မန္တလေးမြို့ပေါ်တွင် အာဏာသိမ်း စစ်တပ်ထုတ် ဘီယာများ ရောင်းချနေသည့် ဘီယာဆိုင် ၃ ဆိုင်နှင့် KTV တခုကို ပြည်သူ့ကာကွယ်ရေးတပ် ပူးပေါင်း အဖွဲ့များက ဇန်နဝါရီ ၂၇ ရက်နေ့က တိုက်ခိုက်ခဲ့ကြောင်း မန္တလေးအခြေစိုက် မြို့ပြပြောက်ကျားတပ်ဖွဲ့တခုဖြစ်သည့် Justice Mandalay People defense force (JMPDF) အဖွဲ့ ကအတည်ပြုသည်။
မြန်မာဘီယာ၊ ဒဂုံဘီယာ အပါအဝင် စစ်တပ်ထုတ် အဖျော်ယမကာများနှင့် ထုတ်ကုန်များကို ရောင်းချနေသည့် ဘီယာဆိုင်နှင့် KTV များကို တိုက်ခိုက်မည်ဖြစ်ကြောင်း JMPDF က သတိပေးချက်ထုတ်ပြန်ပြီး ၃ ရက်မြောက်နေ့တွင် ယင်းသို့ တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။
အဆိုပါ တိုက်ခိုက်မှုကို JMPDF အပါအဝင် Phoenix အထူးပြောက်ကျားတပ်ဖွဲ့(ရေစကြို)၊ ကရင်နီ ဒီမိုကရက်တစ်တပ်ဦး (KDF)၊ Mandalay (PDF) အဖွဲ့တို့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
JMPDF အဖွဲ့က ဗိုလ် Justice က “ကျနော်တို့ အသိပေးစာ ထုတ်ပြန်ပြီး ၃ ရက် စောင့်ကြည့်ခဲ့ပါတယ်။ လိုက်နာမှုမရှိတဲ့ ဆိုင်တွေထဲက စစ်ကောင်စီ ဒေါက်တိုင် ဆိုင် ၄ ဆိုင်ကို မနေ့က အချက်ပြမီး ဖွင့်ခဲ့ပါတယ်။ အခြေအနေအရ Mission တခုကတော့ အောင်မြင်မှု မရှိခဲ့ပါဘူး။ အခုလိုပဲ ထုတ်ပြန်ချက်ကို လိုက်နာမှု မရှိတဲ့ ဆိုင်တွေကိုလည်း ပညာပေးတာတွေ ထပ်လုပ်သွားမယ်” ဟု ပြောသည်။
JMPDF ဦးဆောင်သည့် မဟာမိတ်အဖွဲ့များက ဇန်နဝါရီ ၂၄ ရက်နေ့တွင် သဘောထားကြေညာချက် ထုတ်ပြန်ခဲ့ပြီး KDF တပ်ဖွဲ့ကလည်း မြို့ပြပြောက်ကျားတိုက်ပွဲများကို ဦးစားပေး လုပ်ဆောင်သွား မည်ဟု သတင်းထုတ်ပြန်လာပြီးနောက် ပထမဆုံး ပူးပေါင်းတိုက်ခိုက်သည်။
ထိုသို့ သတိပေးထုတ်ပြန်ပြီးနောက် ယမန်နေ့က မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်ရှိ KTV တခုအား မိုင်းထောင်၍ သတိပေးခြင်း၊ ပြည်ကြီးတံခွန်မြို့နယ် သင်ပန်းကုန်းရပ်ကွက် လမ်း ၆၀ အင်းခရုဘုရားအနီးရှိ ဘီယာဆိုင်အား မီးရှို့သတိပေးခြင်း၊ အောင်မြေသာစံမြို့နယ် နန်းရှေ့ ၁၉ လမ်း၊ ၅၆ လမ်းနှင့် ၅၇ လမ်းကြားရှိ စစ်ကောင်စီထုတ်ကုန်များကို အဓိက ရောင်းချနေသောဆိုင်အား လက်လုပ်မိုင်းပစ်၍ သတိပေးခြင်းနှင့် သီရိမာလာ အရှေ့ရပ်ကွက် ၂၃ လမ်းနှင့် ၈၉ လမ်းထောင့်ရှိ ဘီယာဆိုင်တဆိုင်အား မီးရှို့ သတိပေးခြင်းများ ပြုလုပ်ခဲ့ခြင်းဟု သိရသည်။
နန်းရှေ့ ၁၉ လမ်းတွင် နေထိုင်သူ တဦးက “ညကတော့ မိုင်းလား၊ ဗုံးလာတော့ မသိဘူး၊ ပေါက်ကွဲသံတော့ ကြားလိုက်ရတယ်။ ပြီးတော့ စစ်ကားတွေ ရောက်လာပြီး လမ်းသွား လမ်းလာတွေကို တားပြီး စစ်ဆေးတာတွေ လုပ်သွားတယ်။ အဖမ်းခံရတာတို့ ဘာတို့တော့ မကြားမိဘူးဗျ။ ပေါက်ကွဲသံနဲ့ သေနတ်သံကတော့ ညတိုင်းလိုလို ကြားနေရတာပဲ။ အခုက တခုခုဆိုရင် အကုန်ကြောက်နေရတော့ အသံကြားလည်း သွားမကြည့်ရဲကြတော့ဘူးလေ” ဟု ပြောသည်။
