ရှမ်းပြည်နယ်တောင်ပိုင်း၊ ခိုင်လုံမြို့နယ်ထဲတွင် ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ် (UWSA) တပ်ဖွဲ့ဝင်များသည် စစ်ရေး ပြင်ဆင်မှုများ လုပ်ဆောင်နေကြောင်း UWSA ၏ Wa State TV က ဇန်နဝါရီ ၂၂ ရက်တွင် သတင်းထုတ်ပြန်သည်။
UWSA ၏ ၁၇၁ စစ်ဒေသထဲ အကျုံးဝင်သော ခိုင်လုံမြို့နယ်တွင် UWSA ၏ တပ်မဟာ ၇၇၈ လက်အောက်ခံ ကွန်မန်ဒို တပ်ဖွဲ့ အပါအဝင် တပ်ဖွဲ့ဝင်အင်အား ရာချီက လက်နက်ကြီးများ၊ စက်သေနတ်များဖြင့် စစ်ရေး အသင့်အနေအထား ပြင် ဆင်နေခြင်း ဖြစ်ကြောင်း Wa State TV က တရုတ်ဘာသာစကားဖြင့် ကြေညာသည့် ရုပ်သံသတင်းအရ သိရသည်။
သတင်းတွင် UWSA ဘက်က စတင် တိုက်ခိုက်မည် မဟုတ်သော်လည်း ဝ တောင်ပိုင်း ၁၇၁ စစ်ဒေသသို့ ကျူးကျော်လာပါ က ပြတ်ပြတ်သားသား ခုခံတိုက်ခိုက်သွားမည် ဖြစ်ကြောင်း ပါရှိသည်။
UWSA တပ်ဖွဲ့ဝင်များ စစ်ရေးပြင်ဆင်နေသည့် ခိုင်လုံမြို့နယ်သည် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ၏ ဗဟိုဌာနချုပ်ရှိရာ လွယ်တိုင်းလျန်းနှင့် နယ်မြေချင်း စပ်ဆက်နေသဖြင့် RCSS ကို တိုက်ရန် ဝ တပ်ဖွဲ့ဝင်များ စစ်ရေး ပြင် ဆင်နေခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်ချက်များ လူမှုကွန်ရက်တွင် ထွက်ပေါ်နေသည်။
ထို့ပြင် မကြာသေးမီရက်ပိုင်းအတွင်း RCSS ဘက်က UWSA ထံ စာတစောင်ပို့ခဲ့ပြီး ယင်းစာထဲတွင် UWSA အနေဖြင့် RCSS နှင့် လက်နက်ကိုင်ပဋိပက္ခ ဖြစ်နေသော ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ တအာင်း(ပလောင်) လွတ်မြောက်ရေး တပ် (TNLA) တို့အား ဆက်လက် ကူညီနေမည်ဆိုပါက ဝ တောင်ပိုင်း ၁၇၁ စစ်ဒေသအား တိုက်ခိုက်မည်ဟု ပါရှိကြောင်း သတင်းများလည်း ထွက်နေသည်။
စစ်ရေးပြင်ဆင်နေမှု အခြေအနေများနှင့် ပတ်သက်၍ ပိုမိုသိရှိနိုင်ရန် UWSA ၏ လားရှိုးမြို့ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရန်းအား ဧရာဝတီက ဆက်သွယ်ခဲ့သော်လည်း မရရှိသဖြင့် UWSA ဘက်မှ သဘောထားကို သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။
RCSS အတွင်းရေးမှူး (၂) ဗိုလ်မှူးခမ်းစံကမူ မြေပြင်တွင် RCSS နှင့် UWSA တောင်ပိုင်း တပ်ဖွဲ့ဝင်များကြား စစ်ရေးတင်းမာ မှု မရှိဘဲ အခြေအနေ တည်ငြိမ်နေကြောင်း ဧရာဝတီသို့ ပြောသည်။
၎င်းက “ဒီနေ့ အထိကတော့ အခြေအနေက တည်ငြိမ်နေသေးတယ်။ ထူးခြားမှုကတော့ မရှိဘူးပေါ့။ မြေပြင်မှာ စစ်ရေးတင်းမာမှု ကတော့ မရှိသေးဘူး” ဟု ဆိုသည်။
ထို့ပြင် RCSS က UWSA ၏ ၁၇၁ စစ်ဒေသအား တိုက်ခိုက်မည်ဆိုသော စာပေးပို့သည့် ကိစ္စကိုလည်း ၎င်းအနေဖြင့် သေချာမသိကြောင်း ဗိုလ်မှူးခမ်းစံက ပြောသည်။
၎င်းက “စာပို့တဲ့ကိစ္စတော့ ကျနော် မသိရသေးဘူးဗျ။ အခုတလောက မီဒီယာထဲမှာလည်း သတင်းအမှားတွေ ဖြန့်တာတို့၊ အခြေ အမြစ်မရှိတဲ့ သတင်းတွေ ပျံ့နှံ့နေတာပေါ့။ မီဒီယာမှာက အခုက တအားဖွနေကြတယ်လေ။ Sensitive (ထိလွယ်ရှလွယ်) ဖြစ်တဲ့ အနေအထားတော့ ရှိတာပေါ့။ တိုက်ပွဲဖြစ်ပြီတို့၊ ဟိုနေရာမှာ ဖြစ်တယ်၊ ဒီနေရာမှာ ဖြစ်တယ်လို့ ဖွနေတာတွေတော့ ရှိတာပေါ့” ဟု ပြောသည်။
ထို့ပြင် သတင်းမီဒီယာအချို့ ရေးသားနေသကဲ့သို့ RCSS နှင့် အာဏာသိမ်း စစ်ကောင်စီတို့ကြား ထိုင်းနိုင်ငံတွင် ဆွေးနွေးခဲ့ ပြီး စစ်ကောင်စီအတွက် RCSS ဘက်က လေယာဉ်ဆီများ သယ်ပေးမည်ဆိုသည့် သတင်းမှာလည်း မှန်ကန်မှု မရှိကြောင်း ဗိုလ်မှူးခမ်းစံက ပြောသည်။
အမည်မဖော်လိုသည့် မြန်မာနိုင်ငံအခြေစိုက် နိုင်ငံရေးလေ့လာသူ တဦးကမူ RCSS ဘက်က UWSA တောင်ပိုင်းအား တိုက်ခိုက်မည်ဆိုသည့် သတင်းအမှားများ ထွက်ပေါ်နေသဖြင့် UWSA ဘက်က ခုခံစစ် ပြင်ဆင်ခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်သည်။
၎င်းက “အင်အား ပြနေကြတာပါ။ တိုက်ပွဲ မဖြစ်လောက်ဘူး ထင်တယ်။ အဲဒီ သတင်းအမှားတွေ ပြန့်နေလို့ UWSA က စစ်ပြင် တာ။ အဲဒီ သတင်းအမှားအကြောင်းနဲ့ ပတ်သက်ပြီး UWSA ကို သူတို့ တိုက်မှာ မဟုတ်တဲ့အကြောင်း RCSS က စာပြန်ပို့ ထားတယ် ကြားတယ်” ဟု ပြောသည်။
ဆက်လက်၍ နိုင်ငံရေးလေ့လာသူတဦးက လတ်တလော ကာလအတွင်း စစ်ကောင်စီအတွက် RCSS ဘက်က လေယာဉ် ဆီ သယ်ပေးမည်ဆိုသည့်ကိစ္စ အပါအဝင် RCSS နှင့် ပတ်သက်၍ သတင်းအမှား ဖြန့်ဝေနေသူများ ရှိပုံရကြောင်း မှတ်ချက်ပေးသည်။
ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းဆတ်ခရိုင်တွင် တည်ရှိသည့် ဝ တောင်ပိုင်း ၁၇၁ စစ်ဒေသသည် စစ်နယ်မြေ ၃ ခု ခွဲထားကာ တပ်မဟာ ၅ ခုကို အခြေစိုက်ထားပြီး ဝ လူဦးရေ ၈၀,၀၀၀ ကျော် နေထိုင်နေသည်။
RCSS နှင့် UWSA တို့သည် ၂၀၀၂ မှ စတင်ကာ ၂၀၀၅ ခုနှစ်အထိ ရှမ်းပြည်နယ်တောင်ပိုင်း သံလွင်မြစ် အရှေ့ခြမ်းတွင် တိုက်ပွဲများ အပြင်းအထန် ဖြစ်ခဲ့ဖူးပြီး နှစ်ဖက်စစ်ပန်းသွားသည့်နောက် အပစ်အခတ် ရပ်စဲခဲ့ကြသည်။
မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်အတွင်း RCSS တပ်ဖွဲ့ဝင်များ ရှမ်းပြည်နယ်မြောက်ပိုင်း သို့ ဖြန့်ကျက်လှုပ်ရှားလာသည့်နောက် TNLA နှင့် SSPP ပူးပေါင်းတပ်များဘက်မှ UWSA တပ်ဖွဲ့ဝင် အမြောက်အမြား ပါဝင် ကူညီ တိုက်ခိုက်ပေးခဲ့သည်။
TNLA၊ SSPP နှင့် UWSA တပ်များ၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် တရုတ်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများ အကောင် အထည်ဖော်ရန် ရှိနေသည့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် RCSS သည် ခြေကုပ်နယ်မြေ အတော်များများ လက်လွှတ် ဆုံးရှုံးခဲ့ရသည်။