သတင်း

ကလေး-တမူး နယ်စပ်ကုန်သွယ်ရေးဂိတ် တပတ်ပိတ်

မြန်မာတွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်ရောဂါပိုး (SARS-CoV-2 Variant Omicron) ဓာတ်ခွဲတွေ့ရှိမှု လူ ၁၀၀ ကျော်ရှိလာသဖြင့် ကလေး-တမူး နယ်စပ်ကုန်သွယ်ရေးဂိတ်ကို အိန္ဒိယက ယနေ့ နေ့လယ် ၁၂ နာရီမှစ၍ တပတ် ပိတ်ထား လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။

ကလေး-တမူး နယ်စပ်ကုန်သည်တဦးက “ဒီနေ့ နေ့လယ် ၁၂ နာရီကနေစပြီး အိန္ဒိယက အဝင်အထွက် အကုန်ပိတ်လိုက် တာ။ ကျနော်တို့ဆီမှာ ကိုဗစ် ဗီဇပြောင်းပိုး ၁၀၀ ကျော်ထိတွေ့လို့ ပိတ်လိုက်တာ ဖြစ်တယ်။ ကုန်သွယ်ရေးကလည်း ပိတ်ထားဆဲပဲ ဖြစ်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်ရောဂါပိုး တွေ့ရှိမှု များလာသောကြောင့် နယ်စပ်ဝင်ပေါက်ကို တပတ် ပိတ်လိုက်ခြင်း ဖြစ်ပြီး မြန်မာဘက်မှ ရောဂါပြန့်ပွားမှုနှုန်းကို ကြည့်၍ နယ်စပ်ဂိတ်ပေါက်ကို အိန္ဒိယနိုင်ငံဘက်က ရက် အတိုးအလျော့ ထပ်မံ ပြုလုပ်လာနိုင်သည်ဟုလည်း ၎င်းက ဆိုသည်။

အဆိုပါ နယ်စပ်ကုန်သွယ်ရေးဂိတ်မှတဆင့် အိန္ဒိယနိုင်ငံသို့ ကွမ်းသီး၊ ပဲအမျိုးမျိုး၊ ကြက်သွန်၊ လယ်ယာ ထွက်ပစ္စည်းများ စသည်တို့ကို အဓိက တင်ပို့လျက်ရှိပြီး အိန္ဒိယနိုင်ငံဘက်မှ အဝတ်အထည်နှင့် အသုံးအဆောင်အချို့ကို ၁၀ ရာခိုင်နှုန်းခန့် မြန်မာနိုင်ငံဘက်သို့ ပြန်လည် တင်သွင်းကြောင်း သိရသည်။

ကလေး-တမူးနယ်စပ်ဂိတ်ကို ၂၀၂ဝ မတ်လ ၁၀ ရက်မှ စတင်ပြီး အိန္ဒိယနိုင်ငံဘက်က ကိုဗစ်-၁၉ အကြောင်းပြ ပိတ်ထားခဲ့ ပြီးနောက် ၂၀၂၁ နိုဝင်ဘာတွင် ပြန်လည်ဖွင့်လှစ်ခဲ့သော်လည်း လက်ရှိအချိန်ထိ တရားဝင်ကုန်သွယ်မှုများ ရပ်ဆိုင်းကာ တရားမဝင် ကုန်သွယ်မှုများသာ အလုပ်ဖြစ်နေကြောင်း ကုန်သည်များက ပြောသည်။

မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်မှုသည် ကိုဗစ်ကာလမတိုင်မီက ၁ နှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ခန့်ရှိပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် တမူးနယ်စပ်ကုန်သွယ်ရေးမှ အမေရိကန်ဒေါ်လာ ၄၂ ဒသမ ၁၇၄ သန်း ကုန်သွယ်မှု ပြုလုပ် ထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

မြန်မာနိုင်ငံ၌ ၂၀၂၁ ဒီဇင်ဘာ ၂၈ ရက်တွင် အိုမီခရွန်ရောဂါပိုး ကူးစက်ခံရသူကို စတင်တွေ့ရှိခဲ့ပြီးနောက် ၂၀၂၁ ဇန်နဝါရီ ၂၄ ရက် ထိဆိုလျှင် အိုမီခရွန်ကူးစက်ခံရသူပေါင်း ၁၈၃ ဦး ရှိလာပြီ ဖြစ်ကြောင်း စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာန က ထုတ်ပြန်ထားသည်။

You may also like these stories:

အိုမီခရွန်ဟာ ရောဂါအသစ်မဟုတ်ဘူး။ ကိုဗစ်ကနေ ဖြစ်လာတာ

Loading