ရက္ခိုင့်တပ်တော် ( AA ) ထံတွင် သင်တန်းတက်ရန်သွားစဉ် ဖမ်းခံရသော မြို့နယ်အသီးသီးမှ ရခိုင်လူငယ် ၃၁ ဦးကို စစ်ကောင်စီက မိဘများနှင့်ဆက်သွယ်ကာ ပြန်လွတ်ပေးနေကြောင်း သတင်း ရရှိသည်။
ယနေ့ ဇန်နဝါရီလ ၃၁ ရက်နေ့ အဆိုပါ လူငယ်များကို သက်ဆိုင်ရာ မြို့နယ် အသီးသီးရှိ မိဘများထံ ဆက်သွယ်၍ အိမ်အရောက် ပို့ဆောင်ပေးနေကြောင်း ပြည်နယ်စီမံအုပ်ချုပ်မှု ကောင်စီ ပြောခွင့်ရပ ပြည်နယ်ဥပဒေချုပ် ဦးလှသန်း က ပြောသည်။
“ဒီလူငယ်တွေကိစ္စနဲ့ ပတ်သက်လို့ ကျနော် ပြောနိုင်တာတခုကတော့ မိဘတွေနဲ့ ဆက်သွယ်ပြီး အိမ်တိုင်ယာ ရောက် ပို့ဆောင်နေတယ်။ ဘယ်မြို့နယ်က ဘယ်နှစ်ယောက်ဆိုတဲ့ အသေးစိတ်အချက်အလက်ကိုတော့ ကျနော်မသိဘူး။ ဖမ်းဆီးတရားစွဲတာ မရှိဘဲ ပြန်ပို့ပေးနေတယ်ဆိုတာလောက်ပဲ သိရတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဖမ်းခံရသည့် လူငယ်များသည် ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်၊ အမ်း စသည့် မြို့နယ်များကဖြစ်ပြီး သက်ဆိုင်ရာ မြို့နယ်များရှိ တပ်ရင်းတပ်ဖွဲ့ထံသို့ ပို့ဆောင်ကာ မိဘများနှင့်ဆက်သွယ်ကာ ပို့ဆောင်ပေးနေခြင်း ဖြစ်ကြောင်း လည်း ဧရာဝတီ၏ သတင်းရင်းမြစ်များထံမှ သိရသည်။
“ဒီနေ့အားလုံးကို ပြန်လွတ်ပေးနေတယ်။ ဒီနေ့ ၂၈ ယောက်ပြန်လွတ်ပေးပြီးပြီး။ အမ်းမြို့နယ်ဘက်က ၃ ယောက် က တော့ သူတို့ မိဘတွေနဲ့ ဆက်သွယ်တာ မရသေးလို့ ကျန်နေသေးတယ်” ဟု အဆိုပါ သတင်းရင်းမြစ်က ပြောသည်။
အဆိုပါ ရခိုင်လူငယ် ၃၀ ကျော်သည် ရက္ခိုင့်တပ်တော် ( AA )ထံတွင် သင်တန်းတက်ရောက်ရန် သွားရောက်စဉ် ယခုလ ဇန်နဝါရီလ ၂၇ ရက် နေ့က မောင်တောမြို့နယ် ကြိမ်ချောင်း နယ်ခြားစောင့် စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရခြင်း ဖြစ်ကြောင်း သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့သည်။
သို့သော်လည်း စစ်ကောင်စီက မည်သည့်အတွက်ကြောင်း ဖမ်းဆီးခြင်း ဖြစ်သည်ကို ထုတ်ပြန်ပြောဆိုခြင်းမရှိသလို မည်သည့်အတွက်ကြောင့် ပြန် လွတ်ပေးသည်ဆိုသည်ကိုလည်း တိတိကျကျ ပြောဆိုခြင်း မရှိပေ။
အဆိုပါ AA ထံ သင်တန်းတက်ရန် သွားရောက်စဉ် ဖမ်းဆီခံရသည့် ရခိုင်လူငယ်များ ကိစ္စနှင့်ပတ်သက်၍ ဧရာဝတီမှ AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခထံ ဧရာဝတီမှ ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရခဲ့ပါ ။