သတင်း

ရွှေနှင့် ငွေကြေး ကစားသူများကို ထိန်းချုပ်ရန် စစ်ကောင်စီ ပြင်ဆင်လာ

အာဏာသိမ်းပြီးနောက် ဘဏ်စနစ်ယို့ယွင်းကာ ငွေကြေး ဖောင်းပွမှု မြင့်တက်ပြီး ရွှေဈေးနှုန်းလည်း အတက်ကြမ်းလာ သဖြင့် စစ်ကောင်စီက ထိန်းချုပ်နိုင်ရန် ကော်မတီတရပ် ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

ပြည်တွင်း ရွှေဈေးကွက်နှင့် ငွေကြေးဈေးကွက်တွင် ဈေးကစားသူများကို စောင့်ကြည့် ထိန်းသိမ်း ကြပ်မတ်ရန် စစ်ကောင်စီ၏ လက်အောက်ခံ ဗဟိုဘဏ် ဒု ဥက္ကဋ္ဌက ဦးဆောင်၍ ရွှေနှင့် ငွေကြေးဈေးကွက် စောင့်ကြည့် ထိန်းသိမ်းကြပ်မတ်ရေး လုပ်ငန်း ကော်မတီကို ယခု ရက်ပိုင်းအတွင်း စတင်ဖွဲ့စည်းလိုက်ပြီ ဖြစ်ကြောင်း ဆိုသည်။

အဆိုပါ ကော်မတီ၏ လုပ်ပိုင်ခွင့်မှာ ပြည်တွင်း ရွှေဈေးကွက်အတွင်း ဈေးကစားရန် ရည်ရွယ်ချက်နှင့် ဝယ်ယူစုဆောင်း သူများ၊ နိုင်ငံခြားငွေကြေးများကို တရားမဝင် ကိုင်ဆောင်ခြင်း၊ ဥပဒေမဲ့ ရာခိုင်နှုန်း တောင်းယူ၍ အရောင်းအဝယ် ပြု လုပ် ခြင်း အစရှိသည်တို့ကို ဖော်ထုတ် အရေးယူသွားမည် ဖြစ်သည့်အပြင် ဗဟိုဘဏ်က ထုတ်ပြန်ထားသည့် ငွေကျပ်သိန်း ၂၀၀ အထက် ပို၍ ငွေပေး‌ချေသူများအနေနှင့် ဘဏ်စနစ် အသုံးပြု၍ ငွေပေးချေခြင်း မရှိပါကလည်း အရေးယူသွားမည် ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ ကော်မတီကို အဖွဲ့ဝင် ၁၉ ဦးဖြင့် ဖွဲ့စည်းထားပြီး ဗဟိုဘဏ် အပါအဝင် အထွေထွေ အုပ်ချုပ်ရေး၊ စုံစမ်း စစ်ဆေးရေး၊ အကောက်ခွန် ဦးစီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူး ချုပ်များဖြင့် ဖွဲ့စည်းထားသည်။

ယင်းကော်မတီနှင့် ပတ်သက်ပြီး ပြည်တွင်း လုပ်ငန်းရှင် တဦးက “ဈေးကွက်ဆိုတာ ထိန်းချုပ်တာကတော့ မကောင်းဘူး ပေါ့။ ဒါပေမယ့်လည်း အခု အခြေအနေက ရှိသေးတယ်။ ‌ဒေါ်လာဈေး ပြန်ကျဖို့ကတော့ စစ်ကောင်စီက တခုမဟုတ် တခု တော့ လုပ်မှပဲ ရမှာ။ အရင်ကလည်း အဲဒီလို စမ်းတာပဲ။ ဒါပေမယ့် ခဏပဲ ပြီးရင်တော့ ပြန်တက်တာပဲ‌။ သူတို့က ထိန်းတဲ့ အခါ နည်းနည်း ငြိမ်ပေမယ့် ပြန်ပြီး ဖြစ်တာပဲဆိုတော့။ ငွေကြေးဖောင်းပွမှုကိုတော့ သူတို့ ဘယ်လိုမှ ထိန်းလို့မရ ဖြစ်နေ တာပေါ့” ဟု ဧရာဝတီသို့ မှတ်ချက်ပြုသည်။

စစ်ကောင်စီအနေနှင့် လက်ရှိ မြင့်တက်နေသော ရွှေဈေး၊ နိုင်ငံခြားငွေ လဲလှယ်နှုန်း၊ စက်သုံးဆီဈေးနှင့် အခြေခံ စား သောက်ကုန် ဈေးနှုန်းများကို ထိန်းချုပ်ရန် နည်းလမ်းမျိုးစုံနှင့် ကြိုးစားနေသော်လည်း လမ်းမှန်သို့ မရောက်ရှိ သေးကြောင်း ၎င်းက သုံးသပ်ပြောဆိုသည်။

