သတင်း

နိုင်ငံတကာ ပိတ်ဆို့မှုများကြောင့် စီးပွားရေး လုပ်ကိုင်ရ ခက်ဟု စစ်ခေါင်းဆောင် ဝန်ခံ

စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း နိုင်ငံတကာက ဝိုင်းဝန်း ပိတ်ဆို့မှုများကြောင့် ပြည်တွင်း စီးပွားရေး လုပ်ကိုင်ရ ခက်ခဲနေဟု အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာဏာသိမ်း တနှစ်ပြည့် မိန့်ခွန်းတွင် ဝန်ခံ ပြောဆိုသည်။

၎င်းက “နိုင်ငံတကာရဲ့ ဝိုင်းဝန်းပိတ်ဆို့မှုတွေ အနေဖြင့် ပြည်တွင်းစီးပွားရေး အခြေအနေနဲ့ ပြည်ပ သွေးထိုး လှုံ့ဆော်မှုတွေ အရ ဘဏ်လုပ်ငန်းတွေကို ယုံကြည်မှု ကျဆင်းပြီး ပုံမှန် မလည်ပတ်နိုင်တဲ့အတွက် ဘဏ်လုပ်ငန်းတွေဟာ ငွေသား လည် ပတ် စီးဆင်းမှု ခက်ခဲလာပြီး လုပ်ငန်းရှင်၊ ကုန်သည်တွေအတွက် ငွေပေးချေမှု၊ ကုန်စည် စီးဆင်းမှု‌တွေ ခက်ခဲစေခဲ့ပါ တယ်” ဟု ပြောဆိုသည်။

စစ်အာဏာ သိမ်းပြီးနောက်ပိုင်း မြန်မာကျပ်ငွေ တန်ဖိုး ကျဆင်းသွားသလို ကမာ္ဘ့တဝှမ်း ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ကူး စက်ပျံ့နှံ့မှုများကြောင့် သယ်ယူပို့ဆောင်ရေး၊ သွင်းကုန်များ ဖြစ်သော လောင်စာဆီ၊ လုပ်ငန်းသုံး ကုန်ကြမ်းများ ဈေးနှုန်း မြင့်နေခြင်းနှင့် ဈေးကွက်အတွင်း ဝယ်လိုအား ကျဆင်းမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ၎င်းက ဆိုသည်။

ထို့ကြောင့် နိုင်ငံခြား ငွေလဲလှယ်နှုန်းများ တည်ငြိမ်စေရန်အတွက် ရည်ရွယ်ပြီး ဈေးကွက်အတွင်းသို့ နိုင်ငံခြားငွေ ဖြည့်တင်း ရန် စက်သုံးဆီ၊ စားသုံးဆီ၊ ကိုဗစ်-၁၉ သုံး ဆေးဝါးများ၊ လျှပ်စစ်နှင့် Telecom Sector များအတွက် သွင်းကုန်လုပ်ငန်းရှင် များကို အမေရိကန် ဒေါ်လာများအား ဈေးပြိုင်လေလံစနစ်နှင့် ဇန်နဝါရီလ ၂၁ ရက်အထိ ဒေါ်လာ ၅၀၈ ဒသမ ၈ သန်းကို ရောင်းချပေးခဲ့ကြောင်း စစ်ကောင်စီက ဆိုသည်။

ထိုသို့ စစ်ခေါင်းဆောင် ပြောဆိုချက်နှင့် ပတ်သက်၍ ပြည်တွင်း စီးပွားရေး ပညာရှင်တဦးက “တိုင်းပြည် စီးပွားရေး တိုး တက်လာတယ်၊ မတိုးတက်လာဘူး ဆိုတာက ရှင်းပါတယ်။ အပြင် လူတွေကြားထဲမှာ သွားလာ လှုပ်ရှား ရုန်းကန်နေတာ ကို ကြည့်ရင် သိပါတယ်။ ဒါကလည်း ဘာခေါ်မလဲ နေရာမကျတဲ့ ဆင်ခြေတွေ ဘာကြောင့် စီးပွားရေး ထိခိုက်တယ် ဆို တာကို လိမ်ညာ ဆင်ခြေပေးတာပေါ့။ ဒါကလည်းပဲ ကမာ္ဘနဲ့ ပြည်သူ ယုံအောင် ပြောတာ မဟုတ်ဘူး။ သူ့နောက်က လိုက် နေတဲ့ လူတစုကို အယုံသွင်းတဲ့ သဘော။ ဗြောင်လိမ်ပြီး ဗြောင်ညာတာပါပဲ။ စစ်အာဏာ သိမ်းလိုက်တာက ပြေးနေတဲ့ လူ တယောက်ကို ခြေထိုးခံလိုက်တာနဲ့ အတူတူပဲ။ ကဏ္ဍအားလုံး ရပ်သွားတာပဲ” ဟု ဧရာဝတီ သို့ မှတ်ချက်ပြု ပြောဆိုသည်။

