သတင်း

အာဏာသိမ်းပြီးနောက် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှု ဆိုးရွားလာ

မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုများ ပိုမိုဆိုးရွား လာကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများနှင့် အလုပ်သမားသမဂ္ဂများက ပြောသည်။

အလုပ်ရှင်၊ အလုပ်သမားကြား ဖြစ်ပွားသည့် ပဋိပက္ခများနှင့် ပတ်သက်၍ ဖြေရှင်းဆောင်ရွက်ပေးမည့် ယန္တရားများ ပျက်သွားပြီးနောက် အလုပ်သမားများမှာ ဥပဒေမဲ့ လုပ်ရပ်များနှင့် ပိုမို ရင်ဆိုင်လာရသည်ဟု ဆိုသည်။

မြန်မာနိုင်ငံ ကုန်ထုတ်နှင့်စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ် (IWFM) ဥက္ကဋ္ဌ ဒေါ်ခိုင်ဇာအောင်က “ကိုဗစ်ဖြစ်တုန်း က ဒီလောက်မဆိုးဘူး။ ဥပဒေမဲ့ လုပ်လို့မရဘူး။ ပိတ်တယ်ဆိုရင် အလုပ်သမားတွေကို ထောက်ပံ့မှုတခု ပေးရမယ်။ အာဏာသာ မသိမ်းဘူးဆိုရင် အလုပ်သမားသမဂ္ဂတွေက ကူညီပေးနိုင်မယ့် အနေအထားတွေ ရှိတော့

လုံးလုံး လျားလျား မပေးဘဲ အကြာကြီး ပိတ်လိုက်မယ်လို့ လုပ်မရဘူး။ ဒါပေမယ့် အာဏာသိမ်းတဲ့အခါ အလုပ်သမားသမဂ္ဂ တွေကို ဖမ်းဆီးမှုတွေ လုပ်တယ်။ စက်ရုံထဲမှာ ရှိနေတဲ့ သူတွေကိုလည်း ဖိအားတွေပေးတယ်” ဟု ပြောသည်။

စစ်ကောင်စီသည် အလုပ်သမားအခွင့်အရေး ဆောင်ရွက်ပေးသည့် အလုပ်သမားခေါင်းဆောင်များ၊ အလုပ်သမား သမဂ္ဂ အဖွဲ့ဝင်များအား ဖမ်းဝရမ်းထုတ်ကာ လိုက်လံဖမ်းဆီးနေသဖြင့် ရှောင်ပုန်းနေရကြောင်း ၎င်းက ဆိုသည်။

အထည်ချုပ်လုပ်ငန်းရှင်များအသင်း ထုတ်ပြန်ချက်အရ ၂၀၂၁ခုနှစ်အတွင်း အထည်ချုပ်စက်ရုံ ၁၄၀ ယာယီ ပိတ် သိမ်းခဲ့ပြီး စက်ရုံ ၆၄ ရုံ အပြီးပိတ်သိမ်းခဲ့ကြောင်း၊ စက်ရုံ ၈၀ မှာ လုပ်သားအင်အား လျှော့ချခဲ့ကြောင်း သိရသည်။

၂၀၁၅ ဖေဖော်ဝါရီအတွင်းက လှိုင်သာယာစက်မှုဇုန်မှ အလုပ်သမားများ လုပ်ခလစာတိုးမြှင့်ရရှိရေး ဆန္ဒပြ (ဓာတ်ပုံ/ဧရာဝတီ)

“ဒီလို နိုင်ငံရေး အခြေအနေမှာ သမဂ္ဂတွေလည်း မရှိတော့ဘူး။ စက်ရုံတွေက ပိတ်တဲ့အခါမှာ ငါတို့ လုပ်ချင်တိုင်းလုပ် လို့ရတယ်။ ဘယ်သူမှ လာပြီးတော့ ငါတို့ကို ပြောလို့မရတော့ဘူးဆိုပြီး လစာမဲ့ အလုပ်ပိတ်ခြင်းဆိုတာကို အကန့် အသတ်မရှိ ပိတ်နေကြတယ်။ ပြင်းထန်တဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခြင်း ဖြစ်တယ်။

ဒါက အာဏာသိမ်း လိုက်တဲ့အတွက် အခုလိုမျိုး လုပ်လို့ရတာ။ အာဏာသိမ်းမှုကြောင့် ဆိုးရွားတဲ့ အလုပ်သမား အခွင့်အရေးတွေ ဆုံးရှုံးမှု ဖြစ်တယ်။ ဒါဟာ ပြဿနာတွေရဲ့ အရင်းအမြစ် ဖြစ်တယ်” ဟု ဒေါ်ခိုင်ဇာအောင်က ရှင်းပြသည်။

