နိုင်ငံကျော် Makeup Artist တဦးဖြစ်တဲ့ မိတ်ကပ် Gucci Aung ကို Silent Strike (အသံတိတ်သပိတ်) မှာ ပါဝင် လှုံ့ဆော်တယ်ဆိုပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ဇန်ဝါရီလ ၂၆ ရက်နေ့၊ နေ့လယ်ပိုင်းက ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် နေအိမ်တအိမ်ကနေ ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
မိတ်ကပ် Gucci Aung အပါအဝင် ၅ ယောက်ခန့် ဖမ်းဆီးခံခဲ့ရပြီး ဖမ်းဆီးချိန်မှာ Gucci ဟာ နေအိမ်မှာ မရှိတာ ကြောင့် အခြားတနေရာမှာ သွားရောက်ဖမ်းဆီးခဲ့ကာ နေအိမ်ကို ချိတ်ပိတ်သွားတယ်လို့ Gucci Aung နဲ့ ရင်းနှီး သူ မိတ်ဆွေ တဦးက ဧရာဝတီကို အတည်ပြု ပြောပါတယ်။
“ဂူချီ့ အိမ်ကို မနေ့က စစ်ကား ၂ စီးလောက် ဝိုင်းထားတယ်တဲ့။ ဘယ်လိုဖြစ်လဲဆိုတော့ ဟန်ငြိမ်းဦးရဲ့ တယ်လီ ဂရမ် အကောင့်မှာ ဂူချီကို နံပါတ် (၁) အချက်က နိုင်ငံရေးကို လှုံ့ဆော်ပါတယ်၊ ပြီးရင် နံပါတ် (၂) Silence Strike မှာ ပါဝင်ဖို့ လှုံ့ဆော်တယ်၊ နံပါတ် (၃) PDF တွေနဲ့ သိတယ်၊ Celebrity တွေနဲ့ သိတယ်ဆိုပြီး ဂူချီ့ကို ဖမ်းရင် အဲဒီလို အဆက်အစပ်တွေ ရမယ်ဆိုပြီး အိမ်လိပ်စာ အတိအကျနဲ့ လာဖမ်းတာ။ အိမ်ကိုလည်း ချိတ်ပိတ်သွားတယ်” လို့ Gucci Aung ရဲ့ မိတ်ဆွေက ပြောပါတယ်။
လက်ရှိမှာတော့ မိတ်ကပ် Gucci Aung ကို ဘယ်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာ မသိရသေးဘဲ Gucci ရဲ့ မိသားစုဝင်များကလည်း အခြားနယ်မှာ နေထိုင်တဲ့အတွက် လူမှုကွန်ရက်မှာ တက်လာတဲ့ သတင်းများ အရသာ သိရှိသေးတယ်လို့ ဆိုပါတယ်။
“အဓိကကတော့ ဘာပုဒ်မနဲ့ တပ်ဖမ်းလဲဆိုတာလည်း မသိရသေးဘူး။ အကြမ်းဖက်မှုကို လှုံ့ဆော်လို့ ဖမ်းတယ် ဆိုတာပဲ သိရတယ်။ ဂူချီ့အတွက် စိုးရိမ်မိတယ်။ ဘာလို့လဲဆိုတော့ အာဏာသိမ်းလိုက်တဲ့ အချိန်ကစပြီး အခု အချိန်ထိ LGBT တွေကို နောက်ဆုံးသိရသလောက် တယောက်ကိုဆိုရင် ရဲတွေ၊ စစ်သားတွေက သူတို့ရဲ့ တန်ဆာကိုပြပြီး အနှောင့်အယှက် ပေးတာမျိုး ရှိတော့ လူမဆန်တဲ့ လုပ်ရပ်တွေ လုပ်မှာမျိုး စိုးရိမ်မိတယ်” လို့ Gucci Aung ရဲ့ မိတ်ဆွေက စိုးရိမ်စွာ ပြောပါတယ်။
Gucci Aung ကို ဘယ်လို ပုဒ်မတပ်ပြီး ဘာကြောင့် ဖမ်းဆီးသွားလဲဆိုတာကို စစ်ကောင်စီပိုင် မီဒီယာတွေကနေ တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိသေးသလို၊ ဖမ်းဆီးမှု မတိုင်ခင်ကလည်း Gucci Aung ကို ပုဒ်မ တစုံတရာနဲ့ ဝရမ်းထုတ်ထား ခြင်း မရှိဘူးလို့ သိရပါတယ်။
“ဆရာမအတွက် စိုးရိမ်မိတယ်။ ပုံမှန်လူတွေထက်စာရင် LGBT တွေကို ပိုပြီး ဖိနှိပ်ကြတဲ့အပေါ်မှာ သူတို့က LGBT တွေကို ပိုပြီး နှိပ်စက်တယ်၊ ဖိနှိပ်တယ်ဆိုတဲ့အတွက် သူ့ကို ပိုပြီး စိုးရိမ်မိပါတယ်။ အဆင်ပြေပြေ အန္တရာယ်ကင်းကင်း ကျော်ဖြတ် နိုင်ပါစေပဲလို့ ဆုတောင်းပေးရမှာပဲ” လို့ Gucci Aung ရဲ့ တပည့်တဦးက ဧရာဝတီကို ပြောပါတယ်။
မကြာခင် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ကျရောက်မယ့် စစ်အာဏာသိမ်းမှု တနှစ်ပြည့်နေ့မှာ တနိုင်ငံလုံး Silent Strike (အသံတိတ်သပိတ်) ပြုလုပ်မှာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်မှ ဆိုင်ပိတ်မည်ဟု ကြေညာထားသော ဆိုင်များအား ဖမ်းဆီး ချိတ်ပိတ်ခြင်း၊ အသံတိတ် သပိတ်တွင် ပါဝင်ရန် လှုံ့ဆော်သူများကို လိုက်လံ ဖမ်းဆီးခြင်းတို့ကို လုပ်ဆောင်နေပါတယ်။
ဒါ့အပြင် အသံတိတ် သပိတ်မှာ ပါဝင်မယ်ဆိုရင် ပါဝင် လှုံ့ဆော်သူတွေကို အရေးယူ ဖမ်းဆီး ထောင်ချမယ် လို့လည်း ရပ်ကွက်တွေထဲမှာ လိုက်လံ ဆော်ဩနေတယ်လို့ ကြားသိရပါတယ်။