သတင်း

ပြည်လုံးကျွတ် အသံတိတ်သပိတ်ကို ဖျက်ဆီးရန် စစ်ကောင်စီ နည်းမျိုးစုံ ကြိုးပမ်း

စစ်အာဏာ သိမ်းခံခဲ့ရသည့် ၁ နှစ်ပြည့်အဖြစ် ဖေဖော်ဝါရီလ ၁ ရက်တွင် တနိုင်ငံလုံး အတိုင်းအတာဖြင့် ပြုလုပ်မည့် ပြည်လုံးကျွတ် အသံတိတ်သပိတ်ကို စစ်ကောင်စီက နည်းမျိုးစုံဖြင့် ဖျက်ဆီးရန် စီစဉ်နေကြောင်း စစ်အာဏာသိမ်း ဆန့်ကျင်ရေး လှုပ်ရှားသူများက သုံးသပ် ပြောဆိုလိုက်သည်။

စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ကြောင်း ပြသသည့် အသံတိတ်သပိတ်များကို တနိုင်ငံလုံးက တက်တက်ကြွကြွ ပူးပေါင်းပါဝင်နေကြသည်မှာ အာဏာသိမ်းစစ်ကောင်စီအတွက် အထိနာသဖြင့် ယခုတကြိမ်ကို ပြင်းပြင်းထန်ထန် ဖိနှိပ် နေခြင်း ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

စစ်ကောင်စီက ဈေးဆိုင်များကို ဖိအားပေး ဖွင့်ခိုင်းခြင်း၊ အသံတိတ်သပိတ်တွင် ပါဝင်မည်ဟု ကြေညာသည့် ဆိုင်ရှင် များကို ဖမ်းဆီးခြင်းတို့ ပြုလုပ်လျက် ရှိသည်။

ထို့ပြင် အသံတိတ်သပိတ်တွင် ပါဝင်ပြီး လက်ခုပ်တီးခြင်း၊ သံပုံးတီးခြင်း၊ ကားဟွန်းတီးများ ပြုလုပ်ပါက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ – ၅၂ (က) ဖြင့် ထောင်ဒဏ် ၇ နှစ်၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ – ၁၂၄ -က ဖြင့် ထောင် ဒဏ် တသက်တကျွန်း၊ ပုဒ်မ ၅၀၅ (က) ဖြင့် ထောင်ဒဏ် ၂ နှစ်၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက် ရေး ဥပဒေ ပုဒ်မ – ၃၃ (က)ဖြင့် ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်နိုင်သည့်အပြင် တည်ဆဲ ဥပဒေများဖြင့်ပါ အရေးယူမည် ဖြစ်ကြောင်း စစ်ကောင်စီက မြို့နယ်အချို့တွင် လိုက်လံ ကြေညာလျက်ရှိသည်။

သို့သော် တဖက်တွင်လည်း စစ်ကောင်စီက တပ်မတော် ထောက်ခံသူများ စုပေါင်းကာ ဖေဖော်ဝါရီလ ၁ ရက်တွင် တပ် ထောက်ခံပွဲများ ပြုလုပ်ရန် စီစဉ်နေကြောင်းလည်း သိရသည်။

တပ်ထောက်ခံသူ မိုက်ကယ် ကျော်မြင့်က “နစက အစိုးရ ၁ နှစ်ပြည့်ကို ရဟန်းရှင်လူ ပြည်သူတွေနဲ့ ကျနော်တို့ တပ်မ တော်ချစ်သူ ပြည်သူတွေနဲ့ အကုန်လုံး ပူးပေါင်းပြီးတော့ တနိုင်ငံလုံး အနေနဲ့ ထောက်ခံတဲ့ သဘောထားကို ကမ္ဘာသိ ပြသတာပေါ့” ဟု ပြောသည်။

စစ်အာဏာရှင်ကို တနိုင်ငံလုံးက ဆန့်ကျင်ကြောင်း တခဲနက်ပြသသည့် အသံတိတ်သပိတ်ကို မည်သို့ပင် ခြိမ်းခြောက် ဖိနှိပ်၊ ပုံဖျက်နေသော်လည်း သွေးမအေးကြောင်း ပြသသည့်အနေဖြင့် ပြည်သူလူထုက ပါးပါးနပ်နပ်ဖြင့် ပါဝင်ရန် အတွက် မန္တလေး သပိတ်ခေါင်းဆောင်တဦးက ဆိုသည်။

“စစ်ကောင်စီဘက်ကတော့ လုပ်နိုင်တာ တခုပဲ။ ပြည်သူလူထုကို ခြိမ်းခြောက်မယ်၊ နည်းမျိုးစုံနဲ့ ယုတ်မာမယ်။ လူထု ကနေပြီးတော့ ဒီအချိန်မှာ ပါးပါးနပ်နပ် ပါဝင်ဖို့ ပါပါးနပ်နပ် တုံ့ပြန်ဖို့ မေတ္တာရပ်ခံချင်ပါတယ်။ စကစ က လက်ရှိအထိ ဘာလို့ အင်မတန် ဖိအားပေးနေသလဲဆိုရင် လူထုက တော်လှန်ရေး စိတ်ဓာတ်၊ တော်လှန်ရေး ရေချိန် ထပ်ပြီးတော့ မြင့်သွားမှာ ကြောက်လို့ ပြည်သူလူထုကို ဘက်ပေါင်းစုံကနေ ဆက်ပြီးတော့ ယုတ်မာနေတာ” ၎င်းက ဆက်လက် ပြောဆိုသည်။

ထို့ပြင် ၁ ရက်နေ့ အကြို တပ်ထောက်ခံပွဲများကိုလည်း ဇန်နဝါရီလ ၃၁ ရက် (ယနေ့) တွင် ရန်ကုန်တိုင်း၊ မွန်ပြည် နယ်၊ ကချင်ပြည်နယ်ရှိ မြို့တချို့တို့တွင် ပြုလုပ်လျက်ရှိပြီး စစ်တပ်က လုံခြုံရေး ယူပေးလျက်ရှိကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၁ ရက်တွင် ပြုလုပ်မည့် တပ်ထောက်ခံပွဲများကို ၁ အိမ်၊ ၁ ယောက် ထွက်ပြီး နှုတ်ဆက်ရန် နယ်မြို့ အချို့တွင် ဖိအားပေး ခိုင်းစေလျက် ရှိကြောင်းလည်း သိရသည်။

ငပုတောမြို့နယ်မှ ဒေသခံတဦးက “ရွာက ကားတွေကိုတောင် အဲဒီနေ့က သူတို့လူတွေ တင်ဖို့ မဖြစ်မနေ လိုက်ရမယ် ဆိုပြီး လာခေါ်သွားသေးတယ်။ စစ်တပ်တွေ လာပြီး နောက်ပိုင်းမှာ တပ်ထောက်ခံပွဲကို တအိမ်တယောက်ထွက်ပြီး လက်ပြရမယ်လို့ အုပ်ကြီးတွေက ဖိအားပေးနေတာပါ” ဟု ပြောသည်။

တပ်ထောက်ခံပွဲ ဟုဆိုသော်လည်း ၁ ရက်နေ့ အကြို တပ်မတော် ထောက်ခံပွဲများတွင်လည်း ဒေသခံများ ပါဝင်မှုနည်း ပါးကြောင်း ရခိုင်အမျိုးသမီးများ ကွန်ရက်၊ ရခိုင်ပြည်နယ် ဥက္ကဋ္ဌ ဒေါ်ညိုအေး က ပြောသည်။

“တပ်ထောက်ခံမယ်ဆိုတာ တပ်ဘက်ဆိုင်ရာနဲ့ ဘယ်လောက်များ နှီးနှော ဆက်နွယ်နေတဲ့ လူတွေကပဲ ထောက်ခံရင် ထောက်ခံလိမ့်မယ်။ ကျမတို့ ပြည်သူတွေ အနေနဲ့ကတော့ ထောက်ခံဖို့ လမ်းလည်း မမြင်ပါဘူး။ ဒီဘက်မှာ ပါတီတွေ ရှိတယ်။ CSO တွေ အများအပြား ရှိတယ်။ အဲဒီကြားထဲမှာမှ အခုလမ်းပေါ် တက်လာတဲ့ လူတွေက CSO တွေနဲ့ ပတ်သက်တဲ့ လူဆိုတာ ၁ ယောက်မှကို မတွေ့ဘူး။ မမြင်ဖူးတဲ့ လူတွေချည်းပဲ။ စစ်တွေကများ ဟုတ်ရဲ့လားပေါ့” ဟု ၎င်းက ဆိုသည်။

အာဏာသိမ်း ၁ နှစ်တာ ကာလအတွင်း ပြုလုပ်ခဲ့သည့် လူထုသပိတ်များသည် စစ်အာဏာရှင် စနစ်ဆိုးကို ဖြုတ်ချပြီး စစ်မှန်သည့် ဒီမိုကရေစီကို ရရှိရန်ဟုသည့် ခံယူချက်၊ ယုံကြည်ချက်များဖြင့် ပြုလုပ်နေခြင်း ဖြစ်သည့်အတွက် တပ် ထောက်ခံပွဲတို့နှင့် အနှစ်သာရချင်း မတူညီကြောင်း ရန်ကုန်သပိတ်တွင် ပါဝင်သူ တဦးက သုံးသပ်ပြောဆိုသည်။

“သပိတ်တွေသည် ဘယ်လိုမှ နှိုင်းယှဉ်လို့ မရဘူး။ ကျမတို့ သပိတ်တွေသည် အရမ်းကိုမှ တန်ဖိုးရှိတဲ့ သပိတ်တွေပါ။ စစ်ကောင်စီဘက်က သပိတ်တွေသည် နေ့စားသမားတွေ ငှားပြီး လုပ်ရတာ ဖြစ်တဲ့အတွက်ကြောင့် နံ့သာဆီနဲ့ အီးပုံစံ ပဲ ဖြစ်သွားပါလိမ့်မယ်။ စစ်ကောင်စီနဲ့ ပတ်သက်တဲ့ သပိတ်တွေကို ပြောရရင်တော့ ပိုက်ဆံနဲ့ ငှားပြီးတော့ တမင်ကို ပုံဖော်နေရတဲ့ သပိတ်တွေပဲ ဖြစ်တယ်” ဟု ၎င်းက ပြောသည်။

မိုက်ကယ်ကျော်မြင့်ကမူ “ကျနော်တို့ အစိုးရအပေါ်မှာ သဘောမတူ မထောက်ခံတဲ့ လူတွေလည်း ရှိမှာပဲလေ။ ဒါက လည်း လွတ်လပ်စွာ သူတို့ရဲ့ သဘောထားပါပဲ။ နိုင်ငံအခြေအနေကတော့ အဖျက်ရန်က ကြီးနေတဲ့ အခါမှာ တည်ငြိမ်ဖို့ အတွက်ကို လက်ရှိ ထိန်းသိမ်းနေရတဲ့ ကာလလို့ပဲ မြင်ပါတယ်။ ဒီအစိုးရရဲ့ အဓိက တာဝန်က တိုင်းပြည်ကို တည်ငြိမ် အောင် ထိန်းပြီးတော့ ဒီမိုကရေစီ အစိုးရတရပ်ကို ပြန်လည် တည်ထောင်ပေးဖို့ သူ့ရဲ့ အဓိက တာဝန်က ဒါပဲလေ” ဟု ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း အသံတိတ်သပိတ်တွင် ပါဝင်မည်ဟု ကြေညာထားသည့် ရန်ကုန်၊ မန္တလေးတို့မှ ဆိုင်ရှင် များကို စစ်ကောင်စီက ဖမ်းဆီးပြီး ပုဒ်မ အမျိုးမျိုးတပ်၍ အမှုဖွင့်ထားကြောင်းလည်း သိရသည်။

You may also like these stories:

အသံတိတ်သပိတ် ဆင်နွှဲမည့်အပေါ် ကြီးလေးသောပုဒ်မများဖြင့် ခြိမ်းခြောက်မှု ဥပဒေနှင့် မညီဟုဆို

အသံတိတ်သပိတ် လှုံ့ဆော်မှုဖြင့် မိတ်ကပ် Gucci Aung ဖမ်းခံရ

စစ်ကောင်စီ ဖိနှိပ်မှုကြောင့် လူထုဆန့်ကျင်မှုများ ပိုမိုအားကောင်းလာ

ထောင်တွင်း အသံတိတ်သပိတ် ပါဝင်၍ ရိုက်နှက်၊ တိုက်ပိတ်ခံရသူများ၏ အခြေအနေ စိုးရိမ်ရ

အသံတိတ်သပိတ်လှုပ်ရှားမှုနေ့က ပိတ်ခဲ့သည့် ဆိုင်များကို အကျပ်ကိုင်နှိပ်ကွပ်နေ

တိတ်ဆိတ်ခြောက်ခြားသွားစေတဲ့ ပြည်သူ့ အသံတိတ်သပိတ်

Loading