်နက်ကြီးများဖြင့် ပစ်ကူရယူခဲ့ရ ကြောင်း ငြင်းချက်ထုတ်ထားသည်။

ထို့ပြင် စစ်ကောင်စီ လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း စစ်ကောင်စီက အကြမ်းဖက်သမားများဟု ယူဆသူများကိုသာ ပြန်လည်တုံ့ပြန် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အပြစ်မဲ့အရပ်သားများကို တိုက်ခိုက်ခဲ့ခြင်း မရှိခဲ့ကြောင်း ယမန်နေ့က ထုန်ပြန်ပြောဆိုခဲ့သည်။

ထိုကဲ့သို့ ထုတ်ပြန် ပြောဆိုနေမှုများသည် စစ်ကောင်စီက နိုင်ငံတကာ မျက်နှာစာတွင် မျက်နှာပန်းလှရုံ ပြောဆိုနေ ခြင်းဖြစ်ပြီး လက်တွေ့၌ ပြည်သူများအပေါ် စစ်ကောင်စီတပ်က မည်ကဲ့သို့ ပြုမူနေသည်ကို သိရှိရန် အချက်အလက်မှန် များအား နိုင်ငံတကာက ကြည့်ရှုသင့်ကြောင်း KNDF က ဆိုသည်။

ကယားတွင် စစ်တပ်က တိုက်ခိုက်မှု/ FBR Karenni

KNDF တပ်ဖွဲ့ဝင် တဦးက “စစ်ကောင်စီ ထုတ်ပြန်တာက သူတို့ကို ကျနော်တို့က ပြောရမယ့်ဟာပါ။ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖယ်ခုံမှာ လူသားဒိုင်း ကာအဖြစ် စစ်ကောင်စီက လူတွေခေါ်ပြီးတော့ ရိုက်သတ်နေတာ ရေတွက်လို့တောင် မရတော့ဘူး။ အဲဒါကြီးကို ဒီလို ပြောတယ်ဆိုတာ ကျနော်တို့ထက် လက်ဦးမှု ရယူပြီးတော့ နိုင်ငံတကာ အသိုင်းအဝိုင်းမှာ မျက်နှာပန်းလှအောင် ပြောတဲ့ စကားလုံး သက်သက်ပါပဲ။ စစ်ကောင်စီက သူတောင် အဲဒီလိုမျိုး ပြောထွက်တယ်ဆိုတော့ တော်တော်ကို အရှက်တရားမရှိတဲ့ ကိစ္စလို့ပဲ ပြောချင်တယ်” ဟု ပြောသည်။

အရပ်သားပစ်မှတ်များအား လေကြောင်းတိုက်ခိုက်ခြင်းကို ဂျနီဗာကွန်ဗင်းရှင်းနှင့် နိုင်ငံတကာ လူသားချင်းစာနာမှု ဥပဒေများက ပိတ်ပင်တားမြစ်ထားသော်လည်း စစ်ကောင်စီက စစ်ကိုင်းနှင့် မကွေးတိုင်း၊ ချင်း၊ ကချင်၊ ရှမ်း၊ ကယား နှင့် ကရင်ပြည်နယ်များတွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ ရဟတ်ယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းမှာ အကြိမ် ပေါင်း ၁၀၀ ကျော်ထိ ရှိပြီ ဖြစ်သည်။

ထိုကဲ့သို့ လေကြောင်းဖြင့် တိုက်ခိုက်နေမှုများကို ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက ကန့်ကွက် ရှုတ်ချကြောင်း သဘောထားများ ထုတ်ပြန်ပြောကြားနေသော်လည်း စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု များကို ဆက်လက် လုပ်ဆောင်နေဆဲပင် ဖြစ်သည်။

နိုင်ငံတကာ အနေဖြင့် စစ်ကောင်စီအား ဖိအားပေးနိုင်လောက်သည့် အဆင့်ကိုသာ လုပ်ဆောင်နိုင်သည့်အတွက် စစ်ကောင်စီက ထိုကဲ့သို့ ဖိအားပေးမှုကို ဂရုစိုက်မည် မဟုတ်ဘဲ နယ်မြေထိန်းချုပ်နိုင်ရေးအတွက် ပြည်သူလည်း မရှောင်၊ စစ်ပွဲကိုသာ ဦးတည်လုပ်ဆောင်နေဦးမည် ဖြစ်ကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ကိုဗညားက သုံးသပ်ပြောဆိုသည်။

