စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့ပေါ် တိုက်ပွဲများနှင့် စစ်ကောင်စီတပ်၏ လေကြောင်း တိုက်ခိုက်မှုများကြောင့် မြို့လုံးကျွတ် နီးပါး စစ်ဘေးရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ စစ်ဘေးရှောင် ပြည်သူများသည် နီးစပ်ရာ တောတောင်များနှင့် ကသာ၊ ကောလင်း၊ ဝန်းသိုမြို့နယ်နှင့် မန္တလေး၊ ရွှေဘို စသည့် မြို့များသို့ စစ်ဘေးရှောင် ပြောင်းရွှေ့နေရသည်ဟု ဆိုသည်။
ပင်လည်ဘူး ဒေသခံတဦးက “စစ်ဖြစ်ကတည်းက ရှောင်နေရတာ။ အခုက ပင်လည်ဘူးမြို့ထဲမှာ မြို့ခံတွေက သိပ်မရှိတော့ဘူး။ တမြို့လုံးနီးပါး စစ်ဘေးရှောင်နေကြရပြီ။ မြို့ပေါ် ရပ်ကွက်လေး ၃ ခု လောက်ပဲ ကျန်တော့တယ်။ မြို့ပေါ်မှာ စစ်တပ်က စိတ်ထင်တိုင်း သောင်းကျန်းနေတော့ မြို့ခံတွေက ကြောက်လို့ ပြေးနေကြပြီ။ ၅ ပုံ ပုံရင် ၁ ပုံလောက်ပဲ ကျန်တော့တယ်” ဟု ပြောသည်။
ပင်လည်ဘူးမြို့တွင် ရပ်ကွက်ကြီး ၂ ခု၊ ကျေးရွာအုပ်စု ၅၂ အုပ်စုနှင့် ကျေးရွာပေါင်း ၂၆၆ ရွာ ရှိပြီး လူဦးရေ ၁၃၀,၀၀၀ ခန့် နေထိုင်ကာ ယခုအခါ စစ်ဘေးရှောင်ရသူ ၂၀,၀၀၀ ကျော် ရှိကြောင်း သိရသည်။
စစ်ဘေးရှောင်များအား ကူညီပေးနေသည့် အရပ်ဖက် လူမှုကူညီရေးအသင်း တသင်းမှ အသင်းဝင်တဦးက “တိုက်ပွဲတွေ စဖြစ်ကတည်းက စစ်ဘေးရှောင်ရတာတွေ ရှိတာပေါ့။ ကသာနယ်ဘက်မှာဆိုရင် မိုးတားလေး၊ မိုးတားကြီး နယ်ဘက်တွေက စစ်ဘေးရှောင် ရပ်ဝန်းတွေပဲ။ မြို့နယ်အတွင်းက စစ်ရှောင်အရေအတွက်က အားလုံးပေါင်းဆိုရင် ၂၀,၀၀၀ ကျော်လောက်တော့ ရှိမယ်” ဟု ပြောသည်။
စစ်ကိုင်းတိုင်း ပင်လည်ဘူး၊ ကသာ၊ ကောလင်း၊ ဝန်းသိုဒေသတွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF)၊ ဒေသကာကွယ်ရေးတပ်ဖွဲ့ (LDF) များ စုစည်း၍ စစ်ကောင်စီ တပ်များအား တိုက်ခိုက်နေခြင်းဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်းပစ်ကူများ မကြာခဏ အသုံးပြု တိုက်ခိုက်နေသည့်ဒေသ ဖြစ်သည်။

ပင်လည်ဘူး မြို့ခံတဦးက “ဒီနေ့အထိ စစ်ရေးတင်းမာမှုကတော့ ရှိနေတယ်။ စစ်တပ်က လေယာဉ်ပျံနဲ့ လာလာပြီး ချနေတာဆိုတော့ သတိနဲ့တော့ နေနေရတယ်။ စစ်တပ်ကတော့ မြို့ထဲမှာ သူတို့ လိုချင်တာကို ဟိုအိမ်ဝင်ဆွဲ၊ ဒီအိမ်ဝင်ဆွဲနဲ့ပေါ့။ ဘယ်သူမှ မတားရဲတော့ ဒီအတိုင်း ကြည့်နေရတာပဲ” ဟု ပြောသည်။
ပင်လည်ဘူးမြို့ပေါ်တွင် ဇန်နဝါရီ ၁၈ မှ ၂၃ ရက်နေ့ထိ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ဇန်နဝါရီ ၁၈ ရက်က ၄ နာရီကျော်ကြာ ဖြစ် ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ အရာရှိ ၂ ဦး အပါအဝင် ၂၀ ဦးကျော် သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဝင် ၂ ဦး ကျဆုံးခဲ့ကြောင်း ပင်လည်ဘူးတော်လှန်ရေး (Pinlebu Revolution) က သတင်းထုတ်ပြန်ထားသည်။

