အာဏာသိမ်း စစ်တပ်၏ ဝင်ငွေရလမ်းများကို ဖြတ်တောက်ရန်အတွက် တားမြစ်မှုများနှင့် သပိတ်မှောက်မှုများသည် တိုင်းရင်းသားလက်နက်ကိုင်များ ထိန်းချုပ် လှုပ်ရှားနေကြသည့် နေရာဒေသများသာမက ပြည်မတွင်ပါ အရှိန်မြှင့် လုပ်ဆောင်လာသည်ကို တွေ့နေရသည်။
ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KIA)၊ ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ကရင်နီတပ်မတော် (KA)၊ ချင်းအမျိုးသားတပ်ဦး (CNF) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) လှုပ်ရှားနယ်မြေများဖြစ်သည့် တောင်တန်းဒေသ၊ မြေပြန့်ဒေသများတွင်ပါ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာသည်ကို တွေ့ရသည်။
လက်နက်ကိုင်များ လှုပ်ရှားနေသည့် နေရာ၊ ဒေသများသာမကဘဲ ရန်ကုန်၊ မန္တလေးကဲ့သို့ မြို့ပြကြီးများနှင့် ကျေးလက်ဒေသများတွင်လည်း စစ်ကောင်စီထုတ် အရက်၊ ဘီယာများ၊ ဆေးလိပ်နှင့် ဆက်သွယ်ရေး ပစ္စည်းများကို သပိတ်မှောက်နေကြလျှက်ရှိသည်။
အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တဖွဲ့ဖြစ်သည့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) လှုပ်ရှားနယ်မြေများ အပါအဝင် ကချင်ပြည်နယ်အတွင်းက မြို့နယ် အတော်များများတွင် စစ်ကောင်စီနှင့် ဆက်စပ်နေသော မြန်မာဘီယာ၊ ဒဂုံဘီယာနှင့် ABC စသည့် အဖျော်ယမကာများကို ၂၀၂၂ ဇန်နဝါရီ ၁၀ ရက် နောက် ပိုင်းမှ စတင်ပြီး ရောင်းဝယ်ခွင့် ပိတ်ပင်ကြောင်း ဇန်နဝါ ရီ ၄ ရက်တွင် သတိပေးစာ ထုတ်ပြန်ခဲ့သည်။
ထို့အတူ မြန်မာဘီယာနှင့် ဆက်စပ်ဘီယာများ၊ Red Ruby ဆေးလိပ်များ ရောင်းချပါက သိမ်းဆည်း ဖျက်ဆီးခြင်းကို ကချင်ပြည်နယ် ဝိုင်းမော်၊ မြစ်ကြီးနား စသည့် မြို့များ တွင် ပြုလုပ်နေကြောင်း ဒေသခံများက ဆိုသည်။
မြစ်ကြီးနားမြို့ပေါ်ရှိ ကုန်စုံဆိုင်များနှင့် စားသောက်ဆိုင်များတွင် ရောင်းချနေသည့် မြန်မာဘီယာ၊ ဒဂုံ၊ ABC စသည့် ဘီယာဖာ ၂၀၀ ကျော်ကို ဇန်နဝါရီ ၂၄ ရက် တရက်တည်းတွင် ဖျက်ဆီးခဲ့ကြောင်း သိရသည်။