“အဓိကတော့ ပြည်တွင်းမှာက သွင်းကုန်ကများပြီးတော့ ပို့ကုန်က ရှားတယ်။ အဲဒီလိုဖြစ်နေတော့ ငွေကြေးဈေးကွက် ဖောင်းပွမှုကိုလည်း မထိန်းနိုင်ဘူးပေါ့။ အခု ရွှေဈေးကလည်း အတက်ပဲ ရှိနေတာ။ အခေါက်ရွှေ တကျပ်သား ကျပ် ၁၉ သိန်းနားရောက်နေပေမယ့် ကျပ်သိန်း ၂၀ ‌တော့ မကျော်လောက်ဘူး ထင်တယ်။ ကျော်ရင် ဘဏ်နဲ့ ပေးချေရမှာ ဆိုတော့ အခက်အခဲတွေ ရှိတယ်။ သူတို ဘယ်လို ထိန်းသိမ်း နိုင်မလဲ စောင့်ကြည့်ရမှာပဲ” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းမှ စတင်ပြီး အမေရိကန်ဒေါ်လာဈေး၊ ကမာ္ဘရွှေဈေးတို့နှင့် အတူ ပြည်တွင်းရွှေဈေး လိုက်ပါမြင့် တက်ခဲ့သည် မှာ ယနေ့ (ဇန်နဝါရီလ ၂၆) ရက်တွင် အကယ်ဒမီ အခေါက်ရွှေ ၁ ကျပ်သား ကျပ် ၁၈ သိန်း ၈ သောင်းကျော် တွင် ရှိနေပြီး လက်ဝတ်တန်ဆာအတွက် အထည်ဈေးဖြစ်သော ၁၅ ပဲရည် ရွှေဈေးမှာ ကျပ် ၁၇ သိန်း ၇ သောင်းကျော် အထိ ရှိနေကြောင်း ဈေးကွက်အတွင်းက သိရသည်။

အာဏာသိမ်းပြီး နောက်ပိုင်း ဘဏ်စနစ်များကို ယုံကြည်မှု လျော့နည်းလာခြင်း၊ မြန်မာကျပ်ငွေ တန်ဖိုး ကျဆင်းများကြောင့် ရွှေဈေးကွက်အတွင်း စုဆောင်းရန် လက်ဝတ်ရတနာများ ဝယ်ယူလာရာမှ ဈေးများ မြင့်လာသလို လက်ရှိတွင် ဒေါ်လာဈေး အတက်ကြမ်းခြင်းကြောင့်လည်း ရွှေဈေးများ အဆမတန် တက်လာခြင်း ဖြစ်ကြောင်း ရွှေကုန်သည်များက ဆိုသည်။

မြို့တွင်း ရွှေဆိုင်ပိုင်ရှင် တဦးက “အခုကတော့ ရွှေဈေးက ဒေါ်လာ၊ ကမာ္ဘ့ရွှေနဲ့ ဝယ်အားကြောင့် တက်နေတာ ဖြစ်တယ်။ အခုကတော့ ဝယ်လိုအားများတယ်။ တဖြည်းဖြည်း ငွေကြေးက ‌ဖောင်းပွလာတော့ စုတဲ့သူတွေက ဝယ်ကြတယ်။ ဈေးကစားတဲ့သူကလည်း ကစားမှာပဲ။ ထိန်းမှပဲ ရမှာပေါ့။ အဓိကတော့ ငွေဈေးပဲ ပိုက်ဆံရှိတဲ့ သူက ကြောက်ပြီးတော့ ဝယ်ကြတယ်။ ကျန်စီးပွားရေးက သိပ်မကောင်းတော့ ရွှေဘက် ရောက်လာတာ” ဟု ၎င်းက ပြောသည်။

လက်ရှိ ရွှေဈေးမှာ အတက်ဘက်သို့ သွားနေသော်လည်း ကျပ်သိန်း ၂၀ ကျော်လျှင် ဘဏ်စနစ်နှင့် ပေးချေရမည် ဖြစ် သောကြောင့် ယင်းဈေးပတ်ချာလည်တွင်သာ ရှိနေနိုင်သေးကြောင်း ၎င်းက ဈေးကွက် အခြေအနေကို ပြောသည်။

လက်ရှိ ဖွဲ့စည်းလိုက်သော စစ်ကောင်စီ၏ ကော်မတီသည် ရွှေဈေးကွက်နှင့် ငွေကြေးဈေးကွက်အပြင် အိမ်၊ ခြံမြေ၊ မော် တော်ယာဉ်ကဲ့သို့သော ပစ္စည်းများကို အရောင်းအဝယ် ပြုလုပ်သည့်အခါ ဗဟိုဘဏ်၏ ငွေပေးချေမှု ကန့်သတ်ချက်များ အတိုင်း လိုက်နာခြင်း မရှိဘဲ ဘဏ်မှ အပ်နှံထားသော ငွေကြေးများကို ရာခိုင်နှုန်းယူ၍ လဲလှယ်ခြင်း၊ ဘဏ်တွင် အပ်နှံခြင်း မရှိဘဲ ပြင်ပတွင် ငွေသား ကိုင်ဆောင်ခြင်းနှင့် ရာခိုင်နှုန်းယူ ငွေသားထုတ်ပေးခြင်းများကိုလည်း အရေးယူခွင့်ရှိကြောင်း သိရသည်။

သို့သော် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ လက်ရှိအချိန်ထိ ပြည်သူများအနေဖြင့် ဘဏ်များတွင် အပ်နှံထားသော ငွေသားများကို လိုသလောက် ထုတ်ယူ၍ မရသလို၊ ရာခိုင်နှုန်းတခု ပေး၍ ထုတ်နေရခြင်း၊ ငွေသား ရရှိရန် အတွက် ရာခိုင်နှုန်း ပေး၍ ငွေသားထုတ် နေရခြင်းမှာ ရှိနေဆဲ ဖြစ်သည်။

You may also like these stories:

ရွှေ ဒေါ်လာနှင့် စက်သုံးဆီဈေးနှုန်းများ မြင့်တက်နေ

စစ်ကောင်စီ ရောင်းသည့် မြေကွက်များ ဝယ်ယူပါက ပြည်သူပိုင် သိမ်းမည်ဟု NUG သတိပေး

ချေးငွေ ပြန်မဆပ်နိုင်သဖြင့် ကုန်တင်ယာဉ်များ ပြန်သိမ်းခံရမှု ရှိနေ

Loading