မန္တလေးမြို့တွင် We Chat ဖြင့် ကျောက်စိမ်းရောင်းဝယ်မှုကြောင့် ဖမ်းဆီးခံရသည့် တရုတ်နိုင်ငံသား ၁၀၀ ကျော်အပါအဝင် လူ ၄၆၀ ကျော်ကို ကျောက်မျက်ရတနာ ဥပဒေ ပုဒ်မ ၅၁(က)၊ ပုဒ်မ ၅၄ဖြင့် တရားစွဲစစ်ဆေးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း မန္တလေးမြို့ခံ ကျောက်သမားများထံက သိရသည်။
ကျောက်ဝိုင်းပြင်ပ၌ အွန်လိုင်းဖြင့် ကျောက်စိမ်းအရောင်းအဝယ် ပြုလုပ်သည့်နေရာနှစ်ခုမှ ထိုသူများကို ဖမ်းဆီးခဲ့ခြင်းဖြစ် ပြီး အောင်မြေသာစံနှင့် မဟာအောင်မြေမြို့နယ်တရားရုံးများတွင် မြန်မာ့ကျောက်မျက်ရတနာ ဥပဒေ ပုဒ်မ ပုဒ်မ ၅၁ (က)/ ၅၄ တို့ဖြင့် တရားစွဲတင်လာခြင်းဟု သိရသည်။
“နှစ်မြို့နယ်မှာ ၄၆၀ကျော် ရှိတယ်၊ လက်ရှိတရားလိုနဲ့ သက်သေတွေကို စစ်နေပါပြီ။ ဘယ်သူတွေ ဘယ်လိုမိကြောင်း၊ ဘာ တွေမိကြောင်း တရာလိုက ထွက်ဆိုတယ်။ ရှာဖွေပုံစံတွေကို သက်သေခံသွင်းတာမှာ ကား၊ ဆိုင်ကယ်နဲ့ ဖုန်းတွေကို ပြန် လည် သိမ်းဆည်းခွင့် ပြုပါရန်ဆိုပြီး ဥပဒေရုံးကို လျှောက်ထားတဲ့ လျှောက်လွှာကို တရားရုံးမှာ သက်သေခံသွင်းတယ်၊ သိမ်းတုန်းက အလွတ်သိမ်းထားတာ ဘာမှလုပ်မထားဘူး၊ တခါမှ မကြုံရ ဘူးတဲ့ အတွေ့အကြုံပါပဲ” ဟု လိုက်ပါဆောင်ရွက် သည့် ရှေ့နေတဦး က ပြောသည်။
ဖမ်းဆီးခံရသူ ၄၆၀ ကို တရားစွဲရုံးတင်ရာတွင် လူ ၂၀ လျှင် အမှုတွဲတခုဖြင့် အမှုတွဲပေါင်း ၂၄ မှုအထိရှိကြောင်း သိရသည်။
“အမှုတွေက အားလုံးအတူတူပဲဆိုတော့ အကြောင်းအရာ မပြောင်းဘဲ အဖမ်းခံရသူတွေ နာမည်ပဲပြောင်းပြီး Copy ပေါ့။ ကျောက်မျက်ဥပဒေပုဒ်မ နှစ်ခုနဲ့ တရားစွဲတင်လာတာပါ။ မြို့မစခန်းမှူးတွေက တရားလိုလုပ်ပြီး တရားစွဲတင်တာပေါ့” ဟု အထက်တန်းရှေ့နေတဦးက ပြောသည်။
ဖမ်းခံရသူ ၄၆၀ ကျော်တွင် တရုတ်လူမျိုး ကျောက်ကုန်သည်များ၊ မြန်မာကျောက်ကုန်သည်များ၊ ကျောက်ပွဲစားများ ပါဝင် ပြီး တရုတ်လူမျိုး ကျောက်ကုန်သည်များကို တရားစွဲတင်ရာတွင် ကျောက်မျက်ဥပဒေ ပုဒ်မ ၅၁ (က)၊ ၅၄ တို့ဖြင့်သာ တရားစွဲတင်လာခြင်းဟု သိရသည်။
“တရုတ်တွေကို သီးခြားခွဲထားတာမျိုးတော့ မရှိဘူး။ ရာကြီးအမှု အမှတ်တွေထဲမှာ အကုန်တွဲပါနေတာပဲ။ တရုတ်တွေ ကိုလည်း ကျောက်မျက်ဥပဒေနဲ့ပဲ တရားစွဲတင်လာတာပါ” ဟု တရားလွှတ်တော်ရှေ့နေတဦးက ပြောသည်။
တရားစွဲခံထားရသူများကို အာမခံပေးထားခြင်းမျိုး မရှိဘဲ၊ မန္တလေးအိုးဘို အချုပ်ထောင်တွင် ဖမ်းဆီးထားကြောင်း၊ ဖမ်းဆီး ခံရချိန်က ပါရှိခဲ့သည့် အသက်မပြည့်သေးသော ကလေးသူငယ်များကို ကလေးသူငယ်ဥပဒေအရ အာမခံပေးထားသည်ဟု သိရသည်။