မြစ်ကြီးနား ဒေသခံတဦးက “ရောင်းတယ်ဆိုရင် ပထမ တခါတော့ သတိပေးတယ်။ နောက်တခေါက် ပြန်လာစစ် မယ်ပေါ့။ ရောင်းတယ်ဆိုရင် ပစ္စည်းတွေ ဖျက်ဆီးတန်သည် ဖျက်ဆီး၊ သိမ်းတန်သိမ်းပြီး လုံးဝ မရောင်းဖို့ပေါ့။ အဲဒီလို သတိပေးတယ်” ဟု ပြောသည်။
စစ်ကိုင်းတိုင်း မြောင်မြို့နယ်အတွင်း ကုန်းလမ်း၊ ရေလမ်းများရှိ မြို့ အဝင်/အထွက်ဂိတ် ၅ ခုတွင် မြောင်မြို့နယ် ပြည်သူ့ ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) မှ ဦးဆောင် စစ်ဆေးနေပြီး စစ်ကောင်စီနှင့် ဆက်နွယ် ပက်သက်နေသော ထုတ်ကုန် ပစ္စည်းများအား ပြည်သူပိုင်အဖြစ် ထိန်းသိမ်းလျက် ရှိကြောင်း မြောင် PDF အဖွဲ့ထံမှ သိရသည်။
စစ်ကိုင်းဘက်မှလာသော မြောင်မြို့အဝင်ဂိတ်ကို “နတ်မြင်းဂိတ်”၊ မြောင်အရှေ့ဘက်ပိုင်းအား “မင်းယက္ခနှင့်ဆင်ရိုင်း ဂိတ်”၊ မြောင်တောင်ပိုင်းကျွန်းထဲအရပ်အား “ဗိုလ်ကျားသစ်ဂိတ်”၊ မြောင်အနောက်ခြမ်း ကုန်းမြေအား “ခြသေ့ၤမင်း ဂိတ်” နှင့် ချင်းတွင်းမြစ်ကြောင်းအား “နှလုံးလှဂိတ်” ဟု သတ်မှတ်ပြီး ၂၀၂၁ ဒီဇင်ဘာလအတွင်းက စစ်ဆေးမှုများ စတင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
မြောင်မြို့နယ် PDF မှ ပြောရေးဆိုခွင့် ရှိသူတဦးက “မြောင်နယ်မှာ ပြည်သူတွေက လိုက်နာကြတယ်။ စစ်တပ်ထုတ် ကုန်တွေ မရောင်းနဲ့ဆို မရောင်းကြဘူး။ အဲဒီကတည်းက ဖျက်ဆီးလိုက်တာတွေရော၊ ဘာတွေရောရှိတော့ အဲဒီနောက် ပိုင်း ဈေးဆိုင်တွေက တပ်နဲ့ဆက်နွယ်တဲ့ ပစ္စည်းတွေ အကုန်လုံး ရောင်းချတာတွေ၊ တင်သွင်းတာတွေ မလုပ်ကြတော့ ဘူး။ မြောင်နယ်ကတော့ မရှိသလောက် ရှားသွားပြီ” ဟု ပြောသည်။
အာဏာသိမ်းစစ်တပ်ကို ဝင်ငွေရစေသည့် ထောက်တိုင်မှန်သမျှကို ဖျက်ဆီးရန်အတွက် စစ်တပ်ထုတ်ကုန် မှန်သမျှကို စစ်ဆေးသိမ်းဆည်း ဖျက်ဆီးရန် ကားလမ်းမများတွင် စစ်ဆေးမှုများ ပြုလုပ်နေသည်ဟုလည်း Khin U Local Guerrilla Force (KUGF) တပ်ဖွဲ့က သတင်း ထုတ်ပြန်ထားသည်။
ထို့ပြင် မြို့နယ်တချို့တွင်လည်း Mytel ဆင်းမ်ကတ်များ အပါအဝင် စစ်ကောင်စီ၏ ထုတ်ကုန်များကို ဝယ်ယူသုံးစွဲခြင်း မပြုရန်၊ စစ်ကောင်စီနှင့် ဆက်စပ်နေသော လုပ်ငန်းများနှင့် ဆက်နွယ်ခြင်း၊ ဈေးဝယ်စင်တာများတွင် ဝယ်ယူခြင်းများ ကိုလည်း ရပ်တန့်ရေး လှုပ်ရှားဆောင်ရွက်မှုများလည်း ရှိနေသည်။
မြို့ပေါ် ဆန္ဒပြပွဲများတွင်လည်း စစ်တပ်ထုတ်ကုန်များကို သပိတ်မှောက်ရန် ပြည်သူလူထုအား တိုက်တွန်းနှိုးဆော်ခြင်း အပြင် လူမှုကွန်ရက်စာမျက်နှာတွင်လည်း ကမ်ပိန်းများ ပြုလုပ်လျက် ရှိသည်။
ပြီးခဲ့သည့် ရက်ပိုင်းကလည်း မန္တလေးမြို့မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စစ်ကောင်စီ လက်အောက်ခံ စစ်တပ်၊ ရဲ များကို လိုင်းကြေးပေးနေရသည့် လောင်းကစားဝိုင်းများတွင် ပါဝင်ကစားနေခြင်း၊ စစ်တပ်ထုတ်ကုန်များ ရောင်းချနေ သည့် ဘီယာဆိုင်များတွင် သောက်စားမူးယစ်ခြင်းများ ပြုလုပ်ပါက ငဲ့ညှာခြင်း မရှိဘဲ တိုက်ခိုက်မည် ဖြစ်ကြောင်း သတိပေး ထုတ်ပြန်ခဲ့သည်။
မန္တလေး PDF အဖွဲ့မှ တာဝန်ရှိသူတဦးက “စကစရဲ့ ဒေါက်တိုင်တွေဖြစ်တဲ့ မြန်မာဘီယာ၊ ဒဂုံဘီယာ၊ မန္တလေးဘီယာ၊ အက်ဒမန်ဂိုးလ်။ အဲဒါကို မအားပေးဖို့ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဒါတွေကို အားပေးနေသ၍ သူတို့ရဲ့ ဘတ်ဂျက်က ပြည့်နေမှာပဲ။ ဒီနေ့ ထုတ်ပြန်ပြီး မနက်ဖြန်၊ သဘက်ခါ နှစ်ရက် စောင့်ကြည့်မယ်။ စောင့်ကြည့်လို့မှ အဲဒီလို ဆိုင်တွေ မှာ လူစည်နေရင်တော့ စပြီး လုပ်ဆောင်ပါမယ်” ဟု ပြောသည်။
စစ်အာဏာရှင်ကို ဆန့်ကျင်သည့် လူထု၏ သပိတ်မှောက်မှုများနှင့် ကန့်သတ်ခံရမှု အမျိုးမျိုးကြောင့် ၂၀၂၁ အတွင်း မြန်မာဘီယာ ထုတ်လုပ်ရောင်းချမှု၏ ပထမ ၆ လအတွင်း ရောင်းချရငွေသည် ကျပ် ၁၅၂ ဘီလီယံ (ဒေါ်လာ ၉၂ ဒသမ ၃ သန်း) သာရှိပြီး ယခင်နှစ်ကထက် ၂၈ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကြောင်း သိရသည်။
ထို့ပြင် ဒီဇင်ဘာအထိ ဒုတိယ ၆ လအတွက် ဝင်ငွေခန့်မှန်းချက်ကို ကျပ် ၄၈၉ ဘီလီယံမှ ကျပ် ၂၉၀ ဘီလီယံသို့ ပြင်ဆင်သတ်မှတ်လိုက်ရပြီး ပုံမှန်လုပ်ငန်း အမြတ်အစွန်းကိုလည်း ကျပ် ၂၀၂ ဘီလီယံမှ ကျပ် ၈၇ ဘီလီယံသို့ ပြင်ဆင်သတ်မှတ်လိုက်ရကြောင်း ဂျပန်ဘီယာကုမ္ပဏီ Kirin Holdings က ထုတ်ပြန်ထားသည်။
အဆိုပါ ဂျပန်ဘီယာကုမ္ပဏီသည် စစ်ကောင်စီနှင့် လက်တွဲဖြုတ်ရန်လည်း ပြင်ဆင်နေပြီ ဖြစ်ကြောင်း သိရသည်။
You may also like these stories: