ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် စစ်ကောင်စီက နယ်မြေရှင်းလင်းရေးဟုဆိုကာ လက်နက်မဲ့ ပြည်သူများကို အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများ ပြုလုပ်နေပြီး ၂ ရက်အတွင်း ရုပ်အလောင်း ၉ လောင်းအထိ တွေ့ရှိထား ဖြစ်ကြောင်း ဒေသ သတင်းရင်းမြစ်များထံမှ သိရသည်။
လွိုင်ကော်မြို့၊ ရေယိုကျေးရွာက နေအိမ်တအိမ် အိမ်သာကျင်းထဲတွင် အသတ်ခံထားရသည့် ရုပ်အလောင်း ၆ ခုနှင့် ဘာဒိုကျေးရွာတွင် အသတ်ခံထားရသည့် အမျိုးသား ၁ ဦး၏ ရုပ်အလောင်းများကို ယမန်နေ့က တွေ့ရှိခဲ့ကြောင်း ဒေသ သတင်းရင်းမြစ်များထံမှ သိရသည်။
ထို့ပြင် ဇန်နဝါရီ ၂၈ ရက်နေ့တွင် လွိုင်ကော်မြို့၊ ထူဒူငံသရွာ၌ သားအမိ ၂ ဦး၏ သေဆုံး ရုပ်အလောင်းများကို ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။
ရေယိုကျေးရွာအတွင်း သတ်ဖြတ်ခံထားရသည့် ၆ ဦးတွင် အသက်မပြည့်သေးသည့် လူငယ် ၄ ဦးအထိပါဝင်ပြီး ၎င်းတို့မှာ အသက် ၁၇ နှစ်အရွယ်များ ဖြစ်ကြသည့် မောင်ယူဂျင်း၊ မောင်ဖီဒေးလယ်၊ မောင်ဒေးဗစ်ကျော်စိုး နှင့် အသက် ၁၆ နှစ်အရွယ် မောင်ဂျွန်ပေါလ်တို့ ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
သေဆုံးသူ တချို့ကို လက်နောက်ပြန်ကြိုးတုပ်ကာ ပစ်ခတ်သတ်ဖြတ်ပြီးနောက် အိမ်သာကျင်းထဲ ပစ်ထည့်ခဲ့သည့် အခြေအနေဖြစ်ကြောင်း ဒေသခံ တဦးက ရှင်းပြသည်။
စစ်ကောင်စီ၏ တပ်ဖွဲ့များရောက်ရှိလာချိန်တွင် မပြေးနိုင်ဘဲ ပိတ်မိကျန်ခဲ့သည့် ဒေသခံအများအပြားကို သတ်ဖြတ်ထားခြင်းဖြစ်ကြောင်း ကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF) မှ တာဝန်ရှိသူတဦးက ပြောသည်။
၎င်းက “ရိုက်နှက်ဖမ်းဆီးပြီးတော့ လက်ပြန်ကြိုးတွေ တချို့တုပ်ထားတာရှိတယ်။ သေဆုံးသွားတဲ့ လူတွေကို အိမ်သာကျင်းထဲ ပစ်ထည့်ခဲ့တာလို့ ထင်တာပေါ့။ အခုသေဆုံးသွားတဲ့ လူတွေက လက်နက်မကိုင်တဲ့ အပြစ်မဲ့ ပြည်သူတွေ သူတို့ မပြေးနိုင်တဲ့ အချိန်မှာ ပိတ်မိပြီးတော့ ခေါ်ဆောင်ခံထိပြီး သတ်ဖြတ်ခံခဲ့ရတာ”ဟု ပြောသည်။

ထို့ပြင် ထူဒူငံသရွာ၌ သားအမိ ၂ ဦးကို ပြာကျနေပြီဖြစ်သည့် ၎င်းတို့ အိမ်အနီးရှိ ကျင်းအတွင်း သတ်ဖြတ်ပြီး ပစ်ထားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အလားတူပင် ဘာဒိုကျေးရွာတွင် တွေ့ရှိခဲ့သည့် အမျိုးသား ရုပ်အလောင်းသည် ရိုက်နှက်ညှဉ်းပမ်းခံထားရပြီး သွေးအမြောက်အများ တွေ့ရှိရသည့် အိမ်သာခန်းမှ အလောင်းတွေ့ရှိရာ အမှိုက်ကျင်းထိ ဒရွတ်တိုက် ဆွဲခေါ်ခံထားရပြီးနောက် လက်ပြန်ကြိုးတုပ်ကာ ပစ်ခတ်သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။
ဒေသခံ ၁ ဦးက “၂၄၊ ၂၅ ရက်နေ့လောက်မှာ နယ်မြေရှင်းလင်းရေး ရှိတယ်ဆိုပြီး ရပ်ကွက်တွေထဲမှာ သူတို့ (စစ်ကောင်စီ) ရှိတယ်။ အဲဒီနေ့ပဲ ဖြစ်သွားတာတွေ။ မတွေ့သေးတဲ့ အလောင်းပျောက်တာ တွေလည်း အများကြီး ရှိနိုင်သေးတယ်” ဟု ပြောသည်။
လွိုင်ကော်မြို့ တွင် ဇန်နဝါရီလ ၆ ရက်နေ့မှစကာ စစ်ကောင်စီတပ်နှင့် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များအကြား တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီက လက်နက်ကြီးများဖြင့်သာမက လေကြောင်းတိုက်ခိုက်မှုများပါ ပြုလုပ်ခဲ့သည့်အတွက် ဒေသခံသောင်းချီ စစ်ဘေးရှောင်နေရသည်။

ယခုဇန်နဝါရီလ ၁ လ အတွင်း လွိုင်ကော်မြို့နယ် ရေယိုကျေးရွာ၊ ထူဒူငံသကျေးရွာ၊ ပန်းခင်းကျေးရွာတို့ အပါအဝင် မြို့ပေါ်ရပ်ကွက်များ ဖြစ်သည့် မိုင်းလုံး၊ ဒေါတမ၊ ဒေါဥခူ၊ နမ့်ဘော်ဝမ် ၊ မင်္ဂလာ၊ ပန်ကန် တို့မှ ဒေသခံ ပြည်သူ ၂၃ လောင်း၏ ရုပ်အလောင်းများ တွေ့ရှိထားပြီး ဖြစ်ကြောင်း ဒေသအခြေစိုက် လူမှုကူညီရေး အဖွဲ့ တခုမှ သိရသည်။
လူမူကူညီရေးအသင်း တခုမှ အဖွဲ့ဝင်တဦးက “အလောင်းတွေက ရုပ်ပျက်နေပြီဆိုတော့ အသားတွေက တခြားစီတွေ ဖြစ်နေပြီ ကြက်စားလိုက် ခွေးဆွဲလိုက်ဖြစ်နေတာ။ ၃ ၊ ၄၊ ၅ ရက် ပုံစံရှိနေပြီ။ ဇန်နဝါရီ ၁ လတည်းပဲ ရုပ်အလောင်းက ၂၃ လောင်းလောက်ရှိပြီ” ဟု ပြောသည်။
စစ်ကောင်စီက ထုတ်ပြန်ချက်တွင်မှု လွိုင်ကော်မြို့ တိုက်ခိုက်မှုများနှင့် ပတ်သက်ပြီး အကြမ်းဖက်သမားများဟု ယူဆသူများကိုသာ ပြန်လည်တုံ့ပြန် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အပြစ်မဲ့အရပ်သားများကို တိုက်ခိုက်ခြင်း မရှိခဲ့ကြောင်း ဆိုထားသည်။

စစ်ကောင်စီက အကြမ်းဖက်သမားဟု ယူဆသူများက မြို့တွင်း လူနေရပ်ကွက်များအတွင်း စတင်ဝင်ရောက်တိုက်ခိုက်ခြင်း၊ ပြည်သူများအား ထွက်ခွာခွင့် မပေးဘဲ လူသားတံတိုင်း သဖွယ် အသုံးပြုပြီး အကာအကွယ်များ ရယူခဲ့သည့်အတွက် လေကြောင်းနှင့် လက်နက်ကြီးများဖြင့် ပစ်ကူရယူခဲ့ရ ကြောင်း ငြင်းချက်ထုတ်ထားခြင်း ဖြစ်သည်။
သို့သော် စစ်ကောင်စီတပ်က စစ်ရှောင်စခန်းပေါ်သို့ပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက်မပြည့်သေးသည့် ကလေးငယ်များ အပါအဝင် စစ်ဘေးရှောင်ပြည်သူများ သေဆုံးခဲ့ရသည်။
KDF မှ တာဝန်ရှိသူတဦးက “မြို့ပေါ်ရပ်ကွက်တွေမှာ အခုချိန်အထိ တပ်စွဲထားတုန်းပဲ။ အိမ်တွေဆိုလည်း သူတို့ (စစ်ကောင်စီ) က လက်နက်ကြီးတွေနဲ့ ပစ်လို့ ပျက်စီးတာတွေလည်း အများကြီး လေကြောင်းကနေ ဗုံးကြဲလို့ မီးလောင်တာတွေလည်း အများကြီးပဲ။ ပြည်သူကို ဦးတည်ပြီးတော့ တိုက်ခိုက်နေတယ်လို့ သုံးသပ်လို့ရတယ်” ဟု ဆိုသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၂၄ ရက်နေ့တွင် ဖရူဆိုမြို့နယ် မိုဆိုရွာနှင့် ကွိုင်ငံလမ်းပိုင်းတွင် မိုဆိုကျေးရွာသားများအပါအဝင် ခရီးသွားပြည်သူ ၃၀ ကျော်အား စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဖမ်းဆီးကာ အစုလိုက်အပြုံလိုက်မီးရှို့သတ်ဖြတ်မှုပြုလုပ်ခဲ့သေးသည်။
စစ်တပ်အာဏာသိမ်းပြီးသည့် နောက်တွင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း နှင့် ကယားပြည်နယ်တို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒေသလက်နက်တပ်ဖွဲ့ဝင်များကို သာမက လက်နက်မဲ့ ပြည်သူများကိုပါ အစုလိုက် အပြုံလိုက် မီးရှို့သတ်ဖြတ်ခြင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အစုလိုက် သတ်ဖြတ်ခြင်းများကို ကျူးလွန်လျက်ရှိသည်။