သတင်း

ဖမ်းဆီးထားသည့် တရုတ်ကျောက်ကုန်သည်များကို စစ်ကောင်စီ ပြန်လွှတ်

မန္တလေးမြို့တွင် ကျောက်ဝိုင်းပြင်ပ၌ အွန်လိုင်းမှတဆင့် WeChat ဖြင့် ကျောက်စိမ်း အရောင်းအဝယ် ပြုလုပ်မှုဖြင့် ဖမ်းဆီး တရားစွဲဆိုထားသည့် တရုတ်ကျောက်ကုန်သည်များကို အာဏာသိမ်း စစ်ကောင်စီက ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း မန္တလေးမြို့ခံ ကျောက်သမားများထံမှ သိရသည်။

မြန်မာ့ကျောက်မျက်ရတနာဥပဒေပုဒ်မ ပုဒ်မ ၅၄ ဖြင့် သီးခြားစွဲဆိုထားသည့် ကျောက်စိမ်း လက်ဝယ်မတွေ့ရှိရသူ ၁၉၄ ဦးကို ဇန်နဝါရီ ၃၁ ရက်က ပြန်လွှတ်ပေးခဲ့ရာတွင် တရုတ်နိုင်ငံသား ၁၈ ဦး ပါဝင်ခဲ့ခြင်းဖြစ်သည်။

အမှုလိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေတဦးက “သူတို့ကို ကျောက်မျက်ဥပဒေ ၅၁(က)/ ၅၄ တို့နဲ့ တရားစွဲထားတာမှာ ၅၄ နဲ့ စွဲခံရတဲ့သူတွေက လက်ဝယ် ကျောက်မမိလို့ ပြန်လွှတ်ပေးတာပါ။ မနေ့က ညနေပိုင်းကတည်းက ၁၉၄ ဦးကို လွှတ်ပေးပြီးသွားပြီလို့ သိရပါတယ်။ လွှတ်ပေးတဲ့အထဲမှာ တရုတ်နိုင်ငံသား ၁၈ ယောက်ပါတယ်။ သူတို့ကို ကျောက်မျက်နဲ့ပဲ စွဲထားတာဆိုတော့ လက်ဝယ် ကျောက်မမိတဲ့သူတွေကို ပြန်လွှတ်ပေးတာမှာ ပါသွားတာ” ဟု ပြောသည်။

မြန်မာ့ကျောက်မျက်ရတနာဥပဒေ ပုဒ်မ ၅၁(က)/ ၅၄ တို့ဖြင့် တရားစွဲတင်ခံထားရသော ကျန်ရှိနေသည့် ၂၆၀ ဦးကျော် အား ဆက်လက် စစ်ဆေးသွားမည်ဖြစ်ပြီး အဆိုပါ အမှုများအတွက် အပတ်စဉ် အင်္ဂါ၊ ကြာသပတေးနေ့များတွင် ရုံးချိန်း ချိန်းဆိုထားကြောင်း သိရသည်။

မန္တလေးမြို့ခံ ဝါရင့်သတင်းစာဆရာတဦးက “လက်ရှိ အာဏာသိမ်းအစိုးရက တရုတ်ကို အားကိုးနေရတဲ့ ရာခိုင်နှုန်းက ပို များတယ်။ အမေရိကန် အပါအဝင် ဥရောပ၊ အာရှနဲ့ အာဆီယံနိုင်ငံတွေက စစ်ကောင်စီကို လက်မခံတော့ သူ့ကို ကူကယ် မယ့်သူကို ကြည့်တော့ တရုတ်ပဲ ရှိနေတာလေ။ အဲဒီတော့ တရုတ်နိုင်ငံသားတွေကို ရက်ရက်စက်စက်၊ ပြင်းပြင်းထန်ထန် မလုပ်ရဲဘူး။ တရုတ်နိုင်ငံသားတွေက ဥပဒေကြောင်းအရ မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ လွှတ်ပေးမှာပဲ။ ဒါကြောင့် တ ရုတ်နိုင်ငံသား လွှတ်ပေးခြင်းသည် လွှတ်ပေးချင်လို့ လွှတ်ပေးခြင်းမျိုး မဟုတ်ဘဲ တရုတ်ရဲ့ အားကိုးကို ရှာတယ်လို့ပဲ သုံးသပ်တယ်။ သို့ပေမယ့် အခု ဖြစ်ရပ်မှာတော့ တရုတ်နိုင်ငံသားပဲဖြစ်စေ၊ ကိုယ့်နိုင်ငံသားပဲဖြစ်စေ ဘယ်သူမှ အပြစ် မရှိဘူးလို့ မြင်တယ်” ဟု ပြောသည်။

