နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နှင့်အတူ ဖမ်းဆီး တရားစွဲခံထားရသည့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးစိုးဝင်းအား ယနေ့တွင် အာမခံပေးလိုက်ကြောင်း တရားရုံးနှင့် နီးစပ်သူ တဦးက ပြောသည်။
အသက် ၈၃ နှစ် အရွယ်ရှိပြီဖြစ်သည့် ဦးစိုးဝင်းအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလကတည်းက အူမကြီးကင်ဆာရောဂါ ဝေဒနာကြောင့် နေပြည်တော်၊ ခုတင် ၁၀၀၀ ဆေးရုံတွင် ခွဲစိတ်ကုသမှု ခံယူခဲ့ရပြီး လက်ရှိအချိန်အထိ ဆေးရုံတွင်ပင် ကုသနေရဆဲ ဖြစ်သည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဗဟိုစီးပွားရေး ကော်မတီ အဖွဲ့ဝင်လည်း ဖြစ်သူ၊ ဘဏ်လုပ်ငန်းနှင့် ငွေကြေး ဆိုင်ရာ မူဝါဒ လုပ်ငန်း ကဏ္ဍများတွင် အတွေ့အကြုံရှိပြီး ကျွမ်းကျင်သူတဦးလည်းဖြစ်သူ ဦးစိုးဝင်းအား နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ၂၀၁၈ ခုနှစ်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေး၊ ပြည်ထောင်စုဝန်ကြီးအဖြစ် အမည်စာရင်း တင်သွင်းကာ ခန့်အပ် ခဲ့ခြင်း ဖြစ်သည်။
စစ်တပ် အာဏာသိမ်းပြီးနောက် ရန်ကုန်တွင် ဖမ်းဆီးခံခဲ့ရသည့် ဩစတေးလျနိုင်ငံသား စီးပွားရေးအကြံပေး မစ္စတာ ရှောင် တာနဲလ်နှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်၊ ဦးစိုးဝင်း၊ စီမံ/ဘဏ္ဍာ ဒုဝန်ကြီး ဦးဆက်အောင်၊ စီမံ/ဘဏ္ဍာ ဝန်ကြီး ဟောင်း ဦးကျော်ဝင်းတို့အား အာဏာသိမ်း စစ်ကောင်စီက ဖမ်းဆီးကာ တရားစွဲဆို ချုပ်နှောင်ခဲ့ခြင်း ဖြစ်သည်။
၎င်းတို့အမှုနှင့် ပတ်သက်ပြီး နေပြည်တော်တွင် အထူး တရားရုံးဖွင့်ကာ စစ်ဆေးနေခြင်းဖြစ်ပြီး ယနေ့ ရုံးချိန်းတွင် တရားပြ သက်သေ လာရောက်ခြင်း မရှိခဲ့သည့်အတွက် အမှုများအား စစ်ဆေးနိုင်ခြင်း မရှိခဲ့ကြောင်းလည်း သိရသည်။
၎င်းတို့အား စွဲဆိုထားသည့် နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ ၃-၁(ဂ)သည် အမြင့်ဆုံး ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်ခံရနိုင်သည့် ပုဒ်မ ဖြစ်သည်။
ယင်းပြင် မစ္စတာ ရှောင်တာနဲလ်အနေဖြင့် လူဝင်မှုကြီးကြပ်ရေး ဥပဒေဖြင့်လည်း သီးခြား တရားစွဲဆိုမှုတခုကိုလည်း ရင် ဆိုင်ရလျက် ရှိသည်။
ယခုကဲ့သို့ ဦးစိုးဝင်းအား စစ်ကောင်စီက အာမခံပေးခဲ့သော်လည်း စစ်တပ် အာဏာသိမ်းပြီးကတည်းက ထောင်များအတွင်း ဖမ်းဆီးချုပ်နှောင်ခံနေကြရသည့် အစိုးရ အဖွဲ့ဝင်များနှင့် NLD ပါတီ ခေါင်းဆောင်အများစုမှာ အသက်အရွယ်အားဖြင့်နှင့် ကျန်းမာရေး အခြေအနေအရပါ ရောဂါ ဝေဒနာများ ခံစားနေရသည့် အခြေအနေများ ရှိကြသော်လည်း စစ်ကောင်စီသည် အာမခံမပေးဘဲ ထောင်အတွင်း၌သာ ချုပ်နှောင်ထားဆဲ ဖြစ်သည်။
ယင်းသို့ လုံလောက်သည့် ဆေးဝါးကုသမှု မရှိဘဲ ထောင်အတွင်း၌သာ ဖမ်းဆီး ချုပ်နှောင်ခံခဲ့ရသည့်အတွက် NLD ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်တဦးဖြစ်သူ ဦးဉာဏ်ဝင်းမှာ အင်းစိန်ထောင်အတွင်း ချုပ်နှောင်ခံထားရစဉ် ကိုဗစ်-၁၉ ကပ် ရောဂါ ကူးစက်ခံရပြီး ရန်ကုန်ဆေးရုံကြီးသို့ ပြောင်းရွေ့ ကုသစဉ် သေဆုံးခဲ့ရသည်။
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည် နှင့် အတူ တွေ့ရသည့် သမ္မတရုံး ဝန်ကြီးဌာန ဒု ဝန်ကြီး ဦးမင်းသူ
ဒေါ်အောင်ဆန်းစုကြည် အဂတိမှု ၁၀ မှုကို တရက်တည်း ရင်ဆိုင်ရမည်
ဒေါက်တာရဲလွင် ကျန်းမာရေး မကောင်းသဖြင့် ဆေးကုသနေရ
ရှောင်တာနဲလ်အမှု နည်းပညာကျွမ်းကျင်သူ သက်သေတဦး စစ်ဆေး
ဖမ်းဆီးခံ စီမံ/ဘဏ္ဍာဝန်ကြီး ဦးစိုးဝင်း ခွဲစိတ်ကုသမှုခံယူရ