ရခိုင်ပြည်နယ်အတွင်း၊ မြို့နယ် ၅ ခုတွင် အာဏာသိမ်း စစ်ကောင်စီက ရက္ခိုင့်စစ်တပ် (AA) တပ်ဖွဲ့ဝင်များကို ဇန်နဝါရီလ ၁၉ ရက်နေ့မှ စတင်ကာ ကိုဗစ်ကာကွယ်ဆေးထိုးပေးနေကြောင်း သတင်း ရရှိသည်။
AA စိုးမိုးထားသည့် ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မြောက်ဦး စသည့်မြို့နယ် ၅ ခုတွင် စုရပ်နေရာများ သတ်မှတ်ပြီး ထိုသို့ ဆေးထိုးပေးနေခြင်း ဖြစ်ကြောင်း AA ပြန်ကြားရေး တာဝန်ခံ ခိုင်သုခက ပြောသည်။
ခိုင်သုခက “SAC (စစ်ကောင်စီ) နဲ့ ကျနော်တို့ကြားမှာ ကြိုတင်ညှိနိုင်း သဘောတူညီချက်အရ ကျန်းမာရေးဌာနက လာပြီးတော့မှ ကိုဗစ်ကာ ကွယ်ဆေးတွေကို ထိုးပေးနေတာရှိတယ်ဗျ။ ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်ကပ်ရောဂါ ကာကွယ်ရေး လှုပ်ရှားမှုဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျနော် တို့ဘက်ကလည်း အပြည့်အဝ ပူးပေါင်းဆောင်ရွက်နေတာ ဖြစ်ပါ တယ်” ဟု ဧရာဝတီသို့ ပြောသည်။
၎င်းက ဆက်၍ “ကျနော်တို့ကတော့ ပြည်သူတွေကိုအဓိကထားပြီးတော့ ထိုးပေးနေတာဖြစ်တယ်။ ပြည်သူတွေ သွားရေး လာရေး လွယ်ကူမယ့် နေရာတွေမှာ စုရပ်အဖြစ်ထားရှိပြီး ထိုးပေးနေတာ ဖြစ်ပါတယ်။ အဲဒီစုရပ်နဲ့ နီးတဲ့နေရာမှာ ရှိတဲ့ ကျနော်တို့ တပ်ဖွဲ့တွေ သွားရောက် ဆေးထိုး နေတာတော့ ရှိတယ်။ ဒါပေမယ့်လည်း ကျနော်တို့ တပ်ဖွဲ့ဝင်တွေ ဆေးထိုး တဲ့အရေအတွက်ကတော့ တော်တော်လည်း နည်းပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ရခိုင်ပြည်နယ် စီမံအုပ်ချုပ်မှုကောင်စီဝင် ပြောခွင့်ရပုဂ္ဂိုလ် ဥပဒေချုပ် ဦးလှသိန်းကလည်း ဇန်နဝါရီ လဆန်းပိုင်းကလည်း AA တပ်ဖွဲ့ ဝင်များကို ကျန်းမာရေးဌာနက ဝန်ထမ်းများ စေလွတ်ပြီး ဆေးထိုး ပေးလျှက်ရှိကြောင်း ဧရာဝတီသို့ အတည်ပြု သည်။
AA က ၎င်းတို့ တပ်ဖွဲ့ဝင်များကို ပြီးခဲ့သော ၂၀၂၁ ခုနှစ် အောက်တို ဘာလနှင့် နိုဝင်ဘာလကတည်းက တရုတ်နိုင်ငံထုတ် Sinophram၊ အိန္ဒိယ နိုင်ငံထုတ် Covaxin တို့အား ိကိုယ်ပိုင်အစီအစဉ်ဖြင့် ဝယ်ယူူပြီး ဆေးထိုးပေးထားသလို ကျန်မာရေးဌာနက ကျေးရွာအတွင်းသို့ လာရောက် ဆေးထိုးစဉ်တွင်လည်း ရွာသားများနှင့်ညှိနိုင်းကာ တပ်ဖွဲ့ဝင်များ လာရောက် ဆေးထိုးမှုများလည်း ရှိကြောင်း ဧရာဝတီမှ စုံစမ်းသိရှိရသည်။
ကျောက်တော်ဒေသခံတဦးကတော့ “ကျနော်တို့ဆီမှာတော့ ပြီးခဲ့တဲ့ လတွေက ကျန်မားရေးဌာနက ကျေးရွာအုပ်စုတွေကို စုရပ်ထားပြီးတော့ ဆေးလာထိုးပေးတာရှိတယ်။ အဲဒီမှာ အသက်ကြီးပိုင်းတွေက သူတို့က သေခါနီးလူတွေ ဖြစ်နေပြီ တောထဲက လူတွေကို ဦးစားပေးထိုးပါ ဆိုပြီး ရွာလူကြီးတွေကို တောင်းဆိုပြီးတော့ AA တပ်ဖွဲ့ဝင်တွေကို ဦးစားပေးပြီး ဆေးထိုး ခိုင်းတယ်။ တခြားမြို့နယ်တွေမှာလည်း ဒီလိုပဲ AA တပ်သား တွေကို ကြည်ကြည်ဖြူဖြူနဲ့ ဆေးထိုးပေးတယ်လို့ သိရတယ်” ဟု ဧရာဝတီသို့ ပြောသည်။
စစ်ကောင်စီက AA တပ်ဖွဲ့ဝင်များကို ဇန်နဝါရီလ ၁၉ ရက်နေ့မှ စတင်ကာ ကိုဗစ် ဆေးထိုးပေးရာတွင် ပြည်သူအပါအဝင် AA တပ်ဖွဲ့ဝင် ၅၀၀၀ ကျော်ဆေးထိုးပြီးစီးသွားပြီ ဖြစ်ကြောင်း ပြန်ကြားရေး တာဝန်ခံ ခိုင်သုခက ဆိုသည်။
ရခိုင်ပြည်နယ်အတွင်း ကိုဗစ်ကာကွယ်ဆေးထိုးပေးမည့် ဦးစားပေး အုပ်စု ၁၆ ခုတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO) အုပ်စုလည်း ပါဝင်သည့်အတွက် AA တပ်ဖွဲ့ဝင်များကိုလည်း ထိုးပေးမည်ဖြစ်ကြောင်း စက်တင်ဘာလထဲတွင် ပြည်နယ်ကောင်စီဝင် များက မီဒီယာများထံ ပြောကြားထားသည်။