စစ်တပ် အာဏာသိမ်းလိုက်ခြင်းသည် ဘက်ပေါင်းစုံမှ ကြည့်လျှင် တိုင်းပြည် ဆုတ်ယုတ်သွားမှာ သမိုင်းသက်သေ တခု ဖြစ်သွားပြီ ဖြစ်သလို လတ်တလော အခြေအနေများအရလည်း ရှင်းရှင်းလင်းလင်း မျက်ဝါးထင်ထင် မြင်တွေ့နေရပြီ ဖြစ် ကြောင်း ၎င်းက သုံးသပ် ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်သူများအပေါ် စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ အကြမ်းဖက်မှုများ ကျူးလွန်နေသည့်အတွက် အမေရိကန်အပါအဝင် ဥရောပနိုင်ငံ (အီးယူ) များက ဝိုင်းဝန်း၍ မြန်မာ့စီးပွားရေး ကော်ပိုရေး ရှင်း (MEC) နှင့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) တို့အပြင်၊ စစ်ခေါင်းဆောင်များ၊ စစ်တပ်နှင့် ဆက်နွယ်လုပ်ကိုင် သူများ၊ ကုမ္ပဏီများကိုပါ စီးပွားရေး ပိတ်ဆို့မှုများ ပြုလုပ်လျက်ရှိသည်။

ကုန်သွယ်မှုပိုင်းတွင်လည်း စစ်ကောင်စီလက် ကုန်သွယ်မှု စာရင်းအရ ပြည်ပသို့ ပို့ကုန် ဒေါ်လာ ၁၅ ဒသမ ၃၆ ဘီလီယံ၊ ပြည်တွင်း သွင်းကုန် ဒေါ်လာ ၁၄ ဒသမ ၆၉ ဘီလီယံ ပြုလုပ်ထားသဖြင့် ကုန်သွယ်မှုပမာဏ စုစုပေါင်း ဒေါ်လာ ၁၅ ဒသမ ၃၆ ဘီလီယံ ရရှိခဲ့ပြီး ကုန်သွယ်မှုပိုငွေမှာ ဒေါ်လာ ၆၇၇ သန်းကျော် ပိုခဲ့သည်ဟုလည်း စစ်ခေါင်းဆောင်က ဆိုသည်။

ပြည်တွင်း၊ ပြည်ပကြွေးမြီအနေနှင့်လည်း ဦးသိန်းစိန် အစိုးရလက်ထက်တွင် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှာ ပြည်တွင်း၊ ပြည်ပ ကြွေးမြီ ၁၆, ၂၇၃ ဘီလီယံကျပ်၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှာ ပြည်တွင်း ပြည်ပ ကြွေးမြီ ၁၈, ၁၂၅ ဘီလီယံကျပ်၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှာ ပြည်တွင်း၊ ပြည်ပကြွေးမြီ ၂၁, ၅၇၅ ဘီလီယံကျပ်၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှာ ပြည်တွင်း၊ ပြည်ပကြွေးမြီ ၂၂, ၀၃၂ ဘီလီယံကျပ်၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာ ပြည်တွင်း၊ ပြည်ပကြွေးမြီ ၂၇, ၉၇၀ ဘီလီယံကျပ် ရှိခဲ့သည်။

NLD အစိုးရ လက်ထက်တွင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှာ ပြည်တွင်း၊ ပြည်ပကြွေးမြီ ၂၈, ၈၆၁ ဘီလီယံကျပ်၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ ပြည်တွင်း၊ ပြည်ပကြွေးမြီ ၃၄, ၆၉၈ ဘီလီယံကျပ် ၂၀၁၈ (၆)လ ဘဏ္ဍာနှစ်မှာ ပြည်တွင်း၊ ပြည်ပကြွေးမြီ ၃၅၅၅၀ ဘီလီယံကျပ်၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာ ပြည်တွင်း၊ ပြည်ပကြွေးမြီ ၄၀, ၇၄၉ ဘီလီယံကျပ်၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ ပြည်တွင်း၊ ပြည်ပကြွေးမြီ ၄၇, ၆၃၆ ဘီလီယံကျပ်၊ ၂၀၂၀-၂၀၂၁ (၆လ) ဘဏ္ဍာနှစ်မှာ ပြည်တွင်း၊ ပြည်ပကြွေးမြီ ၅၂, ၄၈၈ ဘီလီယံကျပ် ရှိခဲ့သဖြင့် တနှစ်ထက် တနှစ် တိုးမြှင့်လာသည်ဟု စစ်ကောင်စီက ပြောဆိုထားသည်။

ထို့ကြောင့် ကြွေးမြီ ခံနိုင်ရည်ရှိမှုကို သုံးသပ် တွက်ချက် ဆောင်ရွက်သွားမည် ဖြစ်သလို ကျဆင်းနေသည့် နိုင်ငံ့စီးပွားရေး ကို ပြန်လည် ဦးမော့လာစေရန် ရေရှည် အစီအမံများကို ဆောင်ရွက်ရန် စီစဉ်နေသည်ဟု စစ်ခေါင်းဆောင်က ဆိုသည်။