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၄၃ လမ်းနှင့် ၄၄ လမ်း၊ ၈၄ လမ်းရှိ Happy Birthday ကျောက်မျက် ကုမ္ပဏီဝင်း အတွင်းနှင့် အောင်မြေသာစံမြို့နယ် ၈၆ လမ်းနှင့် ၈၇ လမ်း၊ ၁၅ လမ်းနှင့် ၁၆ လမ်းကြားရှိ ရွှေဓူဝံ ကျောက်မျက်ကုမ္ပဏီဝင်း အတွင်း အွန်လိုင်း WeChat ဖြင့် ကျောက်စိမ်း အရောင်းအဝယ် ပြုလုပ်သူများကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဒီဇင်ဘာ ၂၀ ရက်တွင် ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီးခံရမှုတွင် တရုတ်လူမျိုး ကျောက်ကုန်သည်များ၊ မြန်မာကျောက်ကုန်သည်များနှင့် ကျောက်ပွဲစား ၄၆၀ ကျော် ရှိပြီး တရုတ်လူမျိုး ကျောက်ကုန်သည် ၁၀၀ ကျော် ပါဝင်ကာ ၎င်းတို့အားလည်း ကျောက်မျက်ဥပဒေ ပုဒ်မ ၅၁ (က)၊ ၅၄ တို့ဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။

မဟာအောင်မြေကျောက်မျက်ရတနာရောင်းဝယ်ရေးစခန်း

အောင်မြေသာစံမြို့နယ်မှ ကျောက်ပွဲစားတဦးက “လက်ရှိ လုပ်ကိုင်နေကြတဲ့ ကျောက်သမားတွေဟာ စားဝတ် နေရေးအတွက် လုပ်ကိုင်နေကြတာဆိုတော့ ဖြစ်သလို လုပ် ကိုင်နေကြရတာလေ။ ဒါကို အမှုကြီးတခုလုပ်ပြီး ဖမ်းတယ်ဆိုတာတော့ အုပ်ချုပ်သူ လူတန်းစားက လူမိုက်ဆန်ဆန် လုပ် သွားတာလို့ပဲ မြင်တယ်။ ခေါင်းစဉ်က တရားမဝင်၊ ခွင့်ပြုပေးမထားတဲ့ နေရာမှာ အရောင်းအဝယ်လုပ်လို့ ဖမ်းတယ်ပေါ့။ ဆိုတော့ အခုဖြစ်စဉ်က အစကတည်းက မလုပ်ခဲ့သင့်တာ” ဟု ပြောသည်။

အဆိုပါ ကျောက်သမားများကို အောင်မြေသာစံနှင့် မဟာအောင်မြေမြို့နယ် တရားရုံးများတွင် မြန်မာ့ကျောက်မျက်ရတနာ ဥပဒေပုဒ်မ ပုဒ်မ ၅၁(က)/ ၅၄ တို့ဖြင့် သက်ဆိုင်ရာမြို့နယ် မြို့မရဲစခန်းမှူးများက တရားလို ပြုလုပ်၍ ဇန်နဝါရီ ၅ ရက်၌ တရားစွဲတင်ကာ အိုးဘိုထောင်တွင်း အထူးတရာရုံးဖြင့် စစ်ဆေးနေစဉ် ၁ လကျော်အကြာ၌ ၁၉၄ ဦးကို ပြန်လွှတ်ပေးခဲ့ ခြင်း ဖြစ်သည်။

