နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်စေရန် ဩဇာလွှမ်းမိုးအသုံးချခဲ့ သည်ဟု စွပ်စွဲကာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၃၀-က ဖြင့်တရားစွဲဆိုမှုအား ၆ အတွင်းအပြီးစစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
၎င်းစွပ်စွဲချက်ဖြင့် စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ဦးအောင်မျိုးမင်းက တရားလိုပြုလုပ်ကာ တရား စွဲဆိုခြင်းဖြစ်ပြီး ယနေ့တွင် ဇဗ္ဗူသီရိမြို့နယ်ရှိ အထူးသီးသန့်တရားရုံးတွင် ရုံးထုတ်ခဲ့ခြင်းဖြစ်ပြီး မှုခင်းစီမံခန့်ခွဲမှုနည်းလမ်းအရ ၆ လအ တွင်း အပြီးစစ်ဆေးရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သူတဦးကပြောသည်။
ယခုကဲ့သို့ ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၃၀-က ဖြင့် ထပ်မံတရားစွဲတင်ရာတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ သမ္မတ ဦးဝင်းမြင့်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး ဦးမင်းသူတို့ကိုလည်း ၎င်းပုဒ်မဖြင့်ပင် အတူအကွတရားစွဲတင် ရုံးထုတ်ခဲ့သည်။
ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၃၀-က တွင် “အပြစ်ဒဏ်ကို သို့တည်းမဟုတ် ပြစ်ဒဏ်ချမှတ်ရန် အခြားနည်းလမ်းကို ဥပဒေဖြင့် အတိအလင်း ပြဌာန်းထားခြင်းမရှိသည့်ကိစ္စတွင် မည်သူမဆို ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၏ အပိုဒ် ၁၅ ၌ဖြစ်စေ၊ ၁၇ ၌ဖြစ်စေ၊ ၁၉ ၌ဖြစ်စေ၊ ၂၀ ၌ဖြစ်စေ၊ ပုဒ်မ ၂၃ ၏ ပုဒ်မခွဲ ၂ နှင့် ၃ များ၌ဖြစ်စေ၊ ပြည်ထောင်စုမြန်မာနိုင်ငံ၏ ပါလီမန်က ပြဌာန်းထား သော အက်ဥပဒေ၌ဖြစ်စေ ပါရှိသော ပြဌာန်းချက်က တားမြစ်ထားသော ပြုလုပ်မှုကို တမင်ပြုလုပ်ခြင်းဖြင့်သော်လည်းကောင်း၊ အဆိုပါ ပြဌာန်းချက်အရ ပြုလုပ်ရန်လိုအပ်သော ပြုလုပ်မှုကို တမင်ချန်လှပ်ခြင်းဖြင့်သော်လည်းကောင်း၊ အဆိုပါပြဌာန်းချက်ကို လျော်ကန်သင့် မြတ်သော ခွင့်လွတ်ချက်မရှိဘဲ ဆန့်ကျင်ခြင်းပြုလျှင် ထိုသူကို သုံးနှစ်အထိ ထောင်ဒဏ်တမျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်” ဟု ပြဌာန်းထားသည်။
စစ်တပ်အနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပြတ်အသတ်အနိုင်ရခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမှုများရှိသည်ဟု အကြောင်းပြကာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့က အာဏာသိမ်းခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်အပါအဝင် အစိုးရ အဖွဲ့ဝင်များ၊ ပြည်ထောင်စုရွေးကောက်ပွဲဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ဝန်ကြီးချုပ်များနှင့် NLD ပါတီခေါင်းဆောင်ပိုင်းများအား အဓမ္မဖမ်းဆီး ကာ တရားစွဲဆိုမှုများပြုလုပ်လျှက်ရှိသည်။
ယင်းသို့လုပ်ဆောင်ရာတွင် စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နှင့် ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးလှသိန်းတို့အပါအဝင် စုစုပေါင်း ၁၆ ဦးအား ၎င်းတို့စွပ်စွဲထားသည့် မဲမသမာမှုများတွင် ဩဇာသုံးပါဝင်ပတ်သက်ခဲ့ကြသည်ဟုဆိုကာ နိုဝင်ဘာ ၁၅ ရက်နေ့ကစတင်ကာ တရားစွဲဆိုလျှက်ရှိကြောင်း ကြေညာခဲ့သည်။
အဆိုပါစွပ်စွဲချက်ဖြင့်ပင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၃၀-က ဖြင့် ထောင်ဒဏ် ၃ နှစ်ချမှတ်ထားသည့်အပြင် အခြားဝန်ကြီးချုပ်အချို့ကိုလည်း တရားစွဲစစ်ဆေးလျှက်ရှိသည်။
အာဏာသိမ်းစစ်ကောင်စီအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အား ကနဦးစွဲဆိုခဲ့သည်အမှုများဖြင့် ထောင်ဒဏ် ၈ နှစ်၊ သမ္မတဦးဝင်းမြင့်အား ထောင်ဒဏ် ၄ နှစ်ချမှတ်ထားသော်လည်း ၎င်းထောင်ဒဏ်များအနက် ၂ နှစ်စီအား လျော့ပေါ့ပေးကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင်က ကြေညာထားသည်။
ယင်းအပြင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် စစ်ကောင်စီက စွပ်စွဲကာတရားစွဲဆိုထားသည့် အဂတိမှု ၁၀ မှုအား ရင်ဆိုင်ရလျှက်ရှိသည့် အပြင် ဦဝင်းမြင့်အနေဖြင့်လည်း အဂတိမှု တမှုဖြင့် တရားစွဲခံထားရသည်။
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည် နှင့် အတူ တွေ့ရသည့် သမ္မတရုံး ဝန်ကြီးဌာန ဒု ဝန်ကြီး ဦးမင်းသူ
ဒေါ်အောင်ဆန်းစုကြည် အဂတိမှု ၁၀ မှုကို တရက်တည်း ရင်ဆိုင်ရမည်
ဒေါက်တာရဲလွင် ကျန်းမာရေး မကောင်းသဖြင့် ဆေးကုသနေရ
ရှောင်တာနဲလ်အမှု နည်းပညာကျွမ်းကျင်သူ သက်သေတဦး စစ်ဆေး