လက်ရှိ အထည်ချုပ် လုပ်ငန်းတွင် လုပ်ကိုင်နေဆဲသူများနှင့် စက်ရုံ ယာယီပိတ်သိမ်းသည့်အတွက် လုပ်ခလစာ မရဘဲ အလုပ်ရပ်နားထားကြရသည့် အလုပ်သမားများမှာ အလုပ်သမားရုံးများသို့ သွားရောက် တိုင်ကြားသော်လည်း အလုပ် ရှင် ပြောသည့်အတိုင်းသာ လိုက်နာရန် ပြန်လည် ပြောကြားခြင်းများရှိကြောင်း အလုပ်သမားများထံမှ သိရသည်။
အထည်ချုပ်အလုပ်သမားတဦးက “လစာမရဘူး၊ လုပ်ငန်းခွင်ထဲမှာ ဥပဒေနဲ့မညီလို့ အလုပ်သမားက သွားတိုင်တယ် ဆိုရင် အလုပ်သမားရုံးတွေက ဒီအချိန်က နိုင်ငံရေးအခြေအနေ မကောင်းဘူး။ အလုပ်ရှင် ပြောတဲ့အတိုင်း လုပ်ရမှာ ဆိုတာမျိုး ဖြစ်သွားတယ်” ဟု ပြောသည်။

မတရားမှုများအား တိုင်တန်းမှု မပြုလုပ်နိုင်သည့်အဆုံး အလုပ်ရှင်က ပေးသလောက်သာယူနေရကြောင်း၊ အလုပ် သမား အခွင့်အရေး ဆုံးရှုံးမှုများနှင့် ပတ်သက်၍ တိုင်ကြားမှုများ ရှိနေကြောင်း တိမ်းရှောင်နေရ သည့် အလုပ်သမား ခေါင်းဆောင်တဦးကလည်း ပြောသည်။

၎င်းက “စစ်အာဏာရှင်က အာဏာကို ပြန်အပ်မှပဲ အလုပ်သမားတွေရဲ့ဘဝ ကောင်းမွန်မယ်။ ယခင်ကလို ပုံစံမျိုး အခွင့်အရေးတွေ အပြည့်အဝရမယ်ဆိုတဲ့ အခြေအနေမျိုးပေါ့။ အခုကျတော့ အရင်က စစ်အာဏာရှင် အုပ်ချုပ်သလိုမျိုး ပဲ ကျွန်စနစ်နဲ့ ကျွန်သာသာပဲ ဖြစ်နေတာပေါ့။ ပေးသလောက်ပဲယူ။ အချိန်ပို ခိုင်းတယ်ဆိုရင်လည်း ပေးချင်မှလည်းပေး တယ်။ မပေးချင်လည်း မပေးဘူးပေါ့။ အဲဒီလိုမျိုး အလုပ်သမားတွေ ရင်ဆိုင်နေရတယ်” ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကာလနှင့် အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ အတွင်း အလုပ်သမား ၁ ဒသမ ၆ သန်းကျော် အလုပ်လက်မဲ့ ဖြစ်ခဲ့ရကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ချုပ် (ILO) က ထုတ်ပြန်ထား သည်။

လုပ်ငန်းရပ်ဆိုင်းမှုများကြောင့် ဆောက်လုပ်ရေးအလုပ်သမား ၃၅၀,၀၀၀ အလုပ်အကိုင် ဆုံးရှုံးခဲ့သလို အထည်ချုပ် လုပ်သား ၂၂၀,၀၀၀ နှင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းမှ အလုပ်သမား ၈၀,၀၀၀ ကျော်မှာလည်း အလုပ်လက်မဲ့ ဖြစ်ခဲ့ ကြောင်း ILO က ဆိုသည်။

ထို့ပြင် အစိုးရဌာနများ၊ ဘဏ်လုပ်ငန်း၊ ပညာရေး၊ ကျန်းမာရေးနှင့် အခြားလုပ်ငန်းနယ်ပယ်တို့မှ အလုပ်သမား ထောင်ပေါင်းများစွာအပေါ် သက်ရောက်ပြီး အရေးကြီးသည့် ဝန်ဆောင်မှု လုပ်ငန်းနယ်ပယ်တွင်လည်း အလုပ်ရပ်ဆိုင်း မှု၊ ဆိုင်းငံ့မှုနှင့် ထုတ်ပယ်မှုများ ရှိနေသည်။

၂၀၂၀ နှင့် နှိုင်းယှဉ်ပါက ၂၀၂၁ တွင် အလုပ်အကိုင် ဆုံးရှုံးမှု ရာခိုင်နှုန်းအားဖြင့် ဆောက်လုပ်ရေးကဏ္ဍတွင် ၃၁ ရာခိုင်နှုန်း၊ အထည်ချုပ်လုပ်ငန်းတွင် ၂၇ ရာခိုင်နှုန်းနှင့် ခရီးသွားလုပ်ငန်းတွင် ၃၀ ရာခိုင်နှုန်း ရှိနေကြောင်း သိရသည်။

You may also like these stories:

မိုးလုံးပြည့် မုသာဝါဒ သို့မဟုတ် စစ်ကောင်စီ၏ မသေသပ်သော ဝါဒဖြန့်ချိရေး ဓာတ်ပြားဟောင်း

အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင် စိတ်လွတ်ကိုယ်လွတ် ဖြစ်နေပြီ

မြန်မာစစ်တပ်၏ လုပ်ဇာတ်များအား လျှော့ချခြင်း

Loading