ဒီဇင်ဘာလ ၂၀ ရက်နေ့က မန္တလေးမြို့ရှိ မဟာအောင်မြေမြို့နယ်၊ ၄၃ လမ်းနှင့် ၄၄ လမ်း၊ ၈၄ လမ်းရှိ Happy birthday ကျောက်မျက်ကုမ္ပဏီဝင်းအတွင်းနှင့် အောင်မြေသာစံမြို့နယ် ၈၆ လမ်းနှင့် ၈၇ လမ်း၊ ၁၅ လမ်းနှင့် ၁၆ လမ်းကြားရှိ ရွှေဓူဝံ ကျောက်မျက်ကုမ္ပဏီဝင်းအတွင်း အွန်လိုင်း We Chat ဖြင့် ကျောက်စိမ်းအရောင်းအဝယ် ပြုလုပ်သူများကို စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက် စီးနင်း ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ထိုသို့ ဖမ်းဆီးခြင်းသည် ကျောက်စိမ်းရောင်းဝယ်ရေး လုပ်ပိုင်ခွင့် ပြုပေးထားသည့်နေရာတွင် မပြုလုပ်သဖြင့် ဖမ်းဆီး ခြင်းဟု စစ်ကောင်စီအသိုင်းအဝိုင်းက ပြောကြားထားသလို၊ ကျောက်စိမ်းများနှင့်အတူ သိမ်းဆည်းခံထားရသည့် ပစ္စည်း များ၏ တန်ဖိုးမှာ ကျပ်သိန်း ၇ သောင်းကျော်ခန့် ရှိကြောင်း ကျောက်သမားများက သုံးသပ်ပြောပြသည်။
ထိုသို့ ဖမ်းဆီးရာတွင် ဖမ်းမိသည့် ကျောက်များကို တန်ဖိုးသတ်မှတ်နိုင်ရန်အတွက် ကျောက်မျက်ရုံးသို့ တင်ပြရာတွင် အဖွဲ့ဝင် ၂၃ ဦးပါသော ရာဖြတ်အဖွဲ့၏ ပြန်ကြားစာတွင် ဖမ်းမိချိန်က ခန္ဓာကိုယ်တွင် ဝတ်ဆင်ထားသည့် လက်ဝတ်ရတနာများကိုပါ ထည့်သွင်းတွက်ချက်ထားသည်ဟု ဆိုသည်။
“ပြန်စာတွေမှာ ဥပမာ-မောင်ဖြူ ကျောက်လက်စွပ် ၆ ကွင်း၊ အလေးချိန်ဘယ်လောက်၊ တန်ဖိုးဘယ်လောက် စုစုပေါင်း ဘယ်လောက်ဆိုတာမျိုးပေါ့။ နောက် လက်မှာ အဆင်တန်ဆာအဖြစ်ဝတ်ထားတဲ့ လက်ဝတ်လက်စားတွေကိုလည်း တွက်ထားတာတွေ့ရတယ်” ဟု တရားလွှတ်တော်ရှေ့နေတဦးက ပြောပြသည်။
အဆိုပါအမှုများအတွက် အပတ်စဉ် အင်္ဂါ၊ ကြာသပတေးနေ့များတွင် စစ်ဆေးရန် ချိန်းဆိုထားပြီး တရုတ်နိုင်ငံသားများကို လူဝင်မှုကြီးကြပ်ရေးဥပဒေ ပုဒ်မ ၁၃ ဖြင့် တရားစွဲတင်နိုင်ရန် စီစဉ်နေဆဲဟု သိရသည်။
မြန်မာ့ကျောက်မျက်ရတနာ ဥပဒေပြဌာန်းချက် ၂၆ အရ ကျောက်မျက်ရတနာ အရိုင်း၊ အချော၊ လက်ဝတ်ရတနာများ ရောင်းဝယ်ခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် ကျောက်မျက်ရတနာ အချောထည်ပြုလုပ် ရောင်းချခြင်း၊ ကျောက်မျက်ရတနာ အရိုင်းကို အချောထည်ပြုလုပ်ခြင်းများအတွက် လုပ်ငန်းလိုင်စင် လျှောက်ထားရန် လိုအပ်ပြီး ပုဒ်မ ၅၀ (က) အရ မှတ်ပုံ တင်ထားခြင်း မရှိဘဲ လုပ်ကိုင်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထောင်ဒဏ် ၁ နှစ်မှ ၃ နှစ်အထိ ချမှတ်ရမည့် အပြင်၊ ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ပြဌာန်းထားသည်။
ထို့အပြင် မြန်မာ့ကျောက်မျက်ရတနာ ဥပဒေပုဒ်မ ၅၄ အရ လုပ်ငန်းလိုင်စင်မရရှိဘဲ၊ ပြစ်မှုကျုးလွန်ရန် အားထုတ် ခြင်း၊ ပူးပေါင်းကြံစည်ခြင်း(သို့) အားပေးကူညီခြင်းများ ပြုလုပ်လျှင် ပြဌာန်းချက်ပါ ပြစ်ဒဏ် ချမှတ်ခံရမည်ဟု ပြဌာန်း ထားသလို၊ သက်သေခံပစ္စည်းများလည်း သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုကျုးလွန်ရာတွင် အသုံးပြုသည့် ယာဉ်ယန္တရား၊ တိရစ္ဆာန်နှင့် အခြား ပစ္စည်းများကိုလည်း သိမ်းဆည်းမည်ဟု မြန်မာ့ ကျောက်မျက်ရတနာ ဥပဒေတွင်ဖော်ပြထားသည်။