သတင်း

စစ်ကောင်စီရဲ့ အရှိုက်ကို ထိုးလိုက်ပြန်တဲ့ တတိယအကြိမ် အသံတိတ် သပိတ်

မြန်မာနိုင်ငံ၌ အာဏာသိမ်း နှစ်ပတ်လည်နေ့တွင် ပြုလုပ်သော အသံတိတ်သပိတ်ကို စစ်ကောင်စီက နည်းလမ်း မျိုးစုံ ဖြင့် မလုပ်နိုင်ရန် ကြိုးပမ်းခဲ့သော်လည်း ပြည်သူလူထုများ ပူးပေါင်းမှုဖြင့် အောင်မြင်ခဲ့ကြောင်း စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားသည့် အဖွဲ့အစည်းများနှင့် မြေပြင် အချက်အလက်များ အရ သိရသည်။

ယနေ့ (ဖေဖော်ဝါရီ ၁ ရက်) သည် နိုင်ငံအာဏာကို စစ်တပ်က သိမ်းယူခဲ့သည့် ၁ နှစ်ပြည့်နေ့ ဖြစ်ပြီး ပြည်လုံးကျွတ် အသံတိတ်သပိတ် ပြုလုပ်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ပြသခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်မြို့ ၊ မန္တလေး၊ မကွေး၊ မိုးကုတ်၊ မြစ်ကြီးနား၊ တမူး၊ ပဲခူး၊ ထားဝယ် အစရှိသည့် တိုင်းနှင့်ပြည်နယ် အသီးသီးရှိ မြို့ကြီးများ သာမက ကျေးရွာများ အထိပါ Silent Strike (အသံတိတ်သပိတ်) တွင် ပြည်သူများ ပူးပေါင်းမှုဖြင့် အောင် မြင်ခဲ့ကြောင်း အထွေထွေသပိတ် ပေါင်းစပ် ညှိနှိုင်းရေး အင်အားစု (GSCB) က သိရသည်။

ရန်ကုန်မြို့တွင် နံနက် ၁၀ နာရီ ထိုးခါနီးလာလေ လူနည်းပါးလာသည့် အခြေအနေရှိပြီး ဈေးဆိုင်များမှာ စစ်ကောင်စီ၏ ဖိအားပေး ဖွင့်ခိုင်းသည့်အတွက် ဖွင့်ထားသော်လည်း ဝယ်သူ မရှိခြင်း၊ ရောင်းကုန် နည်းပါးခြင်းများကို တွေ့ရကြောင်း ရန်ကုန်ဒေသခံ တဦးက ပြောသည်။

“ရန်ကုန်မှာ လူစည်တဲ့အချိန် လူက မရှိဘူး။ ဖြတ်သွားဖြတ်လာ ကားတချို့တော့ ရှိတယ်။ လုံးဝ ပြတ်သွားတာတော့ မဟုတ်ဘူး။ မဖြစ်မနေ ထွက်ရတဲ့ လူတွေ ရှိပေမယ့် အသံတိတ် သပိတ်ရဲ့ အရသာ ပေါ်တယ်။ လူတွေကလည်း Silent Strike မှာ ပူးပေါင်းမယ့်ပုံ မနက်ခင်း အရင်ဆို ပေါ့ပေါ့ပါးပါး လက်ဖက်ရည် ဆိုင်ထိုင်တဲ့ လူတွေက ဒီမနက်ခင်းမှာ ပါဆယ်ထုပ် လေးတွေနဲ့ သုတ်သုတ် ပြန်ကြတာ။ ထမင်းဆိုင်တွေလည်း မဖြစ်မနေ ဖွင့်ရလို့ ဖွင့်တာလောက်ပဲ။ ရောင်း တဲ့ အမယ်တွေ လျှော့ထားတာ တွေ့ရတယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီ ရုံးစိုက်ရာ နေပြည်တော်၏ အခြေအနေ