ထို့သို့ တိုက်ပွဲများ ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်များသည် ပင်လည်ဘူးမြို့တွင်းရှိ နေအိမ်များမှ ပစ္စည်းများအား ဖောက်ထွင်း ခိုးယူခြင်း၊ ဖျက်ဆီးခြင်းများကို ပြုလုပ်သည့်အပြင် တိုက်ပွဲတွင်း အထိနာမှုကြောင့် ကျန်ရှိနေသည့် မြို့ခံပြည် သူများအား ဖမ်းဆီးခြင်းနှင့် အထပ်မြင့် အဆောက်အအုံများပေါ်တွင် လုံခြုံရေးယူထားခြင်းများ ပြုလုပ်လျက် ရှိကြောင်း သိ ရသည်။
ပင်လည်ဘူး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တဦးက “နောက်ဆုံး အခြေအနေကတော့ ကသာ၊ ကောလင်း၊ ဝန်းသို၊ ပင်လည်ဘူးမြို့တွေရဲ့ အပြင်စည်း ၅ မိုင် ပတ်လည်က လွတ်မြောက်နယ်မြေ ဖြစ်နေပြီလို့ ပြောလို့ရတယ်။ ဆိုလိုတာက အတွင်းမှာ ရှိနေတဲ့ စစ်ကောင်စီရဲ့ တပ်တွေကို ဝိုင်းထားပြီးသားမျိုးပေါ့။ ဒီကောင်တွေကို ထွက်ပေါက်လည်း ပေးမထားဘူး။ အတွင်းစည်းထဲမှာ ပိတ်မိတော့ အရပ်သားတွေကို ဒုက္ခပေး၊ လေယာဉ်ပစ်ကူတွေပေးပြီး ကယ်ထုတ်နေရတာကို ကြည့်ရင် သိနိုင်ပါတယ်” ဟု ပြောသည်။

ပင်လည်ဘူးမြို့နယ်တွင် ပြီးခဲ့သည့် စက်တင်ဘာ လကုန်ပိုင်းမှ ယနေ့အချိန်ထိ စစ်ကောင်စီက ဖုန်းလိုင်းနှင့် အင်တာနက် လိုင်းများ ဖြတ်တောက်ထားကြောင်း၊ အစောပိုင်းကာလတွင် Mytel သုံးစွဲ၍ ရသေးသော်လည်း ဒီဇင်ဘာ လကုန်ပိုင်းမှ စတင်ကာ Mytel ပါ ပြတ်တောက်သွားခဲ့ကြောင်း ဒေသခံများက ပြောသည်။
စစ်ကိုင်းတိုင်းအတွင်း အာဏာသိမ်း စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှု အနေဖြင့် ရေဦး၊ ခင်ဦး၊ တန့်ဆည်၊ ဒီပဲ ယင်း၊ အရာတော်၊ ရွှေဘို၊ ကောလင်း၊ ဝန်းသို၊ ပင်လည်ဘူး၊ ကျွန်းလှ၊ ကနီ၊ မင်းကင်း၊ ပုလဲ၊ ယင်းမာပင်၊ ဆားလင်းကြီး၊ ကလေး မြို့နယ်များတွင် ပြုလုပ်ခဲ့သလို အစုလိုက်အပြုံလိုက် နှိပ်စက်ညှဉ်းပန်း သတ်ဖြတ်မှုများကိုလည်း ကျူးလွန်ခဲ့သည်။

စစ်ဘေးရှောင်များအား ကူညီပေးနေသူ တဦးက “ကျနော်တို့ စစ်ကိုင်းတိုင်းကို အရင်ထက် ပိုပြီး အာရုံစိုက်ပေးကြဖို့ လိုပါ တယ်။ အခုဆိုရင် စစ်ကိုင်းတိုင်းထဲက မြို့နယ် ၁၀ ခုနဲ့ အထက်ဟာ နေ့စဉ် လေကြောင်းတိုက်ခိုက်မှုကို ခံနေရပါတယ်။ စစ် ကိုင်းတိုင်းထဲကို ဝင်လာတဲ့ စစ်ခွေးတွေက မြေပြင်မှာ စစ်ရေးမလှတော့ လေကြောင်းကပဲ ဖိတိုက်နေတယ်။ တူမီးလေးတွေ နဲ့ လေယာဉ်ကို နေ့တိုင်း ပြန်ခုခံတိုက်ခိုက်နေရတဲ့ စစ်ကိုင်းတိုင်းထဲမှာ စစ်ဘေးရှောင်ဦးရေကလည်း သိန်းနဲ့ချီ ရှိနေပါပြီ။ တနိုင်ငံလုံး စစ်ဘေးရှောင် ပမာဏရဲ့ တဝက်လောက်က စစ်ကိုင်းတိုင်းထဲမှာပါ။ ဆန်၊ ဆီ၊ ဆားလိုမျိုး စားနပ်ရိက္ခာနဲ့ အမိုး အကာ စတဲ့ အကူအညီတွေလည်း အရေးပေါ် လိုအပ်နေပါတယ်” ဟု ပြောဆိုသည်။
ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ မိုင်းထောင်၊ မိုင်းဆွဲ တိုက်ခိုက်ခံရမှုကြောင့် အထိနာသော စစ်ကောင်စီ တပ်များသည် မြေပြင်တွင် ဒေသခံများအား ဖမ်းဆီး၍ လူသားဒိုင်းအဖြစ် အသုံးပြုခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ကျေးရွာများအတွင်း တပ် စွဲ၍ ပြည်သူပိုင် ပစ္စည်းများအား လုယက်ခြင်း၊ ဒေသခံများ၏ နေအိမ်များအား မီးရှို့ခြင်းများကိုလည်း ပြုလုပ်လျက် ရှိသည်။