၎င်းက “ဒီပွဲမှာ နိုင်ငံတကာက မြန်မာနိုင်ငံထဲကို ဝင်ရောက်စွက်ဖက်လို့ မရမှန်း သူ (စစ်ကောင်စီ) ကောင်းကောင်းသိ တယ်။ ဖိအားလောက်ပဲ ပေးနိုင်မယ်။ စစ်ရေးအရ မြေပြင်မှာ အောင်ဖို့က အဓိက ကျတယ်။ သံခင်းတမန်ခင်းမှာလည်း ရှုံးမယ်ဆိုတာ သူတို့ သိပြီးသားပဲ။ အဲဒီတော့ နယ်မြေစိုးမိုးရေးပဲ ပြောပြော ဒီနိုင်ငံကို မဖြစ်မနေ ထိန်းချုပ်ဖို့ လိုတယ်။ တရားဝင်မှုကို နိုင်ငံတကာ အသိုင်းအဝိုင်းကနေ ယူလို့ မရတဲ့အချိန်မှာ နောက်ဆုံးမှာ နိုင်ငံကို အုပ်ချုပ်နိုင်တဲ့ အကျယ် အဝန်း၊ ထိန်းချုပ်နိုင်တဲ့ ပုံစံယူဖို့အတွက် လုံးဝ သန္နိဋ္ဌာန် ချသွားပြီလို့ မြင်တယ်” ဟု ပြောသည်။

ဆက်လက်၍ ကိုဗညား က “အဲဒီ အတွက်အကြောင့် နိုင်ငံတကာက ဘယ်လောက် ဖိအားပေးပေး သေချာတာတခု ကတော့ သူ့ဘက်က ပါနေတဲ့ တချို့ နိုင်ငံကြီးတွေ ရှိနေသေးသ၍ကတော့ မြန်မာနိုင်ငံထဲကို စစ်ရေးအရ ဝင်ရောက် စွက်ဖက်နိုင်ခြင်း မရှိတဲ့အတွက်ကြောင့် စစ်တပ်ကတော့ ပြည်သူဖြစ်စေ၊ ရန်သူဖြစ်စေ မရွေးဘဲနဲ့ အနိုင်ပိုင်းလိုတဲ့ စိတ် ဆန္ဒနဲ့ စစ်ပွဲကို ဆင်နွှဲနေတာပေါ့။ အဲဒါကြောင့် နိုင်ငံတကာ ဖိအားပေးမှုကိုတော့ နားထောင်လိမ့်မှာ မဟုတ်ဘူး။ နယ် မြေကို ထိန်းချုပ်နိုင်ဖို့အတွက် သူတို့ရဲ့ ယန္တရားတွေကို ပြန်လည်ထူထောင်နိုင်ဖို့ အတွက်က အဓိက ကျသွားပြီ” ဟု ဆိုသည်။

စစ်အာဏာသိမ်းပြီးနောက် ကရင်နီပြည်နယ်အတွင်း စစ်တပ်နှင့် အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ကရင်နီတိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များ၊ ဒေသပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များကြား ဖြစ်ပွားသော တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ၁၅၀,၀၀၀ ခန့် ရှိနေကြောင်း သိရသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများနှင့် ပတ်သက်၍ ဇန်နဝါရီ ၂၀ ရက်က ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီတိုးတက်ရေးပါတီ (KNPP)နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့ ပူးတွဲကြေညာချက်တစောင် ထုတ်ပြန် ပြီး မြန်မာနိုင်ငံတွင် စစ်ရေးအရ လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ပေးရန် အာဆီယံနှင့် နိုင်ငံတကာ အသိုင်းအဝိုင်း သို့ တောင်းဆိုခဲ့သည်။

You may also like these stories:

စစ်ရေးအရ လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ရန် တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့တောင်းဆို

ဗုံးခိုကျင်းများ တူးရန် ကယားအရပ်သားများကို တိုက်တွန်းထား

Loading