ပြည်တွင်း စီးပွားရေးပညာရှင် တဦးက “ကြွေးမြီနဲ့ ပတ်သက်လို့ သိထားသမျှ အရဆိုရင် နဝတ၊ နအဖ၊ ယူခဲ့ တာက နိုင်ငံ တကာ ကြွေးမြေ အများဆုံး ယူခဲ့တာ။ ဒီဘက် နောက်ပိုင်း ဦးသိန်းစိန်အစိုးရ လက်ထက်၊ NLD အစိုးရ လက်ထက် ထပ်ပြီး ယူတဲ့ ကြွေးမြေတွေက ရှေ့က ဝန်ထုပ်ဝန်ပိုးနဲ့ ယှဉ်ရင် ဘယ်လောက်မှ မရှိပါဘူး။ စီမံဘဏ္ဍာဝန်ကြီးနဲ့ ကျနော် ပြောဖူးတာ ဆိုရင် NLD အစိုးရ တက်လာတဲ့ အချိန်မှာ ရှေ့က ကြွေးမြီအတွက် တလကို ဒေါ်လာ သန်း ၅၀၀ လောက် ဆပ်နေရတာ ရှိ တယ်။ ဒါကြောင့် ဒီစာရင်းကလည်း မမှန်နိုင်ဘူး” ဟု ပြောဆိုသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အခြေအနေအမှန်ကို သိမြင်ပြီး လုပ်သင့်လုပ်ထိုက်သည့် ကိစ္စရပ်များကို ပြည်သူ များ အားလုံးသာမက စစ်တပ်ထဲမှ သူများအားလုံး အနေနှင့်လည်း သိမြင်ပြီး အမှန်ကို လုပ်ဆောင်နိုင်မှသာ ယခု ဆိုးဝါး နေသည့် စီးပွားရေး၊ လူ့အခွင့်ရေး အခြေအနေများထက် ပို၍ မဆိုးဝါးစေရန် လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း စီးပွားရေး ပညာရှင်များ က သုံးသပ်ထားသည်။

ဆက်လက်၍ စစ်ကောင်စီက နိုင်ငံအတွင်း အမှန်တကယ် အလုပ် လုပ်ကိုင်နိုင်သော ဘိလပ်မြေစက်ရုံများ၊ သံမဏိ စက်ရုံ များ ရှိသော်လည်း ပြည်ပမှ တင်သွင်းနေရခြင်းကြောင့် ပြည်တွင်း အလုပ်အကိုင်များ ဆုံးရှုံးသဖြင့် ပြည်တွင်း စီးပွားရေးကို ဦးစားပေးသွားမည် ဖြစ်သည့်အပြင် စားသုံးဆီနှင့် စက်သုံးဆီ သုံးစွဲမှုများကိုလည်း လျော့ကျအောင် ဆောင်ရွက်သွားမည် ဖြစ်သောကြောင့် ပြည်တွင်းအားနှင့် ပြည်တွင်း စီးပွားရေးကို တိုးတက် မြှင့်တင်မည်ဟုလည်း ဆိုပြန်သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ကမာ္ဘ့ဘဏ်က ထုတ်ပြန်သော မြန်မာ့စီးပွားရေး အစီရင်ခံစာအရ မြန်မာ့စီးပွားရေးသည် လွန်ခဲ့သော ၁၂ လအတွင်း ၁၈ ရာခိုင်နှုန်း ကျုံ့သွားပြီးနောက် ယခုနှစ် စက်တင်ဘာလ ၃၀ ရက်အထိ ကာလအတွင်း ၁ ရာခိုင်နှုန်းသာ တိုးတက်လာနိုင်ပြီး အရှိန်မြင့်မားလာသည့် ပဋိပက္ခနှင့် ကိုဗစ်- ၁၉ ခြိမ်းခြောက်မှုများကြောင့် ပြန်လည် ခေါင်းထောင်ရန် အခြေအနေ ဆိုးရွားနေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

ထိုခန့်မှန်းချက်သည် ဆင်းရဲ နွမ်းပါးမှုနှင့် အလုပ်လက်မဲ့နှုန်း သိသိသာသာ မြင့်မားစေပြီး လျှပ်စစ်၊ သယ်ယူပို့ဆောင်ရေးနှင့် ဒစ်ဂျစ်တယ် ဆက်သွယ်ရေးစသည့်အဓိက ကဏ္ဍများတွင် ဆိုးရွားစွာ ချည့်နဲ့သွားမှုများ ဖြစ်စေသည့် ဖေဖေါ်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းမှုအပြီး တနှစ်နီးပါး အကြာတွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။

You may also like these stories:

မြန်မာစစ်တပ်နှင့် ပေါင်းပြီး စီးပွားရေးမလုပ်ရန် အမေရိကန် သတိပေး

ဦးပိုင်နှင့် လက်တွဲခဲ့သည့် နီလာရိုးမကျောက်မျက်ကုမ္ပဏီကို KBZ အုပ်စု ဖျက်သိမ်း

ရေနံလုပ်ငန်းများ ထွက်ခွာမှု MOGE ကို ပိတ်ဆို့မှု ဖြစ်လာမလား

Loading