ဘဏ်ချေးငွေဖြင့် ကားများဝယ်ယူကာ အဝေးပြေး ကုန်စည်ပို့ဆောင်ရေး လုပ်ငန်း လုပ်ကိုင်သူများ အနေဖြင့် အာဏာ သိမ်းပြီးနောက်ပိုင်း စီးပွားရေး ကျဆင်းမှုကြောင့် အဆင်မပြေဖြစ်ကာ ချေးငွေပြန်မဆပ်နိုင်သဖြင့် ကုန်ကားတချို့ ပြန်လည် သိမ်းယူခြင်း ခံရမှုများ ရှိနေကြောင်း သိရသည်။
လက်ရှိ ဖြစ်ပေါ်နေသော နိုင်ငံရေး အခြေအနေများကြောင့် အဝေးပြေး ကုန်စည်သယ်ယူပို့ဆောင်ရေး လုပ်ငန်းများမှာ ပြည်ပတင်ပို့မှု လျော့ကျခြင်း၊ ပြည်တွင်းထုတ်လုပ်မှု လျော့ကျခြင်း၊ နယ်မြေမတည်ငြိမ်သဖြင့် နိုင်ငံတဝှမ်းသွားလာရေး ခက်ခဲခြင်းတို့ကြောင့် ကုန်စည်သယ်ယူပို့ဆောင်ရေး လုပ်ငန်းများသည် အရှုံးနှင့် ရင်ဆိုင်နေရကာ တချို့ ဘဏ်ချေးငွေနှင့် အရစ်ကျဝယ်ယူပြီး ရင်းနှီးထားသူများ အနေဖြင့် လက်ရှိအချိန်တွင် ချေးငွေ ပြန်မဆပ်နိုင်ဘဲ ရှိရာ ကားများ ပြန်လည် သိမ်းယူခံနေရခြင်း ဖြစ်ကြောင်း အဝေးပြေး ကုန်စည်သယ်ယူပို့ဆောင်ရေး လုပ်ငန်းရှင်များ ထံမှသိရ သည်။
“ပထမတော့ ကျနော်တို့ ဘဏ်ချေးငွေနဲ့ ဝယ်ကြတယ်။ အခု အလုပ်ကမကောင်းတော့ လစဉ် ပြန်ဆပ်ရတဲ့ငွေကို မဆပ်နိုင်ကြတော့ဘူးလေ။ အဲဒီတော့ တချို့လည်း ကုမ္ပဏီက ပြန်သိမ်းတာပေါ့။ ပုံမှန်လည်ပတ်နိုင်ရင်တော့ ဒီပြဿနာက မရှိနိုင်ပါဘူး။ အစကတည်းက တွက်ပြီး လုပ်ကြရတဲ့ အလုပ်ပဲလေ။ အဆင်မပြေတဲ့အတွက် မတတ်နိုင်တော့တာ” ဟု လုပ်ငန်းရှင်တဦးက ပြောသည်။
စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေးရိုက်ခတ်မှုများကြောင့် မြန်မာ့ငွေကြေးတန်ဖိုး ကျဆင်းပြီး သွင်းကုန်ပစ္စည်း များ ဈေးနှုန်းမြင့်တက်လာမှုနှင့်အတူ စက်သုံးဆီဈေးနှုန်းများ၊ ကားနှင့် ဆက်စပ်ပစ္စည်းဈေးနှုန်းများ မြင့်တက်လာသဖြင့် ယာဉ်လုပ်ငန်းများ အခက်တွေ့နေရခြင်း ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။
ထိုသို့သိမ်းယူရာတွင် အာဏာသိမ်းပြီးနောက်ပိုင်း ကနဦးအနေနှင့် ချေးငွေ ပြန်ဆပ်သည့်ကာလကို ၃ လ ဆိုင်းငံ့ပေး ထားပြီး ယင်းဆိုင်းငံ့ကာလကျော်၍ ပြန်မဆပ်လျှင် ဘဏ်မှ သိမ်းယူခြင်း ဖြစ်ကြောင်း လုပ်ငန်းရှင်များက ပြောသည်။
ရန်ကုန်-နေပြည်တော် ပြေးဆွဲနေသည့် ကုန်ကားပိုင်ရှင် တဦးက “အခုနောက်ပိုင်း ပြန်သိမ်းတာတွေ ရှိနေတယ်။ ကျနော် ကတော့ ယူမထားပေမယ့် တခြားယူထားတဲ့ သူတွေဆီက ပြန်သိမ်းနေတာ ရှိတယ်။ ဈေးဖြတ်ရောင်းတာတွေလည်း ရှိ တယ်။ အခုကတော့ လိုင်းကြေးကလည်း ပေးရတာ များတယ်။ အထွေထွေ စရိတ်တွေကလည်း မကိုက်တော့ လုပ် ငန်းတွေက အရှုံးပေါ်နေတာပေါ့” ဟု ဆိုသည်။
စက်သုံးဆီဈေး၊ ကားနှင့်ဆက်စပ်ပစ္စည်း စသည့် အထွေထွေကုန်ကျစရိတ်များ မြင့်လာသည့်အပြင် နိုင်ငံတဝှမ်း စစ်ဆေး ရေးဂိတ်များ များလာသဖြင့် ငွေကြေးများ ပိုပေးရခြင်း အစရှိသည်တို့ကြောင့် တန်ဆာခများ တိုးမြှင့်ကောက်ခံရသော်လည်း တင်ဆောင်ရမည့် ကုန်ပစ္စည်းရှားပါးလာသဖြင့် စစ်အာဏာမသိမ်းခင်က ၁၂ ဘီးကားတစီးလျှင် ကျပ် ၇ သိန်း ရရှိရာမှ ယခု ကျပ် ၅ သိန်းကျော် ရရန်ပင် အနိုင်နိုင်ဖြစ်သဖြင့် လုပ်ငန်းများ အရှုံးရှိနေခြင်း ဖြစ်ကြောင်း သိရသည်။
ထို့ပြင် နိုင်ငံတဝှမ်း နယ်မြေမတည်ငြိမ်မှုကြောင့် ယခင် ၃ ရက်ကြာ ခရီးကို ယခု ၇ရက် ခန့် အချိန်ယူသွားလာနေရသဖြင့် ကုန်ကျစရိတ်များ ပိုလာကာ ကုန်စည်ပို့ဆောင်ရေး ကားအများစုမှာလည်း ရပ်နားထားရကြောင်း သိရသည်။
အထူးသဖြင့် လုံခြုံရေးအရ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း စသည်ဖြင့် သွားလာရ ကျပ်တည်းသော ဒေသများသို့ သယ်ယူ ပို့ဆောင်သည့် လုပ်ငန်းအများစုမှာ ရောက်ရှိသည့်နေရာများ၌ပင် ရပ်နားထားရကြောင်း လုပ်ငန်းရှင်တချို့က ပြောသည်။
မကွေးတိုင်းမှ ကုန်စည်သယ်ယူပို့ဆောင်ရေး ယာဉ်ပိုင်ရှင်တဦးက “ကျနော်တို့ဆီမှာ အဲဒီလိုမျိုး ဘဏ်တွေက ချေးငွေ မဆပ်နိုင်ရင် ပြန်သိမ်းတာမျိုးတွေ ရှိတယ်လို့တော့ ကြားနေရတယ်။ ကျနော်တို့ဆီက အခု ကုန်က ပါးတယ်။ သိပ်မဆွဲရ ဘူး။ ပြီးတော့ ယာဉ်ရပ်နားကွင်းကို မြို့ပြင်ထုတ်ထားတော့ သယ်ယူပို့ဆောင်စရိတ်တွေက ပြီးခဲ့တဲ့ အောက်တိုဘာက စပြီးတော့ အခုထိ လေးဆကျော်လောက် တက်နေတယ်” ဟု ပြောဆိုသည်။
အဝေးပြေး ကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ငန်း အခြေအနေ မကောင်းသည့်အချိန်တွင် ကုန်ကားများ ပြန်လည် သိမ်းယူ ခံရခြင်းက လုပ်ငန်းများ ဆက်လက် လည်ပတ်နိုင်ရန်အတွက်သာမက ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ၊ ယင်းလုပ် ငန်းအပေါ် မှီခိုနေသူများ အားလုံးအပေါ် အခက်အခဲ ဖြစ်စေကြောင်း လုပ်ငန်းရှင်များက ပြောသည်။
အဝေးပြေး ကုန်စည်သယ်ယူပို့ဆောင်ရေး လုပ်ငန်းရှင်တဦးက “ကုမ္ပဏီကနေ ကားတွေ ရောင်းတုန်းကတော့ ရောင်းကြ တယ်။ လုပ်ငန်းကလည်း မကောင်းတာ ကြာလာတော့ ပေးရတာလည်း အခက်အခဲ ရှိလာတယ်။ အခုဆိုရင် စက်သုံးဆီ ဈေးနှုန်းက အများကြီး တက်တယ်။ ကုန်စည်ကလည်း ရှားပါးတော့ တန်ဆာခလည်း ခက်ခဲတယ်။ မကိုက်ပေမယ့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေရဲ့ စားဝတ်နေရေးကြောင့် ဆွဲနေရတာ” ဟု ဧရာဝတီသို့ ပြောသည်။
ဆက်လက်၍ ၎င်းက အရစ်ကျဖြင့် ကားများဝယ်ယူရာတွင် ကျပ် သိန်း ၁၀၀၀ ကျသင့်သည့် တွဲကားကောင်း ၁ စီးဆိုပါက ၁ လလျှင် ကျပ်သိန်း ၂၀ ခန့် သွင်းရကြောင်း၊ လက်ရှိ ၎င်းတို့၏ဝင်ငွေမှာ ၁ လလျှင် ကျပ်သိန်း ၂၀ မရတော့သည့်အတွက် အခက်အခဲများ ဖြစ်ပေါ်နေရခြင်း ဖြစ်ကြောင်း ရှင်းပြသည်။
“ကျနော်တို့ကို ရောင်းတုန်းကတော့ ရွှန်းရွှန်းဝေအောင် ပြောပြီးတော့ ရောင်းတယ်။ တကယ်တမ်းကျတော့ ကားရောင်းတဲ့ ကုမ္ပဏီကလည်း ကားရောင်းဖို့ပဲ သိတာဗျ။ ဘဏ်တွေကလည်း နှစ်ရှည်အတိုးရလို့ အခုလိုမျိုးတွေ လုပ်ကြတာပေါ့နော်။ အခုလို တိုင်းရေးပြည်ရေး အခက်အခဲ ရှိတဲ့အချိန်ကျတော့ ဘဏ်တွေကလည်း သည်းမခံဘူး။ ဒါတွေကလည်း ကျနော်တို့ လုပ်ငန်းတွေအတွက် စိန်ခေါ်မှု ဖြစ်တယ်။ အခု ဖြစ်နေတဲ့အပေါ် ကြည့်ပြီး ဒါတွေက ဖြေလျော့ပေးသင့်တယ်။ ပြောချင်တာ ကတော့ဗျာ ကျနော်တို့ အပ်ထားတဲ့ ငွေကျတော့ ထုတ်မပေးဘူး။ သူတို့ ရမှာကျတော့ အတင်းတောင်းတယ်” ဟုလည်း ၎င်းက ဆိုသည်။
You may also like these stories:
အဝေးပြေးကုန်စည်ပို့ဆောင်ရေး ရပ်ဆိုင်းမည့် အခြေအနေနှင့် ရင်ဆိုင်နေရ
ကုန်သွယ်ရေးလုပ်ငန်းတချို့ ယာယီ ရပ်