ကမ္ဘောဇ စီးပွားရေးလုပ်ငန်းစုက စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမီတက် (MEHL) နှင့် ကျောက်စိမ်း၊ ကျောက်မျက် တူးဖော်ရေးလုပ်ငန်းများ လုပ်ခဲ့ဖူးသော ၎င်းတို့၏ နီလာရိုးမ ကျောက်မျက်ရတနာကုမ္ပဏီကို ဇန်နဝါရီ ၂၁ ရက်က စာရင်းရှင်းလင်း ဖျက်သိမ်းလိုက်ကြောင်း သိရသည်။
နီလာရိုးမ ကျောက်မျက်ရတနာကုမ္ပဏီသည် မြန်မာ့စီးပွားရေးဦးပိုင်လီမီတက်နှင့် လက်တွဲပြီး စစ်ကိုင်းတိုင်းရှိ ဂျိန်းဖောအောင် ကျောက်စိမ်းလုပ်ကွက်ကို နှစ်ရှည်လုပ်ကိုင်ခဲ့သည့်ကုမ္ပဏီ ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၀ခုနှစ်အတွင်း ကမ္ဘောဇအုပ်စု အနေဖြင့် စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်နှင့် လက်တွဲဖြုတ်ရန် ကြိုးပမ်း မည်ဟု အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International)ထံ အကြောင်းပြန်ခဲ့ပြီးနောက် ယခုကဲ့သို့ စာရင်းရှင်းလင်း ဖျက်သိမ်းလိုက်ခြင်း ဖြစ်သည်။
၂၀၂၀ခု စက်တင်ဘာတွင် ထုတ်ပြန်သော AI အဖွဲ့၏ အစီရင်ခံစာတွင် ဦးပိုင်နှင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းစုများ ပူးတွဲ လုပ်ကိုင်ခြင်းမှတဆင့် ရရှိလာသော အကျိုးအမြတ်များကို ဦးပိုင်က ရှယ်ယာရှင်များထံ ခွဲဝေပေးသည်ဖြစ်၍ ထိုသို့ တွဲဖက် လုပ်ကိုင်ခြင်းသည် မြန်မာစစ်တပ်၏ လူအခွင့်အရေး ချိုးဖောက်မှုများကို ငွေကြေးထောက်ပံ့ပေးရာ ရောက်သည်ဟု ဆိုခဲ့သည်။
အဆိုပါ အစီအရင်ခံစာမှ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) ၏ တွေ့ရှိချက်များကို ဦးပိုင်နှင့် လက်တွဲ လုပ်ဆောင်နေသော စီးပွားရေးမိတ်ဖက်များ ဖြစ်သည့် ပြည်တွင်းကုမ္ပဏီ ၂ ခု နှင့် နိုင်ငံခြားကုမ္ပဏီ ၆ ခုထံ ပေးပို့ခဲ့ပြီး ကမ္ဘောဇအုပ်စု အပါအဝင် ကုမ္ပဏီ ၃ ခုတို့က ဦးပိုင်နှင့် လက်တွဲလုပ်ဆောင်နေမှုကို ပြန်လည် သုံးသပ်သွားမည် ဖြစ် ကြောင်း အကြောင်းပြန်ခဲ့သည်။
သို့သော်လည်း နီလာရိုးမကျောက်မျက်ရတနာကုမ္ပဏီ ဖျက်သိမ်းခြင်းသည် ကိုဗစ်နှင့် နိုင်ငံရေး အပြောင်းအလဲများ ကြောင့် ကျောက်မျက်လုပ်ငန်းကဏ္ဍ ကျဆင်းသွားမှုကြောင့် ထိုလုပ်ငန်းများကို ဖျက်သိမ်းရခြင်း ဖြစ်ကြောင်း ကုမ္ပဏီ ဖျက်သိမ်းရေး ကိစ္စရပ်များ ဆောင်ရွက်ပေးရသူ တဦးက ဧရာဝတီသို့ ပြောသည်။
၎င်းက “ဒီအချိန်က အားလုံးသိကြတဲ့အတိုင်းပဲ အကျပ်အတည်းကာလ ဖြစ်တဲ့အတွက် လုပ်ငန်းအားဖြင့် မရှိတဲ့ လုပ်ငန်းတွေကို ဖျက်သိမ်းတဲ့ သဘောပါ ” ဟု ဆိုသည်။
ထို့ပြင် နီလာရိုးမ ကျောက်မျက်ရတနာကုမ္ပဏီသည် လုပ်ငန်းဆောင်ရွက်ခြင်း မရှိသည်မှာ ၂ နှစ်ခန့် ကြာမြင့်နေပြီ ဖြစ်သလို မြန်မာ့စီးပွားရေးဦးပိုင်လီမီတက်နှင့် လုပ်ငန်း လက်တွဲဆောင်ရွက်ခြင်း မရှိသည်မှာလည်း အချိန်ကြာမြင့်နေပြီ ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
ကမ္ဘောဇအုပ်စုသည် ပြည်တွင်း၌ ထိပ်တန်းစီးပွားရေးလုပ်ငန်းစု တခုဖြစ်ပြီး ဘဏ္ဍာရေးနှင့် ဘဏ်လုပ်ငန်း၊ သယ်ယူ ပို့ဆောင်ရေးလုပ်ငန်း၊ ဆောက်လုပ်ရေး၊ သတ္တုတူးဖော်ရေးလုပ်ငန်း အပါအဝင် လုပ်ငန်းကဏ္ဍမျိုးစုံကို လုပ်ကိုင်ဆောင် ရွက်နေသော လုပ်ငန်းစု ဖြစ်သည်။
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးအဖွဲ့၏ ၂၀၁၉ က ထုတ်ပြန်သော အစီအရင်ခံစာတွင် လည်း ကမ္ဘောဇကုမ္ပဏီအုပ်စု (KBZ) နှင့် မက်စ်မြန်မာကုမ္ပဏီအုပ်စု (Max Myanmar) တို့သည် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ခြံစည်းရိုးကာရန် မြန်မာစစ်တပ်သို့ ငွေကြေး ထောက်ပံ့ခဲ့သည့်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွား ရသော ရခိုင်ပြည်နယ်မြောက်ပိုင်းနေ မွတ်စလင်များအား စစ်တပ်၏ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ကူညီထောက်ပံ့သည့် ကုမ္ပဏီများအဖြစ် ဖော်ပြခံခဲ့ရပြီး ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးကာ လိုအပ် ပါက တရားစွဲရန် အဆိုပါအဖွဲ့က တိုက်တွန်းထားခဲ့သည်။
စစ်ကောင်စီ၏ အဓိက စီးပွားရေးလုပ်ငန်း အရင်းအမြစ်များ ဖြစ်သည့် မြန်မာ့သစ်လုပ်ငန်း (MTE)၊ မြန်မာ့ပုလဲလုပ်ငန်း (MPE) နှင့် မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်း (MGE) တို့ကို အမေရိကန် အပါအဝင် နိုင်ငံများက စီးပွားရေး အရေးယူ ပိတ်ဆို့ ဒဏ်ခတ်ထားလျက်ရှိပြီး မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းကိုလည်း ပိတ်ဆို့အရေးယူရန် လူ့အခွင့်အရေး အဖွဲ့များက တိုက်တွန်းနေလျက် ရှိသည်။