“ဘယ်သူတွေပဲ လွတ်လွတ် အဲဒီအပေါ်မှာတော့ ဝမ်းသာပါတယ်။ သို့ပေမယ့် အကုန်လုံး လွတ်သင့်တာပေါ့။ ဘာကြောင့်လဲ ဆိုတော့ ဥပဒေဆိုတာ အမိန့်တို့၊ အာဏာတို့နဲ့ လုပ်လို့ မရဘူးလေ။ ဥပဒေဟာ ဥပဒေအတိုင်း မျှတတဲ့ အခွင့်အရေးတွေ ပါ ရှိပြီးသား။ အဲဒီဥပဒေအပေါ်ကနေ အမိန့်နဲ့၊ အာဏာနဲ့ အုပ်ချုပ်နေတာက အစိုးရ မဟုတ်ဘူး။ အာဏာရှင်ပဲ။ အခုဖြစ်နေ တာက အာဏာရှင်ကြောင့် ဖြစ်နေရတာတွေဆိုတော့ အာဏာရှင်စနစ် ချုပ်ငြိမ်းမှသာ ပြီးဆုံးမှာ ဖြစ်တဲ့အတွက် ပြည် သူတွေအားလုံး အာဏာရှင်စနစ်အောက်ကနေ မြန်မြန် လွတ်ငြိမ်းစေချင်တယ်။ အထဲမှာ ကျန်ရှိနေတဲ့သူတွေ အားလုံး လည်း မြန်မြန် ပြန်လွတ်စေချင်တယ်” ဟု မန္တလေးမြို့ခံ ဝါရင့်သတင်းစာဆရာတဦးက ပြောသည်။

မဟာအောင်မြေကျောက်မျက်ရတနာရောင်းဝယ်ရေးစခန်း

ကျောက်သမားများကို ဖမ်းဆီးခြင်းသည် ကျောက်စိမ်းရောင်းဝယ်ရေး လုပ်ပိုင်ခွင့် ပြုပေးထားသည့် နေရာတွင် မပြုလုပ်ကြ သဖြင့် ဖမ်းဆီးခြင်း ဖြစ်ကြောင်း စစ်ကောင်စီဘက်က ပြောဆိုထားသလို ကျောက်စိမ်းများနှင့်အတူ သိမ်းဆည်းခံထားရ သည့် ပစ္စည်းများ၏ တန်ဖိုးမှာ ကျပ်သိန်း ၇ သောင်းကျော်ခန့် ရှိကြောင်း ကျောက်သမားများက သုံးသပ်ပြောဆိုထားသည်။

“အခုလိုပဲ ဖြစ်မယ်ဆိုတာ ကျနော်တို့ သုံးသပ်ထားပြီးသားပါ။ စဖြစ်ကတည်းက ကျနော်ပြောထားပါတယ်။ အခု အဖမ်းခံ ထားရတဲ့ တရုတ်တွေကို အမိန့်ချပြီးရင် ပြန်လွှတ်ပေးတာမျိုးတွေလည်း လုပ်လာနိုင်သလို အမိန့်မချဘဲ ပြန်လွှတ်ပေးတာ မျိုးတွေလည်း လုပ်လာနိုင်တယ်လို့လေ။ အများသိတဲ့အတိုင်းပဲ ကျနော်တို့ နိုင်ငံက တရုတ်ကြောက်ရောဂါ ရှိတယ်လေ” ဟု ရတနာပုံတက္ကသိုလ် ဗကသအဖွဲ့ချုပ် ကျောင်းသားဟောင်းတဦးက မှတ်ချက်ပြုသည်။

ဦးသိန်းစိန် အစိုးရလက်ထက်တွင် သစ်ခိုးထုတ်မှုဖြင့် ဖမ်းဆီးခံရသည့် တရုတ်နိုင်ငံသားများကို ကချင်ပြည်နယ်၊ မြစ်ကြီးနား မြို့နယ်တရားရုံးက နှစ်ရှည်ထောင်ဒဏ် ချမှတ်ခဲ့ပြီးနောက် သမ္မတအမိန့်ဖြင့် လွတ်ငြိမ်းခွင့် ပေးခဲ့ခြင်းများ ရှိသလို လက်ရှိ စစ်ကောင်စီကလည်း အမေရိကန်နိုင်ငံသား သတင်းထောက်ကို ထောင်ဒဏ်ချမှတ်ပြီး ၂ ရက် အကြာတွင် လွတ်ငြိမ်းဖြင့် ပြန်လွှတ်ပေးမှုများ ရှိခဲ့သည်။

You may also like these stories:

အွန်လိုင်းမှ ကျောက်စိမ်းရောင်းသူ ၄၆၀ ကျော်ကို ရုံးတင်စစ်ဆေး

Loading