အောင်မြေသာမြို့နယ် သီရိမာလာအရှေ့ရပ်ကွက်နေသူ တဦးကလည်း “ကျနော်တို့ ရပ်ကွက်ဘက်က အရက်၊ ဘီယာ ရောင်းတဲ့ဆိုင်သေးလေး တခုတော့ မနေ့က မီးလန့်တဲ့ဖြစ်စဉ်တခု ရှိတယ်။ လူတွေ အများကြီးတောင် မသိလိုက်ဘူးဗျ။ မီးလန့်တာဆိုတော့ ခဏနဲ့ ပြီးသွားတာ။ ပြီးတော့ အဲဒီဆိုင်က ဒီနေ့လည်း ပုံမှန်အတိုင်း ဖွင့်ထားတယ်” ဟု ပြောသည်။
အာဏာသိမ်းစစ်ကောင်စီ ဝင်ငွေရလမ်း ဒေါက်တိုင်များဖြစ်သည့် စစ်ကောင်စီထုတ်ကုန် မြန်မာဘီယာ၊ မန္တလေးဘီယာ၊ ဒဂုံဘီယာ၊ Adman Gold ဘီယာ၊ Red Ruby စီးကရက်စသည်များကို မန္တလေးမြို့ရှိ ဘီယာဆိုင်များ၊ KTVများတွင် ရောင်းချခြင်းမပြုရန်နှင့် အများပြည်သူ စိတ်အနှောင့်အယှက်ဖြစ်စေသည့် ညအချိန်မတော်အထိ ဆောင်းဘောက်များ ဖွင့်၍ မူးယစ်သောက်စားနေခြင်းများ ကိုလည်း ဆင်ခြင်ကြရန်ဆိုသည့် သတိပေးထုတ်ပြန်ချက်ကို ဇန်နဝါရီ ၂၄ ရက်နေ့က အသိပေးစာ ထုတ်ပြန်ခဲ့ပြီး မလိုက်နာသည့်ဆိုင်များကို ပထမဆုံးအကြိမ် တိုက်ခိုက်ခဲ့ခြင်းဟု Justic Mandalay People Defense Force အဖွဲ့က ထုတ်ပြန်သည်။
ဗိုလ် Justice က “အဓိကတော့ စကစရဲ့ဒေါက်တိုင်တွေဖြစ်တဲ့ KTV၊ ဘီယာဆိုင်တို့ပေါ့၊ မြန်မာ၊ ဒဂုံ၊ မန္တလေး၊ Adman Gold စသည့် စစ်တပ်ထုတ်ကုန်တွေကို အားမပေးဖို့ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အဲဒါတွေကို အားပေးနေသမျှ စကစအတွက် ဘက်ဂျက်က ပြည့်နေမှာလေ။ ပြည်သူထဲက ပြည်သူတွေထိမှာစိုးလို့ လွှတ်ပေးထားတာပါ။ အခုတော့ နောက်ဆုံး သတိပေးခြင်းပေါ့။ ပြည်သူကို ဒုက္ခပေးတဲ့သူ မှန်သမျှ မည်သူကိုမှ ငဲ့ညှာနေမှာ မဟုတ်တော့ပါဘူး။
နောက်ပြီး တောထဲက PDF တွေ မြို့ပေါ်က UG တွေကို အားနာပေးကြဖို့လည်း ပြောချင်ပါတယ်” ဟု ပြောသည်။
ထို့အပြင် မန္တလေးမြို့၌ မည်သည့် လောင်းကစားလုပ်ငန်းကို လုပ်ကိုင်သည်ဖြစ်စေ စစ်ကောင်စီတပ်၊ ရဲတပ်ဖွဲ့က လိုင်းကြေးရယူကာ ၎င်းတို့ ဦးဆောင်၍ လောင်းကစားဝိုင်းများ ပြုလုပ်နေခြင်းများ ကိုလည်း နောက်ဆုံး တားမြစ်ချက်အတိုင်း ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောသည်။
“အခုဆိုရင် ဘာလောင်းကစားပဲ လုပ်လုပ် စကစကို လိုင်းကြေးပေးရင် အကုန်လုပ်လို့ ရတယ်ဆိုတာမျိုးတွေလည်း သတင်းတွေ ရထားတယ်။ ပြီးတော့ လောင်းကစားဝိုင်းတွေကလည်း ဆက်ကြေးပေးပြီး လုပ်နေတာ ဘယ်သူ့မှ ဂရုစိုက်စရာ မလိုဘူးဆိုတဲ့ ပုံစံတွေ ဖြစ်နေပါတယ်။ အဲဒီလောင်းကစားဝိုင်းတွေကနေ အခွန်တွေရနေတဲ့အပြင်၊ တော်လှန်ရေးကို အာရုံမရောက်စေချင်လို့ အခုလို လွှတ်ပေးထားတယ်လို့ မြင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ၊ ကျနော်တို့ကတော့ လုပ်စရာရှိတာ ဆက်လုပ်သွားမယ်” ဟု ဗိုလ် Justice က သတိပေးပြောဆိုသည်။
JMPDF တပ်ပေါင်းစု၏ သတိပေးမှုကို လိုက်နာမှုမရှိဘဲ၊ စစ်ကောင်စီထုတ်ကုန်များကို အဓိက ရောင်းချနေသော ဆိုင်များကိုလည်း ဆက်လက်ပညာပေးသွားမည်ဟု JMPDF က ထုတ်ပြန်ထားသည်။
You may also like these stories:
မြန်မာဘရူဝါရီကို ဖျက်သိမ်းရန် ဦးပိုင် လျှောက်ထားမှု တရားရုံး ပယ်ချ
ကုန်ပစ္စည်းတင်ဆောင်ခွင့် ကန့်သတ်ချက်များကြောင့် မန္တလေးအခြေစိုက် ယာဉ်လိုင်းတချို့ ရပ်နားလာကြ