မကွေး လူထု သပိတ်တိုက်ပွဲ ကော်မတီမှ ကိုချစ်ဝင်းမောင်ကလည်း “မကွေးတိုင်းမှာဆို မြို့ကြီးတွေတင် မဟုတ်ဘဲ မြို့ငယ်တွေမှာကိုပဲ အသံတိတ်သပိတ်က အောင်မြင်နေတယ် ဆိုတာကို တွေ့ရပါတယ်။ ဒီတခေါက်မှာ မတူတာက ကျတော့ အကြမ်းဖက် စစ်အုပ်စုက အနှောင့်အယှက် အဖျက်အမှောင့်တွေ ဘယ်လိုလုပ်လုပ်၊ အနှောင့်အယှက်တွေ ကြားကနေပဲ Silent Strike က အောင်မြင်ခဲ့တယ်။ လူထုက လှုပ်ရှားလိုက်တိုင်းမှာ သူ့ရဲ့ အရှိုက်ကို တည့်တည့် ထိုးနိုင် ခဲ့တယ်” ဟု ဆိုသည်။

ယခင်က ပြုလုပ်ခဲ့သည့် အသံတိတ်သပိတ်များကို တနိုင်ငံလုံးက တက်တက် ကြွကြွ ပူးပေါင်းပါဝင်ကြခြင်းမှာ အာဏာ သိမ်း စစ်ကောင်စီအတွက် အထိနာသဖြင့် ယခုတကြိမ်ကို ပြင်းပြင်းထန်ထန် ဖိနှိပ်မှုများ ပြုလုပ်ခဲ့သည်။

ဆိုင်များကို ဖိအားပေး ဖွင့်ခိုင်းခြင်း၊ အသံတိတ်သပိတ်တွင် ပါဝင်မည်ဟု ကြေညာသည့် ဆိုင်ရှင်များကို ဖမ်းဆီးခြင်း တို့ကို စစ်ကောင်စီက ပြုလုပ်ခဲ့သည်။

စစ်တပ်နှင့် စစ်တက္ကသိုလ် အခြေစိုက်ရာ ပြင်ဦးလွင်မြို့ အသံတိတ်သပိတ် မြင်ကွင်း

GSCB တွင် ပါဝင်သည့် LGBT Allience Myanmar မှ အဖွဲ့ဝင် ကိုNသျှားစစ်ဇော်က “၁ နှစ်ပြည့်တဲ့ အထိတောင် ပြည်သူတွေအနေနဲ့ အကြမ်းဖက် စစ်ကောင်စီကို လုံးဝ လက်သင့်မခံကြောင်း၊ တော်လှန်ရေး စိတ်ဓာတ် သွေးမအေး သေးဘူး။ ရရင်ရသလို နည်းနဲ့ တော်လှန်နေတယ် ဆိုတဲ့ အကြောင်း ဒီနေ့မှာ သိရတယ်။ ပြည်သူလူထုက လုံးဝ လက်မခံသေးဘူး ဆိုတာ စစ်ကောင်စီအနေနဲ့ ရှင်းရှင်းလင်းလင်း သိသင့်နေပြီ။ Silent Strik က စစ်ကောင်စီရဲ့ အရှိုက်ကို ထိတယ်လို့ မြင်တယ်” ဟု သုံးသပ်သည်။

ထို့ပြင် အသံတိတ်သပိတ်ကို တန်ပြန်သည့် အနေဖြင့် ယနေ့နှင့် ဇန်နဝါရီ ၃၁ ရက်တို့က တိုင်းနှင့်ပြည်နယ်အချို့တွင် တပ်ထောက်ခံပွဲများ ပြုလုပ်ခဲ့သည့်အပြင် ဓာတ်ဆီ အခမဲ့ဝေခြင်း၊ ကိုဗစ်ကာကွယ်ဆေးများ ထိုးခိုင်းခြင်း အစရှိသဖြင့် နည်းလမ်း အမျိုးမျိုးဖြင့် ပြည်သူများ ပုံမှန် သွားလာနေကြောင်းကို စစ်ကောင်စီက ပြသလျက်ရှိသည်။

မန္တလေးမြို့ အသံတိတ်သပိတ်လှုပ်ရှားမှု အခြေအနေ

မန္တလေး သပိတ်ခေါင်းဆောင် ကိုတေဇာစန်းက “အသံတိတ်သပိတ် ဖြစ်မလာဖို့ နည်းလမ်းမျိုးစုံနဲ့ပေါ့။ လောင်စာဆီ ဆိုင်တွေ ဆီ အလကား ဝေခိုင်းတယ်တို့၊ ကျောင်းတွေ ၁၀ နာရီ တက်ခိုင်းတယ်၊ ရုံးတက်ရုံးဆင်းတွေ ရောပေါ့။ တော်တော်ကို အသိဉာဏ်နည်း ကိုယ်ရှုံးနေတယ်ဆိုတာ သူတို့ အဲဒီလိုတွေ လုပ်တာက ပိုထင်ရှားသွားတာပေါ့။ သူတို့က ကြောက်တယ်။ ကြောက်တော့ ဖြစ်မလာအောင် ပြင်ဆင်တယ်။ အဲဒီလို လုပ်တာကိုက သူ့ရဲ့ အရှုံးတရားနဲ့ အကြောက် တရားကို ထင်ဟပ် ပြသနေခြင်း ဖြစ်တယ်။ ပြည်သူ့ အောင်ပွဲသာ ဖြစ်တယ်” ဟု ပြောသည်။

မြစ်ကြီးနားမြို့ တွင် မြို့လုံးကျွတ်နီးပါး ပါဝင်ခဲ့ကြသည့် Silent strike ပြုလုပ်ချိန်တွင် မြစ်ကြီးနားမြို့မ ဈေး ၁ နှင့် ၂ တွင် စစ်ကောင်စီ အဖွဲ့ဝင်များက သေနတ်များ ကိုင်ဆောင်ကာ ဈေးသည်များကို ဈေးဆိုင်ဖွင့်ရန် ခြိမ်းခြောက် လက်မှတ်ထိုး ခိုင်းပြီး ဈေးဆိုင်ပိတ်ပါက ဆိုင်သိမ်းထောင်ချမည်ဟု ခြိမ်းခြောက်မှုများ ရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။

အလားတူပင် လှိုင်သာယာတွင် ကိုဗစ်ကာကွယ်ဆေး ထိုးခိုင်းပြီး ဆေးမထိုးပါက ဧည့်စာရင်း တိုင်ခွင့် မပေးဟု အုပ် ချုပ်ရေးမှူးများက ဖိအားပေး ပြောဆိုမှုများ ရှိကြောင်း သိရသည်။

မိုးကုတ်မြို့ အသံတိတ်သပိတ် မြင်ကွင်း

အသံတိတ်သပိတ်တွင် ပါဝင်သည့် ဆိုင်ရှင်များနှင့် ပါဝင်ရန် လှုံ့ဆော်သည့် ရန်ကုန်တိုင်းမှ ၄၀ ဦး၊ မန္တလေးတိုင်းမှ ၁၀ ဦး၊ ဧရာဝတီတိုင်း ၄ ဦး၊ တနင်္သာရီတိုင်း ၄ ဦး၊ ရှမ်းပြည်နယ် ၄ ဦး၊ ကရင်ပြည်နယ် ၄ ဦး၊ စစ်ကိုင်းတိုင်း ၃ ဦး၊ မကွေး တိုင်း ၁ ဦးနှင့် ပဲခူးတိုင်းမှ ၁ ဦးတို့ကို စစ်ကောင်စီက ဖမ်းဆီးပြီး အမှုဖွင့်ထားကြောင်း ဇန်နဝါရီလ ၂၈ ရက်မှ ဖေဖော်ဝါ ရီ ၁ ရက်အထိ ထုတ်သည့် စစ်ကောင်စီ သတင်းစာတွင် ဖော်ပြထားသည်။

လူထုအင်အားဖြင့် စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြ သပိတ်ဖြစ်သည့် Silent Strike ကို ၂၀၂၁ ခုနှင် မတ်လ ၂၄ ရက်နေ့တွင် ၁ ကြိမ်၊ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ၁ ကြိမ် နှင့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေတွင် ၁ ကြိမ် စုစုပေါင်း ၃ ကြိမ်တိုင် ပြည်သူများ၏ သဘောထားကို ထုတ်ဖော်ပြသခဲ့သည်။

You may also like these stories:

ပြည်လုံးကျွတ် အသံတိတ်သပိတ်ကို ဖျက်ဆီးရန် စစ်ကောင်စီ နည်းမျိုးစုံ ကြိုးပမ်း

အသံတိတ်သပိတ်လှုပ်ရှားမှုနေ့က ပိတ်ခဲ့သည့် ဆိုင်များကို အကျပ်ကိုင်နှိပ်ကွပ်နေ

အသံတိတ်သပိတ် ဆင်နွှဲမည့်အပေါ် ကြီးလေးသောပုဒ်မများဖြင့် ခြိမ်းခြောက်မှု ဥပဒေနှင့် မညီဟုဆို

တိတ်ဆိတ်ခြောက်ခြားသွားစေတဲ့ ပြည်သူ့ အသံတိတ်သပိတ်

Loading