ချင်းပြည်နယ်၊ ဖလမ်းမြို့မှ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ထားသော ဝန်ထမ်း ၉ ဦးကို အာဏာသိမ်း စစ်ကောင်စီက ယမန်နေ့ ညနေပိုင်းတွင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) ထံမှ သိရ သည်။
CNO ပြောခွင့်ရ ပုဂ္ဂိုလ် က “CDM စာရင်းတွေကို စစ်ကောင်စီဘက်က ကောက်ထားတာ ရှိတယ်။ ကောက်ထားပြီးမှ မနေ့ ညနေကစပြီး လိုက်ဖမ်းတာ ဒီနေ့အထိပါပဲ။ ဒီနေ့ စာရင်းကတော့ မသိရသေးဘူး။ ကျနော်တို့ သိရသလောက်က ၉ ယောက် ရှိပြီ” ဟု ဧရာဝတီသို့ ပြောသည်။
ဖမ်းဆီးခံရသည့် CDM ဝန်ထမ်းများသည် ကျန်းမာရေး၊ ပညာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ဆက်သွယ်ရေးဌာနမှ ဝန်ထမ်းများ ဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီသည် အဆိုပါ CDM ပြုလုပ်ထားသည့် ဝန်ထမ်းများကို ဖလမ်းမြို့ပေါ်ရှိ ကျင်မွာလ်ရပ်ကွက်နှင့် ဖာရ်ထောက် ရပ်ကွက်တို့တွင် ရှာဖွေဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း၊ ၎င်းတို့ ဖမ်းဆီးလိုသည့် ဆရာမ ၁ ဦးကို မတွေ့ သဖြင့် နေအိမ်တွင် ကျန်ရစ်ခဲ့သည့် မိခင်ဖြစ်သူကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။
ထို့ပြင် CDM ပြုလုပ်ထားခြင်း မရှိသည့် ဖလမ်းမြို့ အ.ထ.က ၁ ကျောင်းအုပ် ဆရာမကြီးကိုလည်း မေးစရာရှိသည်ဟု ဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားသည့်အပြင် Non-CDM ဝန်ထမ်းများမှတဆင့် CDM ဝန်ထမ်းများ၏ အချက်အလက် များကို စုံစမ်းပြီးမှ အိမ်လိပ်စာ အတိအကျဖြင့် ဝင်ရောက် ဖမ်းဆီးနေခြင်း ဖြစ်ကြောင်း CNO ထံမှ သိရသည်။
အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်သည့်အတွက် ချင်းအမျိုးသားအဖွဲ့ချုပ်/ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) က Non-CDM ဝန်ထမ်းများကို ကျောင်းမသွားရန် သတိပေးစာများ ထုတ်ပြန်ပြီးသည့်နောက် စစ်ကောင်စီဘက်က ယခုကဲ့သို့ CDM များကို ဦးတည်ဖမ်းဆီးလာခြင်း ဖြစ်သည်ဟုလည်း ဒေသခံများက ဆိုသည်။
ဖလမ်းမြို့မှ CDM ကျန်းမာရေး ဝန်ထမ်းတဦးက “အရင်တုန်းကတော့ CDM ဆိုရင် ဘာမှမလုပ်ဘူး။ အခု ကတော့ ကျောင်းလည်းပြန်ဖွင့်တယ်။ ကျောင်းတက်တာနဲ့ ပတ်သက်ပြီးတော့ CNDF ကလည်း သတိပေးစာ ထုတ်လိုက်တော့ ကျောင်းမတက်ရဲတော့ဘူးပေါ့။ သူတို့ (စစ်ကောင်စီ) ဘက်ကလည်း လုပ်နိုင်တာကို ပြချင်တာလား မသိဘူး” ဟု ပြောသည်။
၎င်းက ဆက်၍ “အဖမ်းခံရမှာတော့ စိုးရိမ်စိတ်ရှိတာပေါ့။ ဖမ်းမိသွားရင် ဘယ်အချိန် ပြန်လွှတ်မယ်ဆိုတာ ပြော လို့မရဘူး။ တော်လှန်ရေးက ကြာမလားလည်း မပြောတတ်ဘူးလေ။ ဒါပေမယ့် များသောအားဖြင့်က CDM ဆက်လုပ် မယ်ဆိုပြီး ရှောင်နေတဲ့လူတွေ အများကြီးရှိတယ်။ ပြန်ဝင်တာတော့ မရှိပါဘူး” ဟု ဆိုသည်။
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် ဆရာဝန်များမှ စတင်ကာ လူထုအာဏာဖီ ဆန်ရေးလှုပ်ရှားမှု (CDM) ကို ပြုလုပ်ခဲ့ပြီး ဌာနအသီးသီးမှ ဝန်ထမ်းများစွာလည်း ပါဝင်ခဲ့ကြရာ စစ်ကောင်စီ အနေဖြင့် စစ်အစိုးရ ယန္တရားကို ယနေ့အချိန်ထိ ကောင်းစွာလည်ပတ်နိုင်ခြင်း မရှိသေးပေ။
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ရုပ်မြင်သံကြားမှတဆင့် CDM ဝန်ထမ်းများ ရုံးပြန်တက်ရန် ပြောဆိုမှုများ ရှိခဲ့သည်။
ထို့ပြင် CDM ဝန်ထမ်းများ ရုံးပြန်တက်ရန် အမိန့်၊ ဥပဒေ၊ ကြေညာချက်များ ထုတ်ပြန်ပြီး ခြိမ်းခြောက်မှုများ ရှိခဲ့သလို အမှုများ ပြန်လည်ရုပ်သိမ်းမည် ဟုဆိုကာ CDM များ လုပ်ငန်းခွင် ပြန်ဝင်ရေးကို စစ်ကောင်စီက အမျိုးမျိုး ကြိုးပမ်း ခဲ့သော်လည်း အာဏာသိမ်းမှု ၁ နှစ်နီးပါး ရှိလာသည့်တိုင် CDM လှုပ်ရှားမှုက အားကောင်းနေဆဲ ဖြစ်သည်။