တနင်္သာရီတိုင်း ပုလောမြို့နယ် ပဝတ်ဖျားရွာတွင် နေအိမ်ရှေ့ ထောင်ထားသည့် မိုင်းကို နင်းမိသဖြင့် ကိုယ်ဝန် ဆောင် အမျိုးသမီးတဦးနှင့် ၎င်း၏ သားဖြစ်သူတို့ ယမန်နေ့က သေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသူများမှာ ကိုယ်ဝန် ၆ လရှိ နော်မူးနော်ဆိုသူ အမျိုးသမီးနှင့် ၎င်း၏ ၆ နှစ် အရွယ် သားဖြစ်သူ စောလေလေးတို့ဖြစ် ပြီး ကျေးရွာအတွင်း ဝင်ထွက်လှုပ်ရှားနေသည့် စစ်ကောင်စီတပ်ဖွဲ့များက ၎င်းတို့နေအိမ်ရှေ့တွင် ထောင်ထားခဲ့ခြင်း ဖြစ် ကြောင်း ပြည်သူ့ကာကွယ်ရေးတပ် (PDF-ပုလော) က ထုတ်ပြန်သည်။
“အဲဒီရွာနားမှာ တိုက်ပွဲဖြစ်တာလည်း မရှိဘူး။ ဘေးက ရွာမှာတော့ စစ်ကောင်စီက တပ်စွဲပြီး ဂိတ်ဖွင့်စစ်ဆေးတာတွေ လုပ် တယ်။ ပဝတ်ဖျား ရွာထဲကိုလည်း ဝင်ထွက်သွားလာ လှုပ်ရှားတာတွေ ရှိတယ်။ အခုလို လူတွေနေတဲ့နေရာမှာ မိုင်းထောင် တာက PDF တွေက လုပ်တဲ့ပုံစံ ပုံမှားရိုက်တဲ့ သဘော ရှိတယ်။ PDF နဲ့ ပြည်သူကို ရန်တိုက်ပေးချင်တာပေါ့” ဟု PDF-ပုလော တပ်ဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။
စစ်ကောင်စီ တပ်ဖွဲ့ဝင်များ အနေဖြင့် ပဝတ်ဖျားကျေးရွာ ပတ်ဝန်းကျင်တွင် ယခုရက်ပိုင်းအတွင်း ထိတွေ့တိုက်ခိုက်မှုများ မရှိသော်လည်း ညစဉ်နီးပါး သေနတ်များဖြင့် ပစ်ခတ်ကာ ခြိမ်းခြောက်မှုများ ပြုလုပ်လျက်ရှိကြောင်းလည်း ပုလော ဒေသခံ တဦးက ပြောသည်။
စစ်တပ်အာဏာပြီးနောက် လူထုခုခံတော်လှန်မှုအနေဖြင့် PDF များက မိုင်းဆွဲတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိရာတွင် စစ် ကောင်စီ တပ်များကလည်း ၎င်းတို့ စစ်ကြောင်း လှုပ်ရှားရာ ကျေးရွာ၊ ရပ်ကွက်များတွင် မြေမြှုပ်မိုင်းများ အသုံးပြုမှု ကြောင့် ကယား၊ ချင်း၊ ကရင်၊ ရှမ်းပြည်နယ်နှင့် မကွေးတိုင်းတို့တွင် အရပ်သားပြည်သူများ သေဆုံးထိခိုက်ရသည့် ဖြစ်စဉ်များ ရှိခဲ့ သည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလအတွင်း ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ကုန်းသာရွာနှင့် သေဆူးလဲရွာတို့တွင် စစ်ဘေးရှောင်ရာမှ ရွာသို့ စားနပ်ရိက္ခာပြန်ယူသည့် အရပ်သားပြည်သူအချို့ ရွာရှိ လူနေအိမ်များအနီး မြေမြှုပ်မိုင်း နင်းမိကာ သေဆုံး၊ ဒဏ်ရာရမှု ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်။
ယင်းပြင် နိုဝင်ဘာလအတွင်းကလည်း စစ်ကောင်စီတပ်များ တပ်စွဲလှုပ်ရှားခဲ့သည့် မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ် ကျွန်းဒေသအတွင်းရှိ ဇရပ်နီနှင့် သာဂေါင်ကျေးရွာအကြားတွင် ဒေသခံအမျိုးသမီးတဦး မြေမြှုပ်မိုင်းနင်းမိကာ သေဆုံးခဲ့ရ သည်။
ယင်းသို့ မြေမြှုပ်မိုင်းကြောင့် ဒေသခံ အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှုများ ရှိနေသည့်အတွက် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်ရသည့် ပြည်သူများ ရပ်ရွာများအတွင်းသို့ ပြန်လည်ဝင်ရောက် နေထိုင်ရာတွင် မြေမြှုပ်မိုင်း အန္တရာယ် သတိထားကြရန်လည်း ဒေသကာကွယ်ရေး တပ်ဖွဲ့များက သတိပေးထားကြသည်။
You may also like these stories:
စစ်ကောင်စီ မြေမြှုပ်မိုင်းများက အရပ်သားများကို ပစ်မှတ်ထား
https://burma.irrawaddy.com/news/2021/09/29/246347.htmlရိက္ခာပြန်ယူသည့် ဒီးမော့ဆိုမှ စစ်ဘေးရှောင် ၃ ဦး မိုင်းနင်းမိ
ကယားစစ်ရှောင်များ၏ နေအိမ်များကို အာဏာသိမ်းတပ် ဖောက်ထွင်